

Published on: November 28, 2014
Written by:
မင်းသန့်
ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်မြေခသွားသော လေးကျွန်းမာရ်အောင်ဘုရားအား နိုဝင်ဘာ ၂၈ ရက်က ဖူးတွေ့ရစဉ်
နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက ပြင်ဦးလွင်မြို့ အရှေ့မြောက်ဘက် လေးမိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ထီးတော်တင်လှူပူဇော်ထားသည့် လေးကျွန်းမာရ်အောင်ဘုရား အပါအ၀င် စေတီပုထိုးသုံးဆူ၏ စိန်ဖူးတော်များ မြေခခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတောင်ခြေ သရက်ပင်ဆိပ်အနီး သောတာပန်ရပ်ရှိ လေးကျွန်းမာရ်အောင်ဘုရားမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာအတွင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်ပြိုပျက်ကျခဲ့ရာ ၂၀၁၃ ခုနှစ် သြဂုတ် ၁၈ ရက်က နိုင်ငံတော်သမ္မတဦးသိန်းစိန်က စိန်ဖူးတော်ပြန်လည်တင်လှူ ပူဇော်ထားကြောင်း သိရသည်။
ထို့အတူ ပန်းပဲတန်းရပ်ရှိ ဆင်များရှင်ဘုရားနှင့် မြို့သစ်ရပ်ရှိ မရှိခဏဘုရားများ၏ စိန်ဖူးတော်များလည်း ငလျင်ဒဏ်ကြောင့် မြေခမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်မြေခသွားတဲ့ ဘုရားသုံးဆူလုံးက ၂၀၁၁ ငလျင်တုန်းကလည်း မြေခခဲ့ဖူးပါတယ်။ ဆင်များရှင်ဘုရားက အရံစေတီရဲ့ စိန်ဖူးတော်မြေခတာဖြစ်ပြီး ဘုရားကြီးရဲ့ စိန်ဖူးတော်ကတော့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ငလျင်ပြီးကတည်းက ပြန်လည်တင်လှူရခြင်း မရှိသေးပါဘူး။ လေးကျွန်းမာရ်အောင်ဘုရားက သမ္မတကြီးကိုယ်တိုင် စိန်ဖူးတော်ပြန်လည်တင်လှူ ပူဇော်ထားတာပါ” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောကြားသည်။
ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်မြေခသွားခဲ့သော လေးကျွန်းမာရ်အောင်ဘုရားအား နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ်
“ငလျင်ဒဏ်ကြောင့် ဘုရားစိန်ဖူးတော်က အင်္ဂါထောင့်မှာကျပြီး မြေခသွားတာပါ။ ဘုရားမကိုဋ်တော်လည်း တောင်ဘက်ကို အနည်းငယ်စောင်းသွားတယ်။ ဖြစ်ပြီးပြီးချင်း ဆရာတော်အရှင်ဆေကိန္ဒကိုယ်တိုင် ရောက်လာပြီး စိန်ဖူးတော်ကို စိစစ်သိမ်းဆည်းသွားတယ်။ ထီးတော်ပြန်လည်တင်လှူဖို့အတွက်ကို မနက်ဖြန် (နိုဝင်ဘာ ၂၉ ရက်)မှာ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်လာရောက်ပြီး ဆရာတော်နဲ့ ညှိနှိုင်းမှုလုပ်သွားဖို့ ရှိပါတယ်” ဟု လေးကျွန်းမာရ်အောင်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးကျော်လှက ပြောကြားသည်။
လေးကျွန်းမာရ်အောင် မြတ်စွာဘုရားကြီးကို ကောဇာသက္ကရာဇ် ၁၀၇၆ ခုနှစ်တွင် နန်းတက်သော အင်းဝဘုရင် မှန်နန်းရှင်သီရိ ပ၀ရဓမ္မရာဇာဓိပတိဘွဲ့အမည်ခံ တနင်္ဂနွေမင်းတရားကြီးက ကောဇာသက္ကရာဇ် ၁၀၈၆ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၂၂ ပေရှိပြီး လိုဏ်ဂူအတွင်းရှိ ကျောက်ဆင်းတုရုပ်ပွားတော်မှာ ဉာဏ်တော် ၁၂ တောင်၊ ပုလ္လင်တော် သုံးတောင်နှင့် ဘီလူး ၉၉ ယောက်၊ မဟာရံတံတိုင်းသုံးထပ်တို့ဖြင့် တည်ထားကိုးကွယ်ထားကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီ ၄၇ မိနစ် ၄၆ စက္ကန့်တွင် လှုပ်ခတ်ခဲ့သောငလျင်မှာ မန္တလေးမြို့ မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် ၃၀ အကွာ (ပြင်ဦးလွင်မြို့၏ အရှေ့မြောက်ဘက် လေးမိုင်အကွာ)ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ အင်အား ၅ ရစ်ခ်ျတာစကေးရှိကြောင်း မန္တလေးမြို့ မြေငလျင်စခန်းက ထုတ်ပြန်ခဲ့ပြီး ငလျင်ဒဏ်ကို ပြင်ဦးလွင်၊ မန္တလေးအနီးဝန်းကျင်နှင့် စစ်ကိုင်းမြို့တို့တွင် သိသာစွာခံစားခဲ့ရကြောင်း သိရသည်။
eleven
No comments:
Post a Comment