Monday, 1 January 2018
New Year
ဒီအချိန်ဆို ရန်ကုန်မြို့မှာဆို လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတော့မည်။ အဖေနဲ့ အမေကတော့ ပုံမှန်အတိုင်း အိပ်ရာဝင်နေလောက်လေပြီ။ သူမမှာတော့ တစ်ယောက်တည်း ငူငူငိုင်ငိုင်။ ည ၉ နာရီဆိုတာ နယ်မြို့တစ်မြို့အတွက်တော့ အိပ်ရာဝင်ချိန် ဖြစ်နေပြီလေ။ မီးရောင်တွေနဲ့ လှပနေမည့် သူမ၏ဇာတိမြို့ကို သတိရရင်း ကြယ်တွေကို ငေးကြည့်နေမိသည်။
" ဆရာမ ဆရာမ " တံခါးခေါက်သံနှင့်အတူ ခေါ်သံကြောင့် သူမ တံခါးဖွင့်လိုက်သည်။ " မွေးလူနာရောက်နေလို့ ဆရာမ …"
" ဒုက္ခပါပဲနော် " သူမ စိတ်ထဲမှ ညည်းမိလိုက်သည်။ ဆရာဝန်ကြီး အစည်းအဝေးသွားနေချိန် အရေးပေါ်လူနာ မလာဖို့ ဆုတောင်းက မပြည့်တော့ပေ။ ရိုးရိုးမွေးလျှင် အရေးမကြီး၊ သူမလို ဆရာဝန်ပေါက်စ အနေဖြင့် ခွဲစိတ်ဖို့တော့ ကြောက်လှသည်။
အနွေးထည်ကောက်ဝတ်ရင်း လူနာဆောင်ဘက် ထွက်လာခဲ့လိုက်သည်။
ခုတင်ပေါ် လူးလိမ့်နေသော လူနာက ရာသီဥတု အေးအေးမှာ ချွေးစေးပြန်လျက်။ လုပ်ဆောင်ရန် ရှိသည်များကို ဆရာမကို ညွှန်ကြားရင်း လူနာကို စမ်းသပ်ရသည်။ " ဘာဖြစ်တာလဲ ပြောပါဦး " အသံမထွက်နိုင်သော လူနာအစား လူနာစောင့်က ဝင်ပြောပြသည်။
" မနက်ကတည်းက ရေဆင်းတယ်ပြောတယ် ဆရာမရယ် … ညနေမှ ဗိုက်နာလာတာ "
" မနက်ကတည်းက ရေဆင်းတာ ဘာလို့ ခုမှလာလဲ " ရုတ်တရက် စိတ်မောပြီး လေသံက မာသွားမိသည်။ စိတ်ထဲတွင်လည်း ပူပင်သွားမိသည်လေ။ ဒုက္ခပါပဲ … ကလေးက ရေမွန်းနေပြီလား မသိ။
" မသိလို့ပါ ဆရာမရယ် " ဒါက လူနာတွေရဲ့ လက်သုံးစကား။
ကိုယ့်မှာတော့ ခေါင်းထဲ အပြေးအလွှား စဉ်းစားရပြီ။ လူနာ အသက်က (၃၈) နှစ် သားဦး၊ ရှားပါးကလေးလေး ရေမြွှာပေါက်တာလည်း ကြာပြီ၊ မြန်မြန်မွေးဖို့ လိုသည်၊ ဒီမြို့လေးမှာက စက်ကိရိယာ မစုံလင် ခွဲဖို့မလွယ်။ ဘာလုပ်ကြမလဲ။
လူနာကို စမ်းသပ်ကြည့်တော့ ကံကောင်းစွာပင် သားအိမ်ခေါင်းပွင့်ပြီး ကလေးနှလုံးခုန်နှုန်း ကောင်းသည်။
လူနာအိမ်သားကို ခေါ်၍ သေချာရှင်းပြရသည်။ လောလောဆယ်တော့ ကောင်းသည်။ အထူးစောင့်ရှောက်ရမည့်လူနာ ဖြစ်သည့်အတွက် ဆေးရုံကြီးမှာ မွေးလျှင် ပိုအဆင်ပြေမည်။
လူနာရှင်တွေ အကျပ်ရိုက်ကြပြီ။ ဒီအခြေအနေနှင့် မြို့ကိုခေါ်သွားဖို့ မလွယ်။ ညမိုးချုပ်မှာ လှေငှား၊ ကားငှားဖို့က ကြာဦးမည်။
နောက်ဆုံး စိတ်ဒုံးဒုံး ချလိုက်ကြသည်။ ဆရာမကို ယုံသည်။ ဆရာမနှင့်ပဲ မွေးမည်။ ဖြစ်သမျှ သူတို့ လက်ခံသည်တဲ့။
ဒီတစ်ခါ ခေါင်းကျိန်းရတာက သူမ …
ရှောင်လွှဲမရနိုင်သော အခြေအနေတွင် အကောင်းဆုံး ကြိုးစားမည်ဟုသာ ဆုံးဖြတ်လိုက်မိသည်။ အဓိက လူနာကို အားပေးရင်း ဆေးသွင်းရသည်။ ကံအားလျော်စွာ သားအိမ်ညှစ်အား တက်လာပြီး ကလေးခေါင်း ထွက်လာသည်။ ဝမ်းသာအားရ မွေးစင်ပေါ်တင်ပြီး ကြိုးစားညှစ်ခိုင်းပေမယ့် ခေါင်းက ထပ်မထွက်လာ။ လူနာမှာလည်း ဖျော့တော့ပြီး ခြေကုန်လက်ပန်းကျနေပြီ၊ ဆရာဝန်မှာလည်း ချွေးနှင့် ရေချိုးထားသလိုပင်။
" ညှပ်ဆွဲမွေးမှ အဆင်ပြေမယ် သဘောတူလား " လူနာစောင့်တွေကတော့ ဆရာမ သဘောအတိုင်းပင်။ ကိုယ့်ကို ယုံကြည်ကြသူတွေအတွက် သူမ အကောင်းဆုံး ကြိုးစားရပေမည်။ အတွေ့အကြုံရင့် ဆရာမကြီးကလည်း အားပေးရှာသည်။ အေးမြတဲ့ရာသီဥတုတွင် ချွေးပေါက်ပေါက်ကျအောင် ကြိုးစားရင်း နီတာရဲကလေး လူ့လောကထဲ ရောက်လာလေတော့သည်။
" အူဝဲ … အူဝဲ " ခုနက မထွက်နိုင်တာ သူ မဟုတ်သကဲ့သို့ပင် ကျယ်လောင်စွာ အော်နေသံက သူမတို့အတွက်တော့ အသာယာဆုံး ဂီတသံအလား။
ချက်ကြိုးဖျက်ပြီး ကလေးကို နွေးနွေးထွေးထွေး ပွေ့ဖက်ရင်း အမေကို ပြတော့ နွမ်းလျနေသောအမေမှာ အားအင်ပြည့်ဖြိုးသွားသည့်အလား။ ကလေးအမေရဲ့အပြုံးကို ကြည့်ရင်း မိခင်မေတ္တာဆိုတာ ဒီလိုလားဟု တွေးမိကာ အဝေးတစ်နေရာမှ အမေ့ကို သတိရမိလိုက်သည်။
အနှီးထုပ်ထဲတွင် ငြိမ်သက်နေသော ကလေးလေးကို ငုံ့ကြည့်မိချိန်မှာတော့ မလှမ်းမကမ်းက ဘုရားကျောင်းမှ ခေါင်းလောင်းထိုးသံ ကြားလိုက်ရသည်။
Happy New Year ပါ …
ပျော်ရွှင်သောနှစ်သစ် ဖြစ်ပါစေ ကလေးလေးရေ …
Dr. Khin Cho
===========
DrMyanmar
Subscribe to:
Post Comments (Atom)

No comments:
Post a Comment