Sunday, 8 October 2017

  

မကွေးတိုင်းဒေသကြီး ပုသိမ်-မုံရွာလမ်းမကြီး ပဒါန်းဂိတ်တွင် မြို့ဝင်ကြေးနှင့်လမ်းကြေးကောက်ခံရာမှ ယာဉ်မောင်းသူနှင့် လမ်းကြေးကောက်ခံသူတို့ စကားများရန်ဖြစ်ကြကြောင်းသိရသည်။ ကြို့ပင်မှ ပခုက္ကူမြို့သို့ ဖျံဥများတင်ဆောင်လာသော ယာဉ်မောင်းအောင်ကိုလတ် မောင်းနှင်ပြီး ပြည်ကျော် (ခ) နေလင်းဦး လိုက်ပါ သော 5f/2749 ယာဉ်သည် (၂၄.၉.၂၀၁၇)ရက်နေ့တွင် ပုသိမ် -မုံရွာလမ်းအတိုင်း မောင်းနှင်လာပြီး ဗဒါန်းမြို့ဝင်ကြေးနှင့်လမ်းကြေး ကောက် ခံသည့်နေရာအရောက်တွင် ကုန်ချိန်(၂၇၀၀)အတွက် ငွေ(၂၅၀၀)ပေးဆောင်ခဲ့သည်ဆို၏။ ထို့နောက် (၂၅.၉.၂၀၁၇)ရက်နေ့တွင် ပခုက္ကူမြို့မှကြို့ပင်အပြန် ယာဉ်ပေါ်တွင်ကုန်ပါမလာသဖြင့်ငွေ (၁၀၀၀) ကျပ်ယူရန် ပြောရာ မှစကားများရန်ဖြစ်ခဲ့ကြောင်းသိရသည်။ “ကျနော်တို့ ကုန်နဲ့သွားတုန်းက သူတို့တောင်းတဲ့ (၂၅၀၀)ကိုပေးခဲ့တယ်။ အပြန်မှာဘာကုန်မှမပါဘဲ ခါလီ ပြန်လာတာကို(၂၅၀၀)တောင်းတယ်။ ကျနော်တို့က (၁၀၀၀) ဘဲယူပါလို့ပြောရင်း စကားများနေတဲ့အချိန် ဂိတ်က လူတွေက တုတ်တွေနဲ့ဝိုင်းရိုက်တယ်။ ကားမှန်ကို လဲရိုက်ခွဲတယ်။ အုံနာရော ကျနော်ရော အရိုက်ခံရတယ် တော်တော်မိုက်မိုက်ရိုင်းရိုင်းတွေပါ။ ကျနော်တို့လဲ ကား မောင်းထွက်ပြေးလာရတယ်”ဟု ယာဉ်မောင်း ကိုအောင်ကိုလတ် ကပြောသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး (၂၆.၉.၂၀၁၇)ရက်နေ့ ငဖဲရဲစခန်းတွင် အမှုဖွင့်ထားရှိပြီး အမှုအား ရဲအုပ်အောင်မြတ်သူမှ လက်ခံစစ်ဆေးလျှက်ရှိကာအမှုနှင့်ပတ်သက် ၍ နွားကြီး(ခ)အောင်ကျော်ဇေယျာထွန်း ၊ လှမင်းထွန်း ၊ မျိုးမင်းသူ ၊ သန်းဇော်ဌေးတို့အား ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း။ “အမှုနှင့်ပတ်သက်ပြီးတော့ အမျိုးသား(၄)ဦးကိုဖမ်းဆီး စစ်ဆေးထားပါတယ်။(ပ)နံပါတ် ပုဒ်မကိုတော့အပြင်ရောက်နေလို့ မပေးနိုင်သေးဘူး”ဟုအမှုစစ်ရဲအရာရှိ ရဲအုပ်အောင်မြတ်သူ ကပြောကြားခဲ့ပြီး အခင်းဖြစ်စဉ်က အောင်ကိုလတ်တွင် လက်မောင်းဖူးရောင်ဒဏ်ရာ ဘယ်လက်ပြင်ညိုမဲဒဏ်ရာ ဘယ်ရင်ဘက်ညိုမဲအောင့်ဒဏ်ရာ ညာမျက်ခုံးပြတ်ရှဒဏ်ရာ ပြည်ကျော်(ခ)နေလင်းဦးတွင်ဘယ်နားရွက်ပြတ်ရှဒဏ်ရာ ဘယ်မျက်လုံးဖူးရောင်ညိုမဲဒဏ်ရာ ဝဲပါးရိုးအက်ဒဏ်ရာ ဝဲနားမှသွေးယိုဒဏ်ရာ ဝဲဘက်လက်မောင်းပခုံးညိုမဲဒဏ်ရာ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကာ ပြည်ကျော်(ခ)နေလင်းဦးမှာ ရရှိထားသောဒဏ်ရာများ ပြင်းထန်သဖြင့် ကြို့ပင်ဆေးရုံမှတဆင့် ရန်ကုန်မြို့ ဦးနှောက်နှင့်အာရုံကြောဆေး ရုံတွင်အတွင်းလူနာအဖြစ် ကုသခံပြီး နားနှခေါင်း လည် ချောင်းဆေးရုံ၌ထပ်မံပြောင်းရွှေ့ ကုသမှုခံယူခဲ့ရကြောင်းသတင်းရရှိသည်။ မှတ်ချက်။ ။ မိမိတိုင်း မိမိပြည်နယ်က သတင်းမဟုတ်သော်လည်း ဘုရားဖူးသွားလာနေကျသော မိဘပြည်သူများသိရှိစေရန် ဖော်ပြခြင်းဖြစ်သည်။ ပြည့်သဲမောင်(ပြည်)09423671883 ပြည်သတင်း

No comments:

Post a Comment