Sunday, 30 November 2014

နှမြောတွန့်တိုသော သူဌေးကြီး

သာဝတ္ထိပြည်ဝယ် ကုဋေလေးဆယ် ကြွယ်ဝသော အာနန္ဒာသူဌေး ရှိ၏၊ သူသည် အလွန်နှမြောတွန့်တိုပြီး ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုကို လုံးဝစိတ်မကူးပေ။ သူ၏ တဦးတည်းသောသား မူလသိရီကို ပေးကမ်းစွန့်ကြဲမှု မပြုမိရန် ၁၅-ရက် တကြိမ် သတိပေးလေ့ရှိ၏၊ သူ၏သား မသိအောင်ပင် ရွှေအိုးငါးလုံးကို ကွယ်ဝှက်မြှုပ်ထား၏၊ ထိုအာနန္ဒာသူဌေး ကွယ်လွန်သောအခါ စဏ္ဍာလ (သူတောင်းစား) တဦး၏ ၀မ်းတွင် ပဋိသန္ဓေယူ၏၊ သူမွေးဖွားသည်မှစ၍ တမျိုးလုံး ဆင်းရဲပင်ပန်း ဖြစ်ကြသည်၊ အရွယ်ရောက်လတ်သော် သူ၏ အမေက ခွက်တလုံးပေးကာ အိမ်မှ ထွက်ခွါသွားစေလေသည်၊ တောင်းခံ၍ရသမျှနှင့် မ၀တ၀ စားသောက်နေရရှာသည်၊ တနေ့သော် မူလသိရီ အိမ်ရှေ့သို့ ရောက်သွားသည်၊ ထိုအခါ ယခင်ဘ၀က သားတော်ခဲ့သည်ကို သတိရလာပြီး အိမ်ဝင်းထဲဝင်သွားလေသည်၊ သူ၏ဆိုးဝါးသော ရုပ်အဆင်းကိုမြင်သော မြေးသည် ကြောက်လန့်၍ ငိုယိုရာ အစောင့်အရှောက်များက သူ့အား ရိုက်ပုတ် နှင်ထုတ်ကြသည်၊ ထိုအချိန် မြတ်စွာဘုရား ကြွရောက်လာ၍ မူလသိရီ သူဌေးအား "ဤစက်ဆုပ်ရွံရှာဖွယ် သူတောင်းစားသည် သင်၏ ဖခင် အာနန္ဒာ သူဌေးပင်ဖြစ်၏" -ဟု မိန့်ဆိုသည်၊ "အာနန္ဒာသူဌေး သင်မြှုပ်ခဲ့သော ရွှေအိုးငါးလုံးကို ပြလိုက်ပါ"-ဟု မိန့်တော်မူသည်။ သူပြသောနေရာတွင် တူးဖော်ရာ ရွှေအိုးများ ရရှိသဖြင့် မူလသိရီသူဌေး ယုံကြည်သွားကာ မြတ်စွာဘုရားအား ဆည်းကပ်ကိုးကွယ်ရာ အောက်ပါဂါထာကို ဟောတော်မူသည်။ ( ပါဠိဂါထာ ) ပုတ္တာမ`တ္ထိ ဓန`မတ္ထိ ၊ ဣတိ ဗာလော ၀ိဟညတိ ။ အတ္တာ ဟိ အတ္တနော နတ္ထိ ၊ ကုတော ပုတ္တာ ကုတော ဓနံ ။ ( မြန်မာပြန် ) လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏။ ဥစ္စာတို့သည်လည်း ရှိကုန်၏-ဟု (စွဲလမ်းမှုတဏှာဖြင့်) ဆင်းရဲပင်ပန်းရ၏။ အမှန်သော်ကား မိမိပင်သော်လည်း မိမိအတွက် အားထားရာ မဖြစ်နိုင်။ သားသမီး ပစ္စည်းဥစ္စာတို့သည် အဘယ်မှာ အားထားမှီခိုရာ ဖြစ်နိုင်ကုန်အံ့နည်း။ ( ဆောင်ပုဒ် ) သမီးသားနှင့်၊ စီးပွားဥစ္စာ၊ တွယ်တာကြောင့်ကြ၊ လူ့ဗာလသည်၊ သောကမှုပွေ၊ ဆူဆူဝေ၏။ အိုနာသေများ၊ အနီးပါးဝယ်၊ ထင်မှားယူဆ၊ အတ္တသည်ပင်၊ မရှိအင်ကြောင့်၊ ဘယ်တွင်ဥစ္စာ၊ အားကိုးရာသား၊ ရှိနိုင်ငြားအံ့။ ( ဗာလ၀ဂ်-အာနန္ဒသေဋ္ဌိ ၀တ္ထု )

Friday, 28 November 2014

အင်အား ၅ ရစ်ခ်ျတာစကေးရှိ ငလျင်ကြောင့် သမ္မတဦးသိန်းစိန် ထီးတော်တင်လှူပူဇော်ထားသည့် စစ်ကိုင်းမြို့မှ လေးကျွန်းမာရ်အောင်ဘုရား အပါအ၀င် စေတီသုံးဆူ၏ စိန်ဖူးတော်များ မြေခ

Published on: November 28, 2014 Written by:  မင်းသန့် ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်မြေခသွားသော လေးကျွန်းမာရ်အောင်ဘုရားအား နိုဝင်ဘာ ၂၈ ရက်က ဖူးတွေ့ရစဉ် နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက ပြင်ဦးလွင်မြို့ အရှေ့မြောက်ဘက် လေးမိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ထီးတော်တင်လှူပူဇော်ထားသည့် လေးကျွန်းမာရ်အောင်ဘုရား အပါအ၀င် စေတီပုထိုးသုံးဆူ၏ စိန်ဖူးတော်များ မြေခခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတောင်ခြေ သရက်ပင်ဆိပ်အနီး သောတာပန်ရပ်ရှိ လေးကျွန်းမာရ်အောင်ဘုရားမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာအတွင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်ပြိုပျက်ကျခဲ့ရာ ၂၀၁၃ ခုနှစ် သြဂုတ် ၁၈ ရက်က နိုင်ငံတော်သမ္မတဦးသိန်းစိန်က စိန်ဖူးတော်ပြန်လည်တင်လှူ ပူဇော်ထားကြောင်း သိရသည်။ ထို့အတူ ပန်းပဲတန်းရပ်ရှိ ဆင်များရှင်ဘုရားနှင့် မြို့သစ်ရပ်ရှိ မရှိခဏဘုရားများ၏ စိန်ဖူးတော်များလည်း ငလျင်ဒဏ်ကြောင့် မြေခမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်မြေခသွားတဲ့ ဘုရားသုံးဆူလုံးက ၂၀၁၁ ငလျင်တုန်းကလည်း မြေခခဲ့ဖူးပါတယ်။ ဆင်များရှင်ဘုရားက အရံစေတီရဲ့ စိန်ဖူးတော်မြေခတာဖြစ်ပြီး ဘုရားကြီးရဲ့ စိန်ဖူးတော်ကတော့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ငလျင်ပြီးကတည်းက ပြန်လည်တင်လှူရခြင်း မရှိသေးပါဘူး။ လေးကျွန်းမာရ်အောင်ဘုရားက သမ္မတကြီးကိုယ်တိုင် စိန်ဖူးတော်ပြန်လည်တင်လှူ ပူဇော်ထားတာပါ” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောကြားသည်။ ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်မြေခသွားခဲ့သော လေးကျွန်းမာရ်အောင်ဘုရားအား နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် “ငလျင်ဒဏ်ကြောင့် ဘုရားစိန်ဖူးတော်က အင်္ဂါထောင့်မှာကျပြီး မြေခသွားတာပါ။ ဘုရားမကိုဋ်တော်လည်း တောင်ဘက်ကို အနည်းငယ်စောင်းသွားတယ်။ ဖြစ်ပြီးပြီးချင်း ဆရာတော်အရှင်ဆေကိန္ဒကိုယ်တိုင် ရောက်လာပြီး စိန်ဖူးတော်ကို စိစစ်သိမ်းဆည်းသွားတယ်။ ထီးတော်ပြန်လည်တင်လှူဖို့အတွက်ကို မနက်ဖြန် (နိုဝင်ဘာ ၂၉ ရက်)မှာ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်လာရောက်ပြီး ဆရာတော်နဲ့ ညှိနှိုင်းမှုလုပ်သွားဖို့ ရှိပါတယ်” ဟု လေးကျွန်းမာရ်အောင်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးကျော်လှက ပြောကြားသည်။ လေးကျွန်းမာရ်အောင် မြတ်စွာဘုရားကြီးကို ကောဇာသက္ကရာဇ် ၁၀၇၆ ခုနှစ်တွင် နန်းတက်သော အင်းဝဘုရင် မှန်နန်းရှင်သီရိ ပ၀ရဓမ္မရာဇာဓိပတိဘွဲ့အမည်ခံ တနင်္ဂနွေမင်းတရားကြီးက ကောဇာသက္ကရာဇ် ၁၀၈၆ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၂၂ ပေရှိပြီး လိုဏ်ဂူအတွင်းရှိ ကျောက်ဆင်းတုရုပ်ပွားတော်မှာ ဉာဏ်တော် ၁၂ တောင်၊ ပုလ္လင်တော် သုံးတောင်နှင့် ဘီလူး ၉၉ ယောက်၊ မဟာရံတံတိုင်းသုံးထပ်တို့ဖြင့် တည်ထားကိုးကွယ်ထားကြောင်း သိရသည်။ နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီ ၄၇ မိနစ် ၄၆ စက္ကန့်တွင် လှုပ်ခတ်ခဲ့သောငလျင်မှာ မန္တလေးမြို့ မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် ၃၀ အကွာ (ပြင်ဦးလွင်မြို့၏ အရှေ့မြောက်ဘက် လေးမိုင်အကွာ)ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ အင်အား ၅ ရစ်ခ်ျတာစကေးရှိကြောင်း မန္တလေးမြို့ မြေငလျင်စခန်းက ထုတ်ပြန်ခဲ့ပြီး ငလျင်ဒဏ်ကို ပြင်ဦးလွင်၊ မန္တလေးအနီးဝန်းကျင်နှင့် စစ်ကိုင်းမြို့တို့တွင် သိသာစွာခံစားခဲ့ရကြောင်း သိရသည်။ eleven

Thursday, 27 November 2014

၆ပွင့်ဆိုင် တွေ့ဆုံမှုကို မြန်မာသမ္မတ ဦးသိန်းစိန် ယတိပြတ်ငြင်းပြီ

ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဟာ လက်တွေ့မကျတာကြောင့် မဖြစ်နိုင်ဘူးလို့ မြန်မာသမ္မတ ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၂၇ရက်နေ့မှာ တရားဝင် ငြင်းဆိုလိုက်ပါတယ်။ လေးပွင့်ဆိုင် တွေ့ဆုံမှုကို ငြင်းဆန်ခဲ့တဲ့ သမ္မတက ၆ပွင့်ဆိုင် တွေ့ဆုံမှုကိုရော ဘာအကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာလဲ။ ပြည်ထောင်စုလွှတ်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ချဉ်းကပ်ပုံဟာ လူပုဂ္ဂိုလ်ကို အခြေခံပြီး စဉ်းစားတာဖြစ်တာကြောင့် အုပ်ချုပ်ရေးအစိုးရအဖွဲ့ရဲ့ ချဉ်းကပ်ပုံဖြစ်တဲ့ အဖွဲ့အစည်းတွေကို အခြေခံပြီး စဉ်းစားမှုနဲ့ ကွာခြားတာကြောင့် ၆ပွင့်ဆိုင် တွေ့ဆုံမှုကို လက်မခံဘူးလို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ဝါရှင်တန်အခြေစိုက်RFA ရေဒီယိုကို ပြောဆိုခဲ့ပါတယ်။ ၆ပွင့်ဆိုင်ထဲမှာ ပါဝင်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်ကို တိုင်းရင်းသားပါတီထဲကတစ်ယောက် ရွေးချယ်တာဟာ ကွဲပြားခြားနားတဲ့ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုနိုင်ဖို့ဆိုတာ တစ်ယောက်တည်းက မဖြစ်နိုင်တာကြောင့် ဒီလိုပြောဆိုမှုတွေဟာ လက်တွေ့နဲ့ သိပ်ပြီး မနီးစပ်ဘူးလို့ ဦးရဲထွဋ်က ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တစ်ယောက်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံကြဖို့ နိုဝင်ဘာ ၂၅ရက်နေ့မှာ တိုက်တွန်းခဲ့ပြီး တစ်ရက်အကြာ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး အင်အားစုအားလုံး ပါဝင်တဲ့ တွေ့ဆုံမှုကိုသာ ဆက်လုပ်သွားမယ်လို့ ရန်ကုန်မှာ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် နိုဝင်ဘာ ၂၆ရက်နေ့က ယတိပြတ်ပြောဆိုအပြီး သမ္မတရဲ့ ၆ပွင့်ဆိုင် တွေ့ဆုံမှုကို ငြင်းပယ်တဲ့ တရားဝင် သဘောထား ပေါ်ထွက်လာတာဖြစ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ၂ဝ၁၁ခုနှစ် သြဂုတ် ၁၈ရက်နေ့မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ မြန်မာသမ္မတဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို နှိမ်ချတဲ့အနေနဲ့ လေးပွင့်ဆိုင်တွေ့ဆုံမှုကို ပယ်ချခဲ့အပြီး တစ်နှစ်အကြာမှာ လွှတ်တော်က တရားဝင်တိုက်တွန်းတဲ့ ၆ပွင့်ဆိုင် တွေ့ဆုံမှုကိုပါ ယတိပြတ် ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ် ၇ဝနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု ပျက်ပြားခဲ့တဲ့တစ်ရက်တည်းမှာပဲ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ငြင်းပယ်မှုဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားကိုပါ ရောင်ပြန်ဟပ်နေတယ်လို့ သေချာပေါက် မပြောနိုင်သေးပေမယ့် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်ကို ရွေးချယ်ခဲ့မှုအပေါ် ဒီတစ်ယောက်တည်းက တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်ဆိုတာကိုလည်း သွယ်ဝိုက်ပြီး ငြင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ kamayut

လက်သမား ပုံပြင်

အသက်ကြီးကြီးနဲ့ လက်သမားတစ်ယောက်ဟာ အလုပ်က အနားယူဖို့ အဆင်သင့် ဖြစ်နေပါပြီ … အိမ်ဆောက်တဲ့ လုပ်ငန်းကို အနားယူပြီးတော့ သူ့ရဲ့ မိန်းမ … သူရဲ့ မိသားစုနဲ့ပဲ လက်ကျန်ဘဝကို အေးအေးဆေးဆေး နေတော့မယ့် အကြောင်း သူရဲ့ အလုပ်ရှင် ကန်ထရိုက်ကို ပြောပြပါတယ် … သူက အလုပ်ကိုတော့ သတိရနေမှာ ဖြစ်ပေမယ့် သူက အနားယူဖို့ လိုအပ်နေပါပြီ … သူရဲ့အလုပ်ရှင်က တားချင်ပေမယ့်လည်း မတားနိုင်တော့ပါဘူး …  အလုပ်ရှင်က ပုဂ္ဂိုလ်ရေးအရ ညှာတာထောက်ထားပြီး အိမ်တစ်လုံးပဲ နောက်ဆုံး ဆောက်ပေးဖို့ သူ့ကို သွားပြောတဲ့အခါ စိတ်မကောင်းဖြစ်ရတယ် … လက်သမားက ဆောက်ပေးမယ်လို့ ပြောပေမယ့်လည်း သူက အလုပ်ဆက်လုပ်ဖို့ စိတ်မဝင်စားတော့တာကို မြင်သာ ထင်သာ ရှိလှပါတယ် … ။ အိမ်ကို ဆောက်တဲ့အခါလည်း ခပ်ညံ့ညံ့လက်ရာနဲ့ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကိုပဲ သုံးပြီး အဲဒီ အိမိကို ဆောက်ခဲ့တယ် … အဲဒီလို လုပ်လိုက်တာဟာ သူ့အတွက် ကံမကောင်းမှု တစ်ခုလို့ အဲဒီတုန်းက သူမသိခဲ့ဘူး … ဒီလိုနဲ့ လက်သမားက အိမ်ကို လျော့ရိလျော့ရဲ့ နဲ့ဆောက်လိုက်တာ ပြီးသွားတဲ့အခါမှာ အလုပ်ရှင် ကန်ထရိုက်က အိမ်ကို လာစစ်တယ် … ပြီးတော့ အိမ်သော့ကို လက်သမားရဲ့ လက်ထဲကို ထည့်ပြီးတော့ “ ဒါဟာ မင်းရဲ့ အိမ်ပဲ ” “မင်းအတွက် ငါ့ရဲ့ လက်ဆောင်” လို့ အလုပ်ရှင်ကန်ထရိုက်က ပြောလိုက်ပါတယ် … a အဲဒီ အချိန်မှာတော့ လက်သမားဟာ ရှော့(ခ်) ရသွားတယ် … အရမ်းလည်း ရှက်မိသွားတယ် … တကယ်လို့သာ သူနောက်ဆုံး ဆောက်ခဲ့ရတဲ့ အိမ်ဟာ သူ ပိုင်ဆိုင်ရမယ့် အိမ်လို့ သိခဲ့မယ်ဆိုရင် ဒီထက် ကောင်းအောင် ဆောက်ခဲ့မှာပေါ့ အကောင်းဆုံးလက်ရာနဲ့ အကောင်းဆုံးပစ္စည်းတွေ သုံးပြီး ဆောက်ခဲ့မှာပေါ့ … ခုတော့ သူဖြစ်သလို ဆောက်ခဲ့တဲ့ အိမ်မှာပဲ သူနေရတော့မယ် … ဘာမှ ပြင်လို့ မရတော့ဘူး … ပုံပြင်လေးက ဒီမှာပဲ အဆုံးသတ်သွားပါတယ် … အွန်လိုင်းမှာ ဒီပုံပြင်ကို ဖတ်ပြီးတဲ့ အခါ ကျွန်တော့် ခံယူချက်နဲ့ အရမ်းတိုက်ဆိုင်နေလို့ ပြန်မျှဝေလိုက်ပါတယ် … ကျွန်တော့် wall မှာ တင်ထားတဲ့ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “အကောင်းဆုံးလုပ်ပါ … ဒါပေမယ့် မမျှော်လင့်ပါနဲ့” နဲ့ ထပ်တူကျတယ်လို့ ခံစားရပါတယ် … ရချင်လို့လုပ်တာ မဖြစ်ပါစေနဲ့ … ဆိုလိုတာက အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး မဖြစ်ပါစေနဲ့ … ဒါပေမယ့် ကျွန်တော်တို့က ခက်သားဗျ … ဘုရားသွားပြီး ဆီမီး၊ ပန်း၊ ရေချမ်း လောက် ပူဇော်တယ် တောင်းတဲ့ဆုက ဇောတိက၊ ဇဋိလ သူဌေးလောက် ဖြစ်နေတယ် …. ။ ကျွန်တော့်တို့ ဘဝတွေဟာ ကျွန်တော်တို့ ဖန်တီးတဲ့ အတိုင်း ရရှိနေကြတာပါ …. ။ လက်သမား နေရာက စာဖတ်သူများ စဉ်းစားကြည့်ပါ … အစောကြီးကတည်းက ဒီအိမ်ကို သူရမယ် မှန်းသိရင် အခုလုပ်နေတဲ့ပုံစံမျိုး လုံးဝ လုပ်မှာ မဟုတ်ပါဘူး … သေချာပါတယ် … အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ပါလိမ့်မယ် … ဒါဟာ ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ကျွန်တော်တို့ ဘဝပါပဲ … ဘဝမှာ တစ်ရက်တည်းပဲ နေရတော့မယ်ဆိုရင်တောင် မှ အဲဒီ တစ်ရက်ကို ဂုဏ်သိက္ခာရှိရှိနဲ့ လိပ်ပြာသန့်သန့် ရှင်သန်လိုက်ပါ … ကိုယ့်ဘဝရဲ့ အကောင်းအဆိုး အကြောင်းအကျိုးကို ကိုယ်ကိုယ်တိုင် က ဖန်တီးခဲ့တယ် ဆိုတာ စာဖတ်သူများ အကြွင်းမဲ့ ယုံကြည်လိုက်ပါ …. ဒီထက်ပိုပြီး ရှင်းလင်းအောင် ပြောရရင် ဒီနေ့ ကြုံတွေ့နေရတဲ့ ကောင်းကျိုး ဆိုးကျိုးတွေဟာ အတိတ်က ကံ တနည်းပြောရင် အလုပ်တွေကြောင့်ပါ … အဲဒီလိုပဲ မနက်ဖြန်မှာ ကြုံတွေ့ရမယ့် ကောင်းကျိုး ဆိုးပြစ်တွေဟာ ဒီနေ့လုပ်နေတဲ့ အလုပ်တွေ (ဝါ) ကံတွေကြောင့် ဆိုတာ မိတ်ဆွေ ယုံကြည်လိုက်ပါ … ဒီစကားတွေဟာ ကျွန်တော်ပြောတာ မဟုတ်ပါဘူး … မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ဟောကြားခဲ့တာပါ … ဒါကြောင့် “ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ … ဒါပေမယ့် … မမျှော်လင့်ပါနဲ့” ကိုယ်လုပ်လိုက်တဲ့ အကောင်းအဆိုး အကြောင်းအကျိုး အားလုံးကို ကိုယ်တိုင် ခံစားရမှာ သေချာပါတယ် … Credit-original writer The express Time

ဒေါ်စု ဖိတ်ကြားမှု တပ်မတော် အမတ်တွေ လက်မခံ

27.11.2014 21:12 မိုးဇော် လွှတ်တော် တက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်များ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို တွေ့ဆုံဖို့ ဖိတ်ကြားတာကို အချိန်နီးကပ်ပြီး စီစဉ်ဖို့ အခက်အခဲရှိ တာကြောင့် နောက်တကြိမ် လွှတ်တော် အစည်းအဝေး ကျမှ တွေ့ဆုံဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေဖက်က ဒီကနေ့ ပြန်ကြား ပါတယ်။ ဒီတွေ့ဆုံပွဲဟာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေကို NLD ပါတီက ပထမဆုံးအကြိမ် ဖိတ်ကြားတာလည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။ ဒီကနေ့ညနေမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံညစာစားဖို့အတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၇၀) ဦးကို မနေ့ နေ့ခင်းပိုင်းက ဖိတ်စာပေး ဖိတ်ကြားခဲ့ တာဖြစ်ပါတယ်။ ဒီဖိတ်ကြားချက်အပေါ်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေဖက်က အကြောင်းပြန်ကြားတာကိုတော့ NLD ပါတီ နေပြည်တော် ကိစ္စဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးအောင်က အခုလို ပြောပါတယ်။ "ကျနော်တို့ ဖိတ်တာ ရက်ကပ်သွားတဲ့အတွက် နက်ဖြန်ဆိုလည်း လွှတ်တော်ကပြီးပြီ။ ဒီနေ့တစ်ရက်တည်း ကျနော်တို့က ကပ်ပြီး ဖိတ်တဲ့အတွက် သူတို့မှာစီစဉ်ရတာ အတော့်ကိုခက်ခဲပါတယ်တဲ့။ နဂိုကလည်း Program တွေရှိတော့ အဲတော့ နောက် ၁၂ ကြိမ်မြောက်ကျမှပဲ ကျနော်တို့ ဒီ ထမင်းစားပွဲအတွက် စီစဉ်ကြရအောင်ပါ အဲဒီလိုပြန်ပါတယ်။ စာနဲ့လည်း အကြောင်းပြန်ပါတယ်။ နှုတ်ကလည်း ရှင်းပြပါတယ်။" ဒီလိုတွ့ဆုံဖို့ ဖိတ်ကြားတာဟာ သီးခြားဆွေးနွေးဖို့ ရှိတာကြောင့်လားဆိုတဲ့ အမေးကိုတော့ ဒေါက်တာမျိုးအောင်က အခုလို ဖြေကြားပါတယ်။ "မရှိပါဘူး။ အလွတ်သဘောပါပဲ။ ပထမဦးဆုံးအကြိမ်တွေ့တဲ့ ညစာစားပွဲ သဘောမျိုးပါပဲ ထားပါတော့" ဗုဒ္ဓဟူးနေ့ ဖိတ်ကြားစဉ်ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ မတွေ့ဆိုတာကို အထက်ကို တင်ပြရမှာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြန်ကြားခဲ့တာလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က ပြည်ထောင်စုလွှတ်တော်က တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အမျိုးသမီးကိုယ်စားလှယ်တွေနဲ့ သီးခြားစီတွေ့ဆုံတာမျိုး ရှိခဲ့ဖူးပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို အခုလို ဖိတ်ကြားချိန် ဟာ ပြည်ထောင်စု လွှတ်တော်မှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ)ကို NLD ပါတီက ပြင်ဆင်ဖို့ တောင်းဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေက ဒါကို မပြင်ဆင်ဖို့ ဆွေးနွေးခဲ့တာတွေ ရှိနေချိန်လည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ဥပဒေမူကြမ်းကို နောက်တကြိမ်ကျင်းပမယ့် (၁၂) ကြိမ်မြောက် လွှတ်တော်မှာ တင်သွင်းဖို့ ရှိနေပါတယ်။ မကြာမီရက်တွေ အတွင်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၂ဦး ၊ ဒေါ်အောင်ဆန်းစုကြည် ၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တဦးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပါဝင်တဲ့ (၆) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ရှိနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ voa

Tuesday, 25 November 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ခြောက်ပွင့်ဆိုင် ဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော် အတည်ပြု

Wednesday, November 26, 2014 လက်ရှိဖြစ်ပေါ်နေသော နိုင်ငံ့အရေးများကို တွေ့ဆုံဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး ဖြစ်သည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်မည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ ကို စောလျင်စွာတွေ့ဆုံရန် အရေးကြီးအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် အမှတ် ၁၀ ကိုယ်စားလှယ် ဦးမြင့်ထွန်းက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းသော်လည်း စနစ်ကျသော အချိန် Time Frame ပါဝင်ခဲ့ခြင်း မရှိပေ။ ဘာလို့ ခြောက်ပွင့်ဆိုင် အဆိုရှင် ဦးမြင့်ထွန်းက ၁၄ ပွင့်ဆိုင် တွေ့ဆုံမှုသည် လူဦးရေများပြားသဖြင့် အရေးကြီးသည့် Key Players (အဓိကကျသည့် ပုဂ်္ဂိုလ်များ) ပထမဦးစွာ တွေ့ဆုံဆွေးနွေးခြင်းသည် ထိရောက်လျင်မြန်မည်ဟု ယူဆသဖြင့် ယခု ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို တင်သွင်းခြင်းဖြစ်သည်ဟု လွှတ်တော်အပြီးတွင် ပြော ကြားသည်။ အသက် ၆၄ နှစ်အရွယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက “တိုင်းပြည်မှာ အန်ကယ်တို့ ငယ်ငယ်ကတည်းက အခုလိုတွေ့ဆုံ ဆွေးနွေးတာတွေမရှိလို့ အခုလို တဒိန်းဒိန်းပစ်နေကြတာ” ဟု ပြောကြားသည်။ ၎င်းက တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များထဲမှ တစ်ဦးသာပါဝင်သည့် အတွက် ကျန်လွှတ်တော် ပြင်ပပါတီများ၊ တိုင်းရင်းသား လက်နတ်ကိုင် အဖွဲ့အစည်းများကို အဆိုပါပုဂ်္ဂိုလ်ကပင် ပြန်လည်ရှင်း လင်းပြ ရန် လိုအပ်မည်ဟု ပြောကြားသည်။ ၎င်းက “ဒီတိုင်းရင်းသားက လူကြီး တွေနဲ့တွေ့၊ ဆွေးနွေး၊ ကျန်တဲ့တိုင်းရင်းသား တွေကို ပြန်ရှင်းပြ၊ အဲဒီ လို တဖြည်းဖြည်းချင်းသွားရပါမယ်” ဟု ဆိုသည်။ ခြောက်ပွင့်ဆိုင်သည် ဖွဲ့စည်းပုံပေါ် သက်ရောက်နိုင်ခြောက်ပွင့်ဆိုင်ဆွေးနွေးမည့် ပုဂိ္ဂုလ် ခြောက်ဦးသည် ယနေ့ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမှုပြီးဆုံးထားသည့်ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲသည့် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟုလည်း အဆိုရှင် ဦးမြင့်ထွန်းက ပြောသည်။ ၎င်းက “ပါတယ်၊ ပါတယ်၊ လူကြီး ခြောက်ယောက်က သက်သက်ဆွေးနွေး၊ မူကြမ်းရေးတဲ့သူတွေက သက်သက်ဆွေးနွေးပေမယ့် သက်ရောက်မှု ရှိမယ်” ဟု ပြောကြားသည်။ ၎င်းက ခြောက်ပွင့်ဆိုင်က လူကြီးများ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးမူ ကြမ်းရေးဆွဲမည့်သူများ ပူးပေါင်းလိုက်ပါက Result (ရလဒ်) ကောင်းများ ထွက်မည်ဟုလည်း မှတ်ချက်ပြုသည်။ တိုးတက်မှုလို့မြင်တဲ့ ဒေါ်အောင်ဆန်း စုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခြင်းကို တိုးတက်မှုဟု ယူဆကြောင်း လွှတ်တော်အပြီးတွင် သတင်းထောက်များကိုပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က “အန်တီ အနေနဲ့ ငြင်းပယ်စရာအကြောင်း ဘာမှမရှိပါဘူး။ ဒါတိုးတက်မှုလို့ပဲ ဒီ လိုမြင်တယ်။ ဘာပဲပြောပြော ဒီိကိစ္စမှာလွှတ်တော်က သဘောတူညီနိုင်တယ်ဆိုတာ ကောင်းတာပေါ့” ဟု ပြောကြားသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်က သမ္မတအိမ်တော်တွင် ကျင်းပခဲ့သည့် ပုဂိ္ဂုလ် ၁၄ ဦးပါ ငါးပွင့်ဆိုင် ဆွေးနွေးပွဲအစား လေးပွင့်ဆိုင် သာကိုင်စွဲသည်ဟု ပြောကြားထားသော်လည်း ယခုခြောက်ပွင့် ဆိုင်ဆွေး နွေးပွဲကိုလည်း ငြင်းပယ်စရာမရှိဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုရှင်ဦးမြင့်ထွန်းက ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ ကိုယ်တိုင်က လက်ခံ ခြင်း၊ အရည်အချင်းများစွာရှိခြင်း စသည့် အချက်ပေါင်းများစွာကြောင့် ပါတီများထဲမှတစ်ဦးတည်း ရွေးချယ် ခြင်းဖြစ်သည်ဟု ဆိုသည်။ ကိုယ်စားပြုမှုအခက်အခဲရှိမလား မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက ယခင်ငါးပွင့်ဆိုင်ဟုခေါ်သော လူပုဂ္ဂိုလ် ၁၄ ဦး တွေ့ဆုံမှုသည် အဖွဲ့ကို ကိုယ်စားပြု၍ တက်ရောက်ခြင်းဖြစ်သော်လည်း ကိုယ်စားပြုတစ်ယောက်စီသာ တက် ရောက်ခွင့်ရသည့်အတွက် ကိုယ်စားပြုမှုအခက်အခဲရှိနိုင်သည်ဟု သုံးသပ်သည်။ ၎င်းက “တိုင်းရင်းသားထဲက ရွေးရင်လက်နတ်ကိုင်ထဲက ရွေးမလား၊ လွှတ်တော် ပြင်ပက ရွေးမလား၊ လွှတ်တော်ထဲက ရွေးမလား။ ကိုယ်စားပြုမှုအခက်အခဲ ရှိနိုင်ပါတယ်” ဟု ဆိုသည်။ ယင်းခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦး သာရွေးချယ်မည်ဆိုသော်လည်း အခက်အခဲ ရှိမည်မဟုတ်ဟု တိုင်းရင်းသားကိုယ် စားလှယ်များက ပြောကြားသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက “အခုအဆိုကို ထောက်ခံပါတယ်။ တိုင်း ရင်းသားတစ် ယောက်ရွေးရ တာလည်း သိပ်ခက်မယ်မထင်ပါဘူး” ဟု ပြောသည်။ သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကမူ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက တိုင်းရင်းသား ကိုယ်စားလှယ်များကို ဖိတ်ကြားကာ လွှတ်တော်ကိုယ်စားလှယ်၊ သို့မဟုတ် ပါတီခေါင်းဆောင်ထဲမှ မည်သို့ရွေးချယ်မည်ကို မေးမည် ထင်သည်ဟု ပြောသည်။ စစ်မှန်တဲ့ တွေ့ဆုံမှုဖြစ်ဖို့ လိုတယ် ပြီးခဲ့သည့်အောက်တိုဘာ ၃၁ ရက်က သမ္မတအိမ်တော်တွင်တွေ့ဆုံစဉ်က ပါဝင်ခဲ့သူအချို့ကမူ မည်ကဲ့သို့သော တွေ့ဆုံဆွေးနွေးမှုမျိုးကိုမဆို တိုင်းပြည်အတွက်ဆိုပါက လက်ခံသော်လည်း စစ်မှန်သည့်တွေ့ဆုံ မှု မျိုးဖြစ်ရန်လိုသည်ဟု သတိပေးသည်။ အဆိုပါ ငါးပွင့်ဆိုင်တွင် ပါဝင်ခဲ့သူ ဖယ်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့မှ ဦးခင်မောင်ဆွေက “တစ်ဦး တစ်ယောက် အတွက်ဆိုရင် အဆင်ပြေဘူး၊ နိုင်ငံအတွက်ဆိုရင်တော့ ထောက်ခံပါတယ်” ဟု ပြော ကြား သည်။ ပြည်ထောင်စုလွှတ်တော်က ယခု ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲကျင်းပရန် ဆုံးဖြတ်ခြင်းသည် သမ္မတက လေးပွင့်ဆိုင် တွေ့ဆုံရန် ငြင်းဆိုမှု ကို ခြောက်ပွင့်ဆိုင်ဖြင့် ထပ်မံကြိုးပမ်းခြင်းဖြစ်မည်ဟု ယူဆကြောင်း ဦးခင်မောင်ဆွေက ပြောသည်။ ဖက်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့သည် ၁၁ ပါတီပါဝင်သော အဖွဲ့ဖြစ်ပြီး ကရင်ပါတီ နှစ်ပါတီ၊ ချင်းပါတီ တစ်ပါတီ စုစုပေါင်း သုံးပါတီပါဝင်ပြီး ကျန်ပါတီများမှာ ပြည်မမှ ဖြစ်သည်။ ခြောက်ပွင့်ဆိုင်နဲ့ အပြီးအပြတ်ဖြစ်မလား ငါးပွင့်ဆိုင်တွင်ပါဝင်ခဲ့သူ ကျားခေါင်း ပါတီဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ ပါတီတွဲဖက်အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ခြောက်ပွင့် ဆိုင်ဖြစ်စေကာမူ မည်သည့်တွေ့ ဆုံဆွေးနွေးမှုမျိုးကိုမဆို ၎င်းတို့ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ပြဿနာမရှိကြောင်း ပြောကြားသည်။ ၎င်းက “တစ်ခုရှိတာက ခြောက်ပွင့်ဆိုင်နဲ့တင် နိုင်ငံရေးပြဿနာတွေ အပြီးအပြတ် ဖြစ်မလား” ဟု မေးခွန်း ထုတ်လိုက်သည်။ တိုင်းရင်းသားပါတီ ရှစ်ပါတီဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော် လည်း လက်ရှိတွင် လွှတ်တော်ပြင်ပပါတီများအဖြစ် ရပ်တည်နေကြခြင်းဖြစ် သည်။ အဆိုရှင် ဦးမြင့်ထွန်းကမူ လူများများတွေ့ပါက တွေ့ဆုံချိန်နည်းပါးခြင်း၊ များစွာညှိနှိုင်းရခြင်းများ စသည် တို့ကြောင့် အလုပ်မဖြစ်နိုင်ဟု သုံးသပ်သဖြင့် ယခုကဲ့သို့ ခြောက်ပွင့်ဆိုင်တင်ခြင်းဟု ဆိုသည။ ““အရေးကြီးတဲ့သူတွေ မြန်မြန်တွေ့၊ များများတွေ့၊ ပြီးရင် သူတို့ကတစ်ဆင့် ပြည်သူကို ချပြရင်နားလည် သွားမှာပါ” ဟု ပြောကြားခဲ့ သည်။ ခြောက်ပွင့်ဆိုင်တွင် ပါဝင်ရန် အဆိုပြုခံထားရသူ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည်လည်း စဉ်းစားနိုင်လိမ့်မည် ဟု ဦးမြင့်ထွန်းက ပြောသည်။ မဇ္ဈိမ

ဟောင်ကောင် ဆန္ဒပြနေရာ အချို့အား အာဏာပိုင်များ ရှင်းလင်းစဉ် လူ ၈၀ ဦးခန့် ဖမ်းဆီးခံရ

Wednesday, November 26, 2014 ဟောင်ကောင်၊ နိုဝင်ဘာ ၂၅။ ဟောင်ကောင်ဒေသ မောင်ကော့အရပ်ရှိ ဒီမိုကရေစီ တောင်းဆိုသူများ၏ ဆန္ဒပြနေရာများကို အာဏာပိုင်များ က ရှင်းလင်းလျှက်ရှိရာ ဖယ်ရှားပေးရန် ငြင်းဆန်သူ ၈၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ရဲများက ငရုပ်ကောင်းရည်များဖြင့် လူအပ်စုကို ဖြန်းခဲ့ကြောင်း သိရသည်။ မောင်ကော့ အရပ်တွင်နေထိုင်ကြသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များက ယင်း ဆန္ဒပြနေရာများကို ဖယ်ရှားပေးရန် တိုင်ကြားမှုများ ရှိခဲ့ပြီးနောက် တရားရုံးက သပိတ်စခန်းများကို ဖယ်ရှားရေးအတွက် အမိန့်တစ်ရပ် ထုတ်ပြန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်ဆန္ဒပြသူများသည် လာမည့် ၂၀၁၇ ခုနှစ် မြို့တော်အုပ်ချုပ်ရေး အကြီးအကဲကို လွတ်လပ်စွာရွေးချယ်ခွင့်ရရေး အတွက် တောင်းဆို၍ ပြီးခဲ့သည့်အောက်တိုဘာလ အစောပိုင်းကတည်းက အဓိကလမ်းများတွင် သပိတ်စခန်းများ ဖွင့်လှစ်ဆန္ဒပြခဲ့ကြသည်။ သို့သော် ပေကျင်းအစိုးရက တင်မြှောက်ထားသည့် ကော်မတီမှ ရွေးချယ်ပေးသူများကို မဲပေးရွေးချယ်ရမည်ဟု တရုတ်အစိုးရ ကပြောကြား ထားသည်။ နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သည့် ဆန္ဒပြနေရာ ရှင်းလင်းမှုများတွင် စီးပွားရေးအချက်အချာနေရာနှင့် ခရီးသွားဒေသ တစ်ခုဖြစ်သော အာဂိုင်လမ်းနှင့် နာသာလမ်း ၀န်းကျင်နေရာကို အဓိက ရှင်းလင်းနေခြင်းဖြစ်သည်။ “လမ်းတွေကို ပိတ်ဆို့သိမ်းပိုက်ထားသူတွေအနေနဲ့ အခုချိန်မှာ သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ထွက်ခွာသွားသင့်ပါပြီ။ ဒီလိုမှ မဟုတ်ရင်တော့ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်တွေအဖြစ် သတ်မှတ်ရပါလိမ့်မယ်” ဟု ယင်းလမ်းနေရာကို ရှင်းလင်းဖယ်ရှားရန် တရားရုံးအမိန့်စာရရှိထားသည့် ဘတ်စ်ကား ကုမ္မဏီတစ်ခုမှ ရှေ့နေတစ်ဦးဖြစ်သည့် မာဂီ ချန်းကပြောကြားခဲ့သည်။ “ကျွန်တော်တို့ အစစ်အမှန်ရွေးကောက်ပွဲတွေ လိုချင်တယ်၊ အစစ်အမှန် မဲပေးပိုင်ခွင့် အလိုရှိတယ်” ဟု ဆန္ဒြ့ပသူအချို့က လည်း အော်ဟစ်ပြော ကြားခဲ့ကြသည်ဟု သိရသည်။ အနည်းငယ်သော ဆန္ဒပြသူများကလည်း လက်သုံးချောင်းထောင်ပြသည့် အမူအရာ ကို ပြသ ခဲ့ကြသည်ဟု South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။ အဆိုပါ သင်္ကေတသည် Hunger Games ရုပ်ရှင်စီးရီးတွင် အာဏာပိုင်များကို ဆန့်ကျင်တော်လှန်သည့် အထိမ်းအမှတ်တစ်ခုပင်ဖြစ်ပြီး ယင်းသည် ထိုင်းနိုင်ငံရှိအစိုးရဆန့်ကျင် ဆန္ဒပြသူများအကြားတွင်လည်း ကျော်ကြားသည်။ တရားရေးဌာန ၂၀ ဦးပါ အဖွဲ့တစ်ခု သည် ဒေသ စံတော်ချိန် ၁၀ နာရီခွဲခန့်တွင် ဆန္ဒပြနေရာများကို စတင်ရှင်းလင်း ခဲ့ကြခြင်းဖြစ်သည်။ အဖြူရောင် ခေါင်းဆောင်းများနှင့် လက်အိတ်များ ၀တ်ဆင်ထားသော အလုပ်သမားများသည်လည်း ယင်းသပိတ်စခန်းများရှိ သစ်သာပြား များနှင့် အခြားအကာအရံပစ္စည်းများကို ဖယ်ရှား၍ လော်ရီကားများဖြင့် သယ်ဆောင်သွားကြသည်ကို တွေ့ရသည်။ ယင်းအချိန်တွင် ရဲများစွာ သည်လည်း အသင့်အနေအထားတွင်ရှိနေခဲ့ကြပြီး ဆန္ဒပြသူများဘက်မှ တစ်စုံတစ်ရာခုခံမှု ရှိခဲ့ပါက ၀င်ရောက်ဖြေရှင်းရန် လုပ်ပိုင်ခွင့်လည်း ရရှိထား သည်ဟုသိရသည်။ ဆန္ဒပြနေရအား ရှင်းလင်းမှုတွင် တားဆီးသူများအား ဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - AFP Ref: BBC Mizzima