Saturday, 26 December 2015

ဖားကန့်တွင် မြေထပ်ပြို လူငါးဦး သေဆုံး ၅၀ ကျော် ပျောက်ဆုံးနေ

12/26/2015

ကချင်ပြည်နယ် ဖါးကန့်မြို့နယ် ဥရုချောင်းအနီးရှိ ဆွတ်အောင်ရွာနှင့် ရှမ်းစုရွာကြားတွင် ရေမဆေးကျောက် ရှာဖွေနေသူများ မြေစာပုံ ပြိုကျရာမှ လူ ၅၀ နီးပါး ပျောက်ဆုံးနေသည်ဟု AFP သတင်းတစ်ရပ်တွင် ဖေါ်ပြသည်။

“ကျနော်တို့ ဒီမနက်ပဲ ရှာဖွေ၊ ကယ်ဆယ်ရေး လုပ်နေပါတယ် လူငါးဦးသေဆုံးပြီး ငါးဆယ်လောက်ကတော့ ပျောက်နေပါတယ်” ဟု ဖါးကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေမြင့်က ပြောသည်။

ဖားကန့်မြို့နယ်အတွင်း နိုဝင်ဘာ ၂၁ ရက်ကလည်း မြေစာပုံပြိုကျရမှာ လူ ၁၁၅ ကျော် သေဆုံးခဲ့ရသည်။

နိုဝင်ဘာ ၂၁ ရက်က မြေစာပုံ ပြိုကျမှုကို ကယ်ဆယ်နေစဉ်။ (ဓာတ်ပုံ - အီးပီအေ)
mizzima

Thursday, 24 December 2015

သရုပ်ဆောင် စိုးမြတ်နန္ဒာ၏ကြေညာချက်ကို သရုပ်ဆောင် စိုးသူရဲ့ယခင်ဇနီးဖြစ်သူက ပြန်လည်တုံ့ပြန်

လတ်တလောဖေ့ဘုတ်စာမျက်နှာထက်တွင် ရေပန်းစားနေတဲ့ အကြောင်းအရာတွေထဲက တခုအပါအ    ၀င်ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာနဲ့ သရုပ်ဆောင် စိုးသူတို့ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောဆို ဝေဖန်နေကြတဲ့အပေါ် သရုပ်ဆောင် စိုးမြတ်နန္ဒာက ၎င်းရဲ့ ရှေ့နေကတဆင့် သတင်းစာထဲမှာ         ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ကြေညာချက်ကို အောက်တွင်ဖတ်ရှုနိုင်ပါတယ်။

ဒီလို ကြေညာချက်ထုတ်ပြန်လိုက်တဲ့အပေါ် သရုပ်ဆောင် စိုးသူရဲ့ ယခင်က တရားဝင် ဇနီးဖြစ်သူ             ခင်မြမြ၀တ်မှုံဆွေ ကလည်း သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ဒီ ကြေငြာချက်အပေါ် ပြန်လည် ရေး  သားပြောဆိုထားတာတွေ့ရပါတယ်။

"မှုံကို ချစ်သော မိတ်ဆွေများအတွက်

ကျမ နာမည် ခင်မြမြ၀တ်မှုံဆွေဟုခေါ်ပါသည်။ ကိုစိုးသူနှင့် ၂၀၀၁ တွင် လက်ထက်၍ အမေရိကားတွင် နေထိုင်ပါသည်။ ၂၀၁၃ တွင် ကိုစိုးသူနှင့် စိုးမြတ်နန္ဒာ ဖောက်ပြန်ကြသည်မှာ အမှန်တကယ်ဖြစ်ပါသည်။  သက်သေခံ အထောက်အထားများလဲရှိပါသည်။ ထို့ကြောင့် ကျမနှင့် ပတ်သက်သော သတင်းမှာ ကောလဟလ မဟုတ်ကြောင်းဟု ကျမက ထိုသတင်းကို အတည်ပြုကြောင်း ပြောကြားလိုပါသည်။ " 

ခင်မြမြ၀တ်မှုံဆွေ
(Kha Nge)

ဧရာဝတီ

Wednesday, 23 December 2015

၁၂ နှစ်အရွယ် အိမ်အကူ မိန်းကလေးအား အိမ်ရှင်၏ သားနှစ်ဦးက သားမယား ပြုကျင့်မှု ဒဂုံမြို့နယ်တွင် ဖြစ်ပွား

 

ဒဂုံမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို အိမ်ရှင်၏ သားနှစ်ဦးက သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လှိုင်မြို့နယ်နေ ရတနာမေတ္တာ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ ဘဏ္ဍာရေးမှူးဖြစ်သူ ဒေါ်......သည် ဗဟန်းတောရကျောင်းရှိ သီလရှင်တစ်ပါးမှ ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်ရာ သီလရှင်က ပဲခူးမြို့၊ ဘုရားကြီးကျွန်းတောရွာမှ ခေါ်ယူစောင့်ရှောက်ထားပြီး ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အလုပ်လုပ်နေသော မ.....(၁၂) မှာ နှိပ်စက်ခံထားရကြောင်းနှင့် သားမယား ပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိရသည်ဟု ပြောပြခဲ့ကြောင်း သိရသည်။

ထို့အပြင် သီလရှင်မှ မ.....(၁၂) နှစ်အား ဗဟန်းမြို့နယ်ရှိ ဆေးခန်းတစ်ခုသို့ သွားပြရာ ဆရာဝန်က မ.....မှာ သားမယား ပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရကြောင်း ထပ်မံ ပြောပြသဖြင့် ဒေါ်......က မ.....(၁၂) နှစ်အား စောင့်ရှောက်ရေးအဖွဲ့ ရုံးခန်းသို့ ခေါ်ယူမေးမြန်းရာ နိုဝင်ဘာလ အတွင်းတွင် ၎င်း အိမ်အကူလုပ်နေသည့် အိမ်ပိုင်ရှင်၏ သားများဖြစ်သည့် ကို.....(၂၀) နှစ်နှင့် ၎င်း၏ ညီဖြစ်သူ မောင်.....(၁၅)နှစ်က ၎င်းအား ညစ်ညမ်းဇာတ်ကားများပြပြီး သားမယား ပြုကျင့်ခဲ့သည်ဟု ပြောပြခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

“တိုင်တန်းခံရတဲ့သူ နှစ်ဦးကိုတော့ ဒီနေ့ မနက်မှာ ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ဒီဇင်ဘာ ၂၃ ရက်က ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်ကို ဒေါ်.....က သက်ဆိုင်ရာ ဒဂုံမြို့မ ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ)၂၆၀/၁၅ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
 

Writer: 

မင်းသိန်းနိုင်

Eleven Media Group

ဗိုလ်ချုပ်အောင်ဆန်းနှင့်စပ်လျဉ်းပြီး စိတ်အထိခိုက်ရဆုံး အကြောင်းအရာလေးနှစ်ခု


--------

ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ စာအုပ်တွေကိုအတော်များများ ဖတ်ခဲ့ဘူး
ပါတယ်။အဲဒီစာအုပ်ပါ အကြောင်းအရာတွေထဲမှာမှစိတ်အထိခိုက်ရဆုံး
အကြောင်းအရာလေးနှစ်ခုကိုစွဲစွဲထင်ထင် မှတ်မိနေတယ်။

ပထမတစ်ခုက သခင်အောင်ဆန်းအဖြစ်နဲ့တက္ကသိုလ်ကထွက်၊ တို့ဗမာအစည်း
အရုံးထဲခြေစုံပစ်ဝင်ပြီးတော့ နိုင်ငံရေးလုပ်နေချိန်။လက်ထဲမှာ သုံးစရာပိုက်ဆံက
တစ်ပြားမှမရှိ။ဗိုက်ကလည်း အရမ်းဆာနေချိန်၊မထူးဇာတ်ခင်းတဲ့အနေနဲ့ ရုံးနားက
ထမင်းဆိုင်ကိုသွားပြီး ထမင်းမှာစားတယ်။ စားလို့ ဝပြီဆိုမှ ဆိုင်ရှင်ဆီသွားပြီး
တော့ ပြောတယ်။

" အဒေါ်ကြီး၊ ခင်ဗျားဆိုင်က ထမင်းတော့ကျနော် စားပြီးပြီ။ ပေးစရာပိုက်ဆံတော့
တစ်ပြားမှ မရှိဘူး။ အဲဒီအတွက် ကျနော့်ပါးကိုအဒေါ်ကြီး ကြိုက်သလောက်သာ
ရိုက်ပေတော့ "ဆိုပြီး ပါးထိုးပေးသတဲ့။ထမင်းဆိုင်ပိုင်ရှင် အဒေါ်ကြီးက မရိုက်တဲ့
အပြင်သနားသွားပြီးတော့ နောက်နောင်မှာလည်းပိုက်ဆံမရှိရင် ဒီဆိုင်မှာဘဲ
အလကား လာစားဖို့ဖိတ်ခေါ်ရှာပါတယ်။

ဒုတိယတစ်ခုကတော့ စိတ်ထိခိုက်ရခြင်းဆိုတာထက် အံ့သြဘနန်း ဖြစ်ရတာပါ။
ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ် ပြန်ဝင်လာချိန်၊၁၉၄၆- ၄၇ ကာလ။ဗိုလ်ချုပ်
အောင်ဆန်းဟာ ပြည်သူတစ်ရပ်လုံးရဲ့ထောက်ခံမှုကို အကြီးအကျယ်ရထားတဲ့
လူထုခေါင်းဆောင် ဖြစ်နေပါပြီ။ဂဠုန်ဦးစော အပါအဝင် စစ်ကြိုခေတ်က နိုင်ငံရေး
သမားဟောင်းကြီးတွေရဲ့အရှိန်အဝါက နိဂုံးချုပ်သွားခဲ့ပြီ။

သို့သော်လည်း လုံးဝလွတ်လပ်ရေးအတွက်ညီညွတ်ရေးကို မဖြစ်မနေတည်
ဆောက်နေတဲ့ဗိုလ်ချုပ်ကတော့ နိုင်ငံရေးသမား လက်ဟောင်း၊လက်သစ်တွေ
အားလုံး ပါဝင်စေချင်တဲ့အတွက်ဂဠုန်ဦးစောအိမ်ကို သူကိုယ်တိုင် သွားပါတယ်။
ဦးစောအိမ်ကို ဗိုလ်ချုပ်ရောက်သွားချိန်မှာဦးစောက ဧည့်ခန်းမှာ အင်္ဂလိပ်အရာရှိကြီး
တွေနဲ့ပါတီပွဲ ဆင်နွှဲနေချိန် ဖြစ်ပါတယ်။

ဗိုလ်ချုပ်က အိမ်အပြင်ဘက်က ခုံလေးမှာ ထိုင်ပြီးဦးစောပါတီပွဲအပြီးကို ထိုင်စောင့်
ရှာတယ်။အပြင်ဘက်မှာ ဗိုလ်ချုပ်ထိုင်စောင့်နေတာကိုဦးစောသိရှိပေမယ့် အိမ်ထဲ
ကို လုံးဝဖိတ်ခေါ်ခြင်း မရှိခဲ့ဘူး။ပါတီပွဲပြီးလို့ အင်္ဂလိပ်အရာရှိ အတော်များများ
ပြန်သွားကြပေမယ့် ကျန်နေတဲ့ အင်္ဂလိပ်အရာရှိအချို့နဲ့ လက်ဘက်ရည်ဆက်
သောက်ရင်းတဝါးဝါး၊ တဟားဟားနဲ့ စကားပြောကာအချိန်ဆွဲ ဧည့်ခံနေခဲ့ပါတယ်။
ဗိုလ်ချုပ်ကတော့ အပြင်ဘက်မှာစိတ်ရှည်လက်ရှည် ထိုင်စောင့်နေရှာတယ်။
အတော်ကြီးကြာလို့ အင်္ဂလိပ်တွေအားလုံးပြန်ကုန်ပြီဆိုမှ ဦးစောကို တွေ့ခွင့်
ရပါတယ်။ဂဠုန်ဦးစောရဲ့လုပ်ပေါက်က ဗိုလ်ချုပ်ကိုနိုင်ငံရေးမှာ မင်းငယ်ပါသေးတယ်
ဆိုတဲ့သဘောနဲ့ ချိုးလိုက်တာပါ။ညီညွတ်ရေးကို လိုချင်လွန်းလှတဲ့ ဗိုလ်ချုပ်ကတော့
ဦးစောရဲ့လုပ်ရပ်အပေါ် အငြိုးထားခဲ့ခြင်းအလျဉ်း မရှိခဲ့ဘူး။နောက်ပိုင်း တာဝါလိန်း
က ဗိုလ်ချုပ်အိမ်ကိုဦးစောလာတော့ ဗိုလ်ချုပ်ကိုယ်တိုင်ဦးစောရဲ့ ကားတံခါးကို
ဖွင့်ပေးပြီး ကြိုဆိုခဲ့တယ်။

ဒီအကြောင်းအရာလေးကို ဖတ်မိရင်းအသက် ( ၃၀ ) ပတ်ဝန်းကျင်အရွယ်လူငယ်
တစ်ယောက်ရဲ့ စိတ်နေသဘောထားကြီးကျယ်မြင့်မြတ်မှု၊လူထုခေါင်းဆောင်
တစ်ယောက်ရဲ့ နိုင်ငံရေးအမြှော်အမြင်ကြီးမားမှုတွေကို တွေ့လိုက်ရတယ်။
အခုချိန်ထိ ပြန်စဉ်းစားကြည့်လိုက်တိုင်းကြက်သီးမွေးညင်းတွေ တဖြန်းဖြန်း
ထသွားအောင် ခံစားနေရတုန်းပါပဲ။

Credit - Original Uploader

" အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာက ဘာလဲ "


တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ….

ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “

အဲဒီမေးခွန်းကတော့
ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..

ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူ ပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….

နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆို လိုက်ပါတယ်…

အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင် လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အား အကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….

ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ် သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…

ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင် ဒီကိစ္စဟာ သူ့အတွက် အရေးမကြီး ကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…

ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးက ပေးလိုက် ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“

ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????

ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ် ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွား လှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…

ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရ လို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….

“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင် နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်

ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရ တော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန် မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???

အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ

သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????

အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “

အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..

“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “

ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

Myawady New မှ
                                    S.M.O

ဖားကန့်ဒေသ ကျေးရွာများရှိ သုသာန်မြေများ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အတွင်း ပါသွားခြင်းကြောင့် ဒေသခံများ အခက်အခဲ ဖြစ်ပေါ်

 

ကရင်ချောင်ကျေးရွာ အနီးရှိ ကုမ္ပဏီလုပ်ကွက် တစ်ခုကို ဒီဇင်ဘာလ ဒုတိယပတ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)

ဖားကန့်ဒေသ ကျေးရွာအများမှ သုသာန်မြေများ လုပ်ကွက်အတွင်း ပါဝင်သွားခြင်းကြောင့် ဒေသခံများ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။ ယင်းအခက်အခဲ ဖြစ်ပေါ်မှုမှာ လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလကတည်းက ပေါ်ပေါက်လာခဲ့သော အခက်အခဲဖြစ်ပြီး သုသာန်မြေများ စုပေါင်းအသုံးပြုရခြင်း၊ ရိုးရာဓလေ့ ထုံးတမ်းများ ပယ်ဖျောက်၍ အသုဘ ရပ်ရွာများ ကျော်ယူပို့ဆောင်ရခြင်း၊ မီးရှို့ရခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။

ဖားကန့်ဒေသတွင် လူမှုရေး လုပ်ငန်းများကို ကူညီနေသည့် ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးတင်လှိုင်က “ကျွန်တော်တို့ ဖားကန့်လုံးခင်း အုပ်စုမှာက သုသာန်မြေပျောက်တဲ့ရွာက များနေပြီတယ်။ ပျောက်တာက ကျောက်လုပ်ကွက်တွေ လုပ်လိုက်တော့ ပျောက်တာ ကြာပြီ။ နေရာပေါင်းပြီး လုပ်နေကြတာ။ ကုဋေကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ရှရော်ခကျေးရွာ၊ မျောက်ဖြူကျေးရွာ၊ တောင်ပြိုကျေးရွာ၊ ဗလခကျေးရွာ၊ အမိုက်ပုံကျေးရွာ ပတ်ပတ်လည်ကို မရှိတော့တာ။  မှော်ရွာတွေက မရှိသလောက် ဖြစ်သွားပြီ။ မဇွပ်ယန်သင်္ချိုင်းလည်း ပြဿနာတက်နေတယ်။ လူမှုကူညီရေး အသင်းတွေကလည်း ဒါကို မကြာခဏ အစိုးရဘက်ကို တင်ကြတယ်။ ကျွန်တော်တို့ နားမှာဆိုရင် လုံးခင်းနာရေးကပဲ ဒိုင်းခံလိုလို ဖြစ်နေတာ။ စိတ်မကောင်းစရာ ဖြစ်ရတာက ကျေးရွာတွေ အများစုက သုသာန်မြေကို မရှိကြတော့တာ။ ပျောက်သွားတယ်ဆိုတာက တချို့က တူးပစ်တာ။ တချို့ကျတော့ မြေစာဖို့တာပေါ့။ ရှရော်ခ သင်္ချိုင်းဆိုရင် မြေစာအောက်မှာ” ဟု ပြောကြားသည်။

ဖားကန့်ဒေသတွင် သုသာန်မြေ မရှိသော ကျေးရွာများမှာ မန၊ ရှရော်ခ၊ ဆိုင်းဂျာဘုံ၊ မျောက်ဖြူ၊ မှော်မောင်းလျှံ၊ တောင်ပြို၊ ဗလခ၊ မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊ ယူမာ၊ မှော်ရှံ၊ မရှိကထောင်၊ အမိုက်ပုံ၊ ရှမ်းကုန်း စသည့် ကျေးရွာများအပြင် အခြားသော ကျေးရွာများတွင်လည်း သုသာန်မြေနေရာမှာ ပျောက်ဆုံးသွားကြောင်း ဒေသခံများက ဆိုသည်။

၂၀၁၄ ခုနှစ် အစိုးရမှ ကောက်ယူထားသော စာရင်းများအရ ဖားကန့်ဒေသတွင် အိမ်ထောင်စု ၃၃၁၂၈ သုံးသောင်းသုံးထောင်ကျော်၊ လူဦးရေ ၃၁၂၅၂၈ ဦး သုံးသိန်းတစ်သောင်းကျော် ကျေးရွာအုပ်စုပေါင်း ၂၁ စု ကျေးရွာပေါင်း ၁၁၆ ရွာအနက် ၅၄ ရွာသာ ပြည်ထဲရေး အမည်ပေါက်ဖြစ်ပြီး ကျေးရွာ ၆၆ ရွာမှာ ထပ်တိုးရွာများဖြစ်ကြောင်း အစိုးရ ရုံးမှတ်တမ်းများအရ သိရသည်။ မြေစာပုံအနီးက ထပ်တွေ့ရွာများ ထည့်သွင်းခဲ့ခြင်း မရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင် အရာရှိ ဦးကျော်လင်းက “ကျွန်တော်တို့ စည်ပင်မြို့ပေါ်ရပ်ကွက် ဖားကန့်မြို့ပေါ် ငါးရပ်ကွက်နှင့် လုံးခင်းကျေးရွာ၊ ဆိပ်မူရွာ၊ နမ္မဖြစ်ကျေးရွာရယ်။ ကျန်တာတွေက ကျွန်တော်တို့မှာ စည်ပင်နယ်မြေပဲသိတယ်။ ကျေးရွာသုသာန်မြေနှင့် ပတ်သက်ပြီး ကျွန်တော်တို့ မသိဘူး။ အစိုးရ အုပ်ချုပ်ရေးပိုင်းပဲ သိမှာပါ။ သုသာန်မြေရဲ့ အပြင်ဘက်တွေမှာတော့ လုပ်ကွက်တွေ ရှိပါတယ်။ ကျွန်တော်တို့ လက်အောက်မှာ ဘာသာပေါင်းစုံ သုသာန်မြေလေးနေရာရှိပြီး တခြားပြဿနာ  မရှိပါဘူး” ဟု ပြောကြားသည်။

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က “ဘယ်ကျေးရွာတွေမှာ သင်္ချိုင်းရှိတယ် ဆိုတာကတော့ ကျွန်တော်တို့ မသိပါဘူး။ ပြည်ထဲရေး အမည်ပေါက် ၅၄ ရွာမှာတော့ ရှိနိုင်တယ်။ နောက်တိုးတဲ့ ရွာမှာက မရှိနိုင်ဘူး။ အစိုးရက ရွာလို့လည်း မသတ်မှတ်ထားဘူး ဖြစ်နေတယ်” ဟု ဆိုသည်။

ဖားကန့်မြို့တွင် နှစ်ဆယ်ချီ နေထိုင်ခဲ့သည့် “ပါရမီ လူမှုကူညီရေး အသင်းမှ ဦးရင်ထွေးက မှော်ရွာတွေပေါ်တာက နှစ်ခြောက်ဆယ်ကျော်တဲ့ ဟာတွေရှိတယ်။ အရင်ကတော့ တစ်ရွာမှာ သုသာန်မြေတစ်ကွက် ရှိခဲ့ကြတယ်။ ၁၉၉၅ နောက်ပိုင်းမှာ ပြောင်းသွားတာ။ သုသာန်မြေတွေကိုလည်း ကုမ္ပဏီက ၀ယ်လိုဝယ်။ ပေါင်းတဲ့ဟာ ဖြစ်သွားတာ။ အခု နောက်ပိုင်းက ကျတော့ ပျောက်သွားတာပေါ့။ ရွာတောင်ဝယ်ပြီး မြေစာပုံပေါ် ရွှေ့လိုက်တာ တောင်ရှိတယ်။ အခုတော့ အသုဘက မြို့ဖြတ်ရွာဖြတ် သွားမြှုပ်နေရတာ” ဟု ဆိုသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့်ရတနာမြေတွင် တူးဖော်ရေးကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နှင့်၊ ကုမ္ပဏီ ၂၃၁ ခုကို အကျိုးတူလုပ်ကွက် ၃၁၁ ကွက်၊ စုစုပေါင်း ဧရိယာ ၂၂၅၅၈ ဒသမ ၃၀ ဧကကို လုပ်ကိုင်ခွင့် ပြုထားကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ဖြေဆိုထားသည်။ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ္တုတွင်း ၀န်ကြီးဌာနမှ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၈၈/၂၀၀၀၁) ဖြင့် ထုတ်ပြန်သတ်မှတ်ပေးခဲ့ပြီး ဧရိယာ အကျယ်အ၀န်း ၁၇၅၂၀၆၄ ဧက ရှိကြောင်း သိရသည်။

ဖားကန့်ဒေသတွင် အလွန်အကျွံ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖာကန့်ဒေသ အတွင်းရှိ သဘာဝတောင် အလုံး ၅၀ ခန့်နှင့် ချောင်းများ၊ ချောက်များ ပျောက်ကွယ်သွားပြီး သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ အပူချိန် မြင့်မားလာခြင်များ ကြုံတွေ့နေရကြောင်း သိရသည်။

ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်မြို့ပေါ်ရှိ မှော်မောင်းလျှံကျေးရွာ၊ ကာလီချောင်ရွာ၊ ဆွတ်ငိုင်ယန်ရွာ၊ ဖားကန့်ကြီးကျေးရွာ စသည်တို့အပြင် တခြားသော ကျေးရွာဒေသများတွင် ကျေးရွာများ ပြောင်းရွေ့ရခြင်း၊ ပျောက်ကွယ်သွားခြင်းများ နေရာအနှံ့ ဖြစ်ပေါ်ခဲ့သည်။

Writer: 

ထွန်းလင်းအောင် (မြစ်ကြီးနား)

Eleven Media Group

နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်မှ ကန့်ကွက်ပယ်ချသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ပြောကြား

 

မြန်မာနိုင်ငံတွင် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူများကို ၎င်းတို့ ရာထူးသက်တမ်းအတွင်း ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း မရှိနိုင်စေရန် ဥပဒေကြမ်းတစ်ခု တင်လာသည့်အပေါ် ပြည်ထောင်စုလွှတ်တော် အနေဖြင့် အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက်ပယ်ချသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (Human Rights Watch) က ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၂၁ ရက်ထုတ် အစိုးရ သတင်းစာများတွင် “နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေ (မူကြမ်း)” ပါဝင်ခဲ့ပြီး အဆိုပါ ဥပဒေကြမ်းတွင် သမ္မတ၏ ရာထူးသက်တမ်းအတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များအပေါ် တရားစွဲဆိုခြင်း မရှိစေရန် တားမြစ်ချက်တစ်ခု ပါဝင်သည်။

အဆိုပါ ဥပဒေကြမ်း၏ ပုဒ်မ ၁၀ တွင် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟု ဖော်ပြထားသည်။

“နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းဟာ သမ္မတအနေနဲ့ အငြိမ်းစားယူတဲ့ အချိန်မှာ တရားစွဲဆို မခံရဖို့ အတင်းကြိုးပမ်းတဲ့ အရှက်မရှိတဲ့ လုပ်ရပ်တစ်ခုပါ။ သမ္မတ ဦးသိန်းစိန်နဲ့ နောင်တက်လာမယ့် သမ္မတတွေ အနေနဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ယူမှု ရှိအောင်လို့ ဒီဥပဒေကြမ်းကနေ ဒီပုဒ်မကို ဖယ်ရှားဖို့ လိုပါတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့၏ အာရှဒါရိုက်တာ Phil Robertson က ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းတွင် ပုဒ်မ ၁၄ ခု ပါဝင်ပြီး ရာထူးမှ အနားယူသွားသည့် သမ္မတဟောင်းများအတွက် ကိုယ်ရံတော်နှင့် လုံခြုံရေး အထောက်အပံ့ကဲ့သို့သော အစိုးရမှ ထောက်ပံ့ပေးရမည့် လိုအပ်ချက်များကို ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းကို လက်ရှိလွှတ်တော် သက်တမ်း နောက်ဆုံးအကြိမ် အစည်းအဝေးတွင် တင်သွင်းလာခြင်းဖြစ်ပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲ အနိုင်ရပြီးမှ တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိ လွှတ်တော်အစည်းအဝေးသည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကုန်တွင် ပြီးဆုံးမည်ဖြစ်ပြီး လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် သမ္မတ ဦးသိန်းစိန်တို့က NLD ပါတီသို့ ချောမွေ့စွာ အာဏာလွှဲပြောင်းရန် ကတိပေးထားသည်။

သို့သော် ယခုကဲ့သို့ တင်သွင်းလာသည့် ဥပဒေကြမ်းတွင် ပါရှိသော ပုဒ်မအရ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၎င်းတို့၏ ခေါင်းဆောင်များကို ယခင် ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တရားစွဲဆိုမှု မခံရစေရန် ကာကွယ်မှု လိုချင်နေကြောင်း ဖော်ပြနေသည့်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က သုံးသပ်ထားသည်။

“ဥပဒေအရ အကာအကွယ် အများကြီး ရထားတဲ့ ယခင် တပ်မတော်အစိုးရ အရာရှိတွေကို ထပ်ပြီး အကာအကွယ်ပေးနေမယ့်အစား လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးဟာ ဥပဒေအကျိုး တညီတမျှတည်း ခံစားခွင့်ရှိအောင် လုပ်ပေးရမှာပါ။ နိုင်ငံတွင်းမှာ တရားစွဲလို့ မရအောင် လုပ်လာတဲ့အတွက် မြန်မာအစိုးရ အနေနဲ့ ကြီးလေးတဲ့ ရာဇ၀တ်မှုတွေကို နိုင်ငံတကာ ခုံရုံးနဲ့ နိုင်ငံခြား တရားရုံးတွေမှာ တရားစွဲဆိုမှု ရမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်အောင် လုပ်နေပါတယ်။ နိုင်ငံတကာ ခုံရုံးတွေနဲ့ နိုင်ငံခြား တရားရုံးတွေမှာတော့ တရားစွဲလို့ မရအောင် ဥပဒေအရ ကာကွယ်ထားမှုတွေဟာ အကျုံးမ၀င်ပါဘူး” ဟု Phil Robertson က ဆက်လက်ပြောကြားသည်။

နိုင်ငံတကာ တရားရေး ကျင့်ထုံးများအရ စစ်ရာဇ၀တ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆိုပါနိုင်ငံ နယ်နိမိတ်အတွင်း မဖြစ်ပွားခဲ့သည့်တိုင် အခြားနိုင်ငံ တစ်ခုမှ တရားရုံးတွင် တိုင်ကြားတရားစွဲဆိုပိုင်ခွင့် ရှိသည်။

Writer: 

ဇေယျာနန

Eleven Media Group