၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက်ကြိုးကြိုး
စားစား ဆောင်ရွက်ရန် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီထိပ်ပိုင်းခေါင်းဆောင်
များကို ယခင် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က မှာကြားခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင်များက နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ နေအိမ်သို့ သွားရောက်တွေ့ဆုံ ဂါရ၀ပြုစဉ် အထက်ပါအတိုင်းမှာကြားလိုက်သည်ဟု ဆိုသည်။ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင်များသည် ၂၀၁၂ ခုနှစ်တုန်းကလည်း သွားရောက် ဂါရ၀ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တဦးချင်းအစီအစဉ်ဖြင့် သွားရောက်ဂါရ၀ ပြုခဲ့ကြောင်း သိရသည်။
အာဏာရပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ သည်လည်းကောင်း၊ လက်ရှိ အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြ သူအများစုသည်လည်းကောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ကြောင့် ယခုလို နေရာများသို့ရောက်ရှိနေကြသူများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ကို ဘုရားတဆူဂူတလုံးပမာ ယုံကြည်ကိုးကွယ် အားထားကြသည်။
“တပ်ချုပ်ကြီး ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ မှာကြားတာက အထူးအထွေ မှာကြားတာ မရှိပါဘူး။ အားလုံး စည်းစည်းလုံးလုံးနှင့် ညီညီညွတ်ညွတ်လုပ်ဖို့ပါ။ တခြားသီးသီးခြားခြားမှာကြားတာ တော့ မရှိပါဘူး”ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့်က ပြောသည်။
“ကျန်းမာရေးကောင်းနေပြီး ကြိုးကြိုးစားစား ဆောင်ရွက်ဖို့ပဲ မှာကြားပါတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရပါဘူး”ဟု ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင်တဦးက ပြောသည်။
ချက်သမားတဦးဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မြန်မာနိုင်ငံရေးကို စစ်တပ်က အမြဲတမ်းချုပ်ကိုင်ထားနိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အကွက်ချဦးဆောင်ရေးဆွဲခဲ့သူ ဖြစ်သည်။ ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ ပေါ်ထွက်လာမည့် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ခေါင်း ဆောင်ပိုင်းနေရာများတွင် မည်သည့်တာဝန်ယူဟူ၍ ကိုယ်တိုင်ရွေးချယ်နေရာ ချပေးခဲ့သူလည်း ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)သည် လက်ရှိအစိုးရ၊ လွှတ်တော်နှင့်တပ်မတော်ခေါင်းဆောင်များအပေါ် သြဇာလွှမ်းမိုးဆဲရှိသည်ဟု ပြည်တွင်းပြည်ပရှိ မြန်မာ့အရေးလေ့လာစောင့် ကြည့်သူများက သုံးသပ်ကြသည်။
ပြန်ကြားရေးဝန်ကြီးဟောင်း လက်ရှိသမ၀ါယမ ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) နေပြည်တော်တွင် အေးအေးလူလူ စာဖတ်နေကြောင်း ပြောဖူးသည်။ အာဏာရပြည်ခိုင်ဖြိုး ပါတီထိပ်တန်းခေါင်းဆောင်တဦးကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) သည် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်ပူပန်စွာဖြင့် စောင့် ကြည့်နေကြောင်း ပြောကြားခဲ့သည်။
အာဏာရပြည်ခိုင်ဖြိုးပါတီထိပ်ပိုင်းခေါင်းဆောင်များက မြန်မာ့ဓလေ့ ထုံးတမ်းနှင့်အညီ သီတင်းကျွတ်ကာလအထိမ်းအမှတ်အဖြစ် ဂါရ၀ပြုပြီး နောက် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် အဖွဲ့အစည်း (၁၄)ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော်ရှိ သမ္မတအိမ်တော် တွေ့ဆုံခဲ့ခြင်းမှာ ထူးခြားတိုက်ဆိုင်မှု တရပ်ဖြစ်သည်။
နောက်ထပ်တိုင်ဆိုင်မှုတရပ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)၏ အန္တေ၀ါသိကလက်ရင်း လူယုံတော်တပည့်ရင်း အာဏာရပြည်ခိုင်ဖြိုးခေါင်းဆောင်ပိုင်းအတွင်း သဘောထားတင်းမာသူအဖြစ် နာမည်ကြီးသူ စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်းကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက နာမည်ပျက်စာရင်းသွင်းပြီး ၎င်းအပေါ် လူပုဂ်္ဂိုလ်တဦးချင်းအလိုက် အရေးယူပိတ်ဆို့ပြဋ္ဌာန်းချက်များ ချမှတ်လိုက်ခြင်းဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ် ရေးညွှန်ကြားရေးမှူး အဒမ်ဇူဘင်က ဦးအောင်သောင်းသည် မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်မှုများ ယိုယွင်းပျက်စီးအောင်နှင့် ဆူပူအကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် အဂတိလိုက်စားမှုများ ပိုမိုဖြစ်ပေါ်အောင် ပြုလုပ်ခဲ့သည်ဟု ပြောကြားသည်။
“မင်းတို့ရဲ့ ရန်သူတွေ မင်းတို့ကို ambush (ချုံခိုတိုက်ခိုက်)လိမ့်မယ်၊ သတိထားကြ””ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မှာကြားဖူးကြောင်း လက်ရှိ တိုင်းဒေသကြီးဝန်ကြီးချုပ်တဦးက ပြည်ခိုင်ဖြိုးပါတီဝင်များအား သတိပေးခဲ့ဖူးသည်ဟု ဆိုသည်။
စစ်ရေးသတိရှိသူတဦးပီပီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် န၀တ၊ နအဖစစ်အစိုးရ လုပ်ရပ်များကို နောက်ကြောင်းပြန် အရေးမယူနိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဖြင့် အကာအကွယ်ယူခဲ့ကြောင်း၊ ယင်းသို့သော ပုဂိ္ဂုလ်တဦးသည် လက်ရင်းတပည့်များအား နိုင်ငံ့အာဏာကို ယုံကြည်စိတ်ချစွာ လွှဲပြောင်းပေးရုံမျှဖြင့် စိတ်အေးနိုင်မည် မဟုတ်ဘဲ မြန်မာ့နိုင်ငံရေးတွင် နောက်ကွယ်မှ အကြံဉာဏ်များပေးနေမည်မှာ သေချာကြောင်း မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။
News Watch Journal
Friday, 7 November 2014
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) နောက်ကွယ်၌ရှိနေသည်

Subscribe to:
Post Comments (Atom)
No comments:
Post a Comment