Monday, 3 November 2014

ပီမိုးနင်း

================ လူသည် အံ့ဖွယ်သောသတ္တ၀ါဖြစ်၏။ ဤလောကကြီး၌ လုပ်ကိုင်၍ထားသော ကြီးကျယ်သောလူ၏လက်ရာ၊ လူ၏အလုပ်ကို ကြည့်ရှု့ခြင်းဖြင့် လူ၏တန်ဖိုးသတ္တိသည် အဘယ်မျှလောက် ကြီးကျယ်သည်ကို သိသာလေသည်။ လူသတ္တ၀ါသည် မြေကိုလျိုး၍မိုးကိုပျံ၏။ မိုးပါးနီးနီးတိုက်ကြီးများကိုဆောက်၏။တောကြီးတောင်ကြီး၊ချောင်းကြီးမြောင်းကြီးတို့နှင့် ပင်လယ်သမုဒရာတို့ကို ဖြတ်သန်းကာ ငှက်ထက်မက လျင်မြန်သောတောင်ပံဖြင့် ကမ္ဘာကိုပတ်ရစ်၏။ သမုဒရာဤမှာဘက်ကမ်းမှ ထိုမှာဖက်ကမ်းသို့ မျက်စိဖြင့် မမြင်နိုင်သောသတင်းစကား ရုပ်ပုံများနှင့်တေးသီချင်းအဆန်းအပြားကို စေလွှတ်၏။ သမုဒရာလှိုင်းတံပိုးတို့သည် ဆိပ်ကမ်းကျောက်ဆောင်တို့ကိုရိုက်ခတ်ပြီးနောက်ကို ပြန်တတ်၏။ လူသည်ကား ဆီးတားကန့်ကွက်ပိတ်ဆို့၍ စကြာဝဠာတံတိုင်းကိုဖြို၍အခြားစကြာဝဠာသို့ ကူးဖို့ရန်ဟန်ပြင်၍နေလေသည်။ မနုဿလူသတ္က၀ါ၏ တန်ခိုးသတ္တိသည် ဤမျှနှင့်မရပ်မနား တိုးတက်ရန်သာ ကြိုးစား၍နေသညိကို ထောက်လိုက်သော လူ၏တန်ခိုးသတ္တိသည် အဆုံးမရှိကြောင်းသိသာလေသည်။ / ထိုသတ္တ၀ါသည် စိတ်၌တည်လေသည်။ ၎င်းသတ္တိသည် အသုံးမပြုဘဲထားလျှင် မရှိဟုမှတ်ထင်ရ၏။ တကယ်အရေးကြုံ၍ တကယ်မသုံးဘဲမနေနိုင်သောကြောင့် စွန့်စား၍ သုံးရသည့်အခါ ကြီးမားသောသတ္တိသည် ပေါ်လာတတ်လေသည်။ လူတို့သည် မိမိတို့ကြံစည်မှန်းထားသလို ဖြစ်တတ်၏။ အိန္ဒိယတိုင်းမှ မြန်မာပြည်ကို လာကြသောကုလားလူမျိုးတို့အနက် လန်ချားဆွဲရန် စိတ်ကိုတင်း၍လာသူတို့သည် အများအားဖြင့် လန်ချားသမားများဖြစ်လျှင်ကူလီလုပ်၍စားရန်ကြံစည်၍ လာသူတို့သည် ကူလီဖြစ်ကြ၏။ မြန်မာပြည်သည်ငွေပေါသောအရပ်ဖြစ်သောကြောင့် ဈေးရောင်း၍ငွေစုမည်ဟု ကြံစည်လာသောသူတို့သည် အငယ်ဆုံးသော ခေါင်းရွက်ဈေးသည်အဖြစ်မှ ဆိုင်သည်အဖြစ်ကို ရောက်ကြ၏။ ဆိုင်သည်ဖြစ်ရာမှ ကုန်တိုက်ကြီးများ ဖွင့်လှစ်တည်ထောင်နိုင်ကြသည်။ သို့ဖြစ်၍ လူသည်ထာဝရဘုရား စီမံရာကိုသာ ခံ၍နေရသော သတ္တ၀ါမျိုးမဟုတ်၊ ကံ၏ဆွဲဆောင်ရာကိုသာ အမြဲတမ်းသစ်တုံးလိုလိုက်ပါ၍နေရသည်လည်းမဟုတ်၊ မိမိဥာဏ်စွမ်းသတ္တိကို အသုံးပြုကာ မိမိဖြစ်ချင်သော အခြေအနေသို့ မိမိကိုယ်တိုင် အစွမ်းဖြင့် ပေါက်ရောက်အောင် လုပ်ကိုင်အသက်မွေးရသော သတ္တ၀ါဖြစ်လေသည်။ လောက၌ လူတို့လုပ်ကိုင် ရှာကြံကြီးပွားကြခြင်း၌ မိမိတို့ကိုယ်၏ အစွမ်းကိုသာယုံကြည်ကိုးစားရာ၏။ ကောင်းမူကုသိုလ်တို့ကို အဘယ်မျှပင် ရှေးဘ၀ကဆည်းပူးခဲ့သောငြားလည်း ယခုမျက်မှောက် ကြီးပွားခြင်းအရေး၌ ကောင်းသောအလုပ်၊ ကောင်းသော အကြံ၊ကောင်းသောဝီရိယ၊ကောင်းသောအကျင့်တို့ အခံမရှိက ကုသိုလ်ကောင်းမူ့မျိုးစေ့သည် မြေရေမကောင်းသဖြင့်အကျိုးမဲ့ ဖြစ်ရသလို ပျက်စီးဆုံးပါးတတ်လေသည်။ ဤမျက်မှောက်လောက၌ ကြီးပွားလိုသောသူတို့သည် မိမိတို့၏ စိတ်၌အဘယ်မျှလောက် ကြီးမားသောသတ္တိတန်ခိုးရှိသည်ကို သိရှိ ယုံကြည်ရာ၏။ မသိမရှိ မယုံမကြည်ဘဲနေချေက ကြီးကျယ်သောတန်ခိုးသတ္တိသည် ထင်ရှားခြင်းသို့မရောက်နိုင်ချေ။ ထို စိတ်တန်ခိုးသည် ကိုယ်ခန္ဓာကိုယ်ကို ထိခိုက်နိုင်အောင် ကြီးကျယ်လေသည်။ ဟင်နရီအားဝင်း ခေါ်ကျော်ဇောသော ကချေသည် ကပြရာ၌လွန်စွာ စိတ်အားထက်သန်သဖြင့် အသေခန်းကို ကပြရာတွင် မျက်ဖြူများလန်ပြီး တကယ်အသေလိုဖြစ်လျက် ခြေလက်များပင် အေး၍ လာတတ်သောကြောင့် ဆေးဆရာဝန်ကြီးတစ်ယောက် ကဤအခန်းကို မကပြရအောင် ၎င်းအား ပိတ်ပင်တားမြစ်ရလေသည်။ သို့ပိတ်ပင်တားမြစ်သော်လည်း ဆရာဝန်၏ စကားကို နား မထောင်ပဲ နောက်ဆုံးတစ်ကြိမ် ထိုအခန်းကို ကပြပြီးနောက် ၂၄ နာရီအတွင်းမှာ တကယ်သေဆုံး၍သွားလေသည်။ ထိုအခန်းကို ကပြ၍နေသောအခါ ၎င်း၏အခြေအနေသည် အခန်းအစမှ အဆုံးသို့တိုင်အောင် ရောဂါကြီးသဖြင့် သေတော့မည့်ဆဲဆဲ မနည်းဖြစ် ၍နေသော လူမမာ၏ အခြေအနေနှင့်မခြားဖြစ်၍နေကြောင်းကို သိရသည်ဟု ၎င်းဆရာဝန်က ပြော၍ပြလေသည်။ ၎င်းသည် သဏ္ဌာန်လုပ် သရုပ်တူစေရန် ကြိုးစားခြင်း၌ စိတ်အားလွန်စာထက်သန်လှသဖြင့် မိမိကိုယ်ကို တကယ်ပင်သေသကဲ့သို့ ယုံကြည် ပြီး ကပြသောကြောင့် တကယ်ပင်သေဆုံး၍ သွားရရှာလေသည်။ ဥရောပတိုင်း၌ ကချေသည်များသည် ကပြခြင်း စည်းကမ်းစနစ်လွန်စွာကြီး၍ တကယ်တူအောင် စိတ်အားထက်သန်စွာ ကြိုး စားရသောကြောင့် တစ်ကြောင်း၊ ကပြခြင်း၌ ကျော်စောချင်သော စိတ်အား ကြီးမားသဖြင့်လည်းကောင်း၊ ငါ၏ အလုပ်ဖြင့် ငါ တ ကယ်ကြိုးစားရမည်၊ ငါ၏ တာဝန်ကြီးရှိသည်ဟု စိတ်၌ ထက်သန်မြဲမြံစွာ စွဲကြသဖြင့် ပြင်းထန်သော ရောဂါကြီးများပင်စွဲကပ်၍ နေစေကာမူ ကပြသည့်အခါ၌ ရောဂါပျောက်ကင်းသကဲ့သို့ အကောင်းဖြစ်၍နေလေ့ရှိပေသည်။ ကျော်စောသောသီချင်းသည် များသည်လည်ကောင်း၊ ကျော်စောသောကချေသည်များသည်လည်းကောင်း၊ တရာဟောကောင်း သောလူများသည် လည်းကောင်း အဘယ်မျှပင် မကျန်းမမာ၍ မောပန်းအားကုန်၍နေစေကာမူ ဟောရာပြောရာ၊ ကရာ ခုန်ရာ သီ ဆိုရာ၌ လူကောင်းပမာဖြစ်၍နေပေသည်။ ကျော်စောသော လောကဓာတ်ဆရာကြီး အယ်ဒီဆင် သည် နာရီပေါင်းကိုးဆယ် ကျော်ကျော် မအိပ်ဘဲ ကြံစည်နိုင်သည်မှာ တစ် စုံတစ်ခုကို ဖြစ်မြောက်အောင် လုပ်ဖို့ရန်စိတ်အား ထက်သန်ခြင်းကြောင့် ဖြစ်လေသည်။ အိပ်ခြင်း စားခြင်း သည် ကိုယ်ခန္တာ၌ ခေတ္တလာ၍စွဲကပ်သော ရောဂါဝေဒနာများထက်ကြီးကျယ်သော ၀တ္တရားကြီးများ ဖြစ်ကြလေသည်။ ထိုမျှလောက် ကြီးလေးသော ကိစ္စတာဝန်ကြီးများကိုပင် စိတ်၏ တန်ခိုးသတ္တိသည် နိုင်နင်းနိုင်လေသည်။ အကြောင်းမူကား အလွန်ဝမ်းသာသည့်အခါ မွတ်သိပ် ခြင်းကို နိုင်၏။ အိပ်၍မပျော်ဘဲ မျက်လုံးကြောင်၍ နေတတ်လေသည်။ မိမိ၏ အလုပ်ကို မိမိလုပ်ကြလျက် အရှင်သခင်မရှိဘဲ လွတ်လပ်စွာနေသူတို့မှာ အနည်းငယ်မျှ နေထိုင်၍ မကောင်းလျှင်တုံးလုံး ပတ်လက်လှဲ၍ နေချင်ကြ၏။ လခစာ စာရေးစာချီ လုပ်ကြရသောသူတို့မှာ တော်ရုံတန်ရုံမျှ နေထိုင်မကောင်းကို အလုပ်လုပ်ခြင်း ဖြင့် မေ့လျော့နိုင်နင်း ပျောက်ကင်း၍ သွားသကဲ့သို့ ဖြစ်ကြလေသည်။ အဆိုပါ ကချေသည်များမှာ ရောဂါကို မေ့၍နေတတ်သည် မှာ အခြားကြောင့် မဟုတ်။ Must ဟူသော မလွှဲမရှောင်သာ အလုပ်ဘဲမနေရ၊ လုပ်ရမည်ဟူသော တာဝန်ကြောင့် ဖြစ်လေသည်။ မလုပ်ချင်ရင်နေနိုင်သည်ဟူသော ပေါ့လျော့သော အခြေအနေရှိချေက ကိုယ်၏ ဝေဒနာက စိတ်ကိုလွှမ်းလျက် မလန်းဘဲ နွမ်း၍ သွားဖို့သာ ရှိတော့သည်။ မလုပ်ဘဲ မနေရ၊ ဖြစ်အောင်လုပ်ရတော့မည်ဟူသောစိတ်က အတွင်း၌နှိုးဆွ၍ နေသည့်အခါ၌လည်းကောင်း၊ အရေးတကြီး တစ်စုံတစ်ရာ ကြုံကြိုက်၍လာသည့်အခါ၌လည်းကောင်း လုပ်ကိုင်၍မဖြစ်နိုင်အောင်ခက်ခဲသောအရာများကိုပင် အောင်မြင်၍ သွားတတ်လေသည်။ အခါများစွာ ကြီးလေးခက်ခဲသော အလုပ်တစ်ခုခုကို လုပ်ဖို့ရှိရာ၌ ထိုအလုပ်သည် အလွန်တရာခက်ခဲသဖြင့် လုပ်ရမည့်လူတို့ မှာ တောင်ကြံမရ မြောက်ကြံမရ လက်မှိုင်ချ၍နေတတ်သည်။ ထိုကဲ့သို့နေခိုက်မှာ ဒီအလုပ်ကိုပြီးအောင်လုပ်မှာ့နေရာကျမည်၊ အခုမပြီးလျှင် ခက်လိမ့်မယ်၊ တွေကြံငေးမောနေလို့ မဖြစ်ဘူး၊ ဒီအလုပ်မပြီး ဒုက္ခကြီးစွာတွေ့ရလိမ့်ဟု အားတင်းကာ ခါးတောင်း ကို မြှောင်အောင်ကျိုက်ပြီး တစ်ယောက်ယောက်က စ၍လုပ်သဖြင့်ညီညာစွာ အားကိုလောင်းကြသည့်အခါ ခက်ခဲကြီးလေးသော အလုပ်သည် ရုတ်တရက် လွယ်ကူစွာ ပြီးစီး၍သွားတတ်လေသည်။ မလုပ်ဘဲမနေရ-လုပ်မှဖြစ်မည် ဟူသော စိတ်၏ အားတန်ခိုးသည်လွန်စွာ ကြီးမားလေသည်။ ထိုစိတ်သည် ကိုယ်ခန္တာ၏ အား ငယ်ခြင်းကို နိုင်၏။ ရောဂါဝေဒနာကို ပျောက်စေ၏။ ကြောက်ရွံခြင်းကိုပင် ပယ်ဖျောက်နိုင်သောစိတ် ဖြစ်လေသည်။ သို့ဖြစ်၍ နှိုးဆွသော တာဝန်တည်းဟူသော သံချွန်ဖြင့် နံဘေးကိုဆောင့်၍ ထိုးပေးသည့်အခါ ကဆုန်စိုင်း၍သွားသော မြင်းနှင့်တူသော စိတ်၏သတ္တိသည် ပေါ်ထွက်၍လာရလေသည်။ ထိုကဲ့သို့ နှိုးဆွသောတာဝန်ဝတ္တရားမရှိပါက နူးညံ့သိမ်မွေ့ ပျင်းရိစွာ ခွေအိပ်၍ နေသော ကျားနှင့်တူလေသည်။ ကချေသည်တို့သည် မကျန်းမာခြင်းကြောင့်အကမပျက်၊ဇာတ်ခေါင်းကွဲ၍ မကဘဲနေရသည့်အခါကျမှသာလျှင် မအီမသာ မ ကျန်းမမာခြင်းဖြစ်တတ်ကြလေသည်။ သို့ဖြစ်၍ ဥရောပတိုင်းကချေသည် သဘင်သည်တို့သည် မိမိတို့မှာ ဖျားနာခြင်း၏ သုခ စည်းစိမ်ကို ခံစားခွင့်မရ။ အခြားသူများလို တစ်ခါတစ်ရံ ဖျားနာခွင့်ကလေးများကို ရကြမည်ဆိုရင် အင်မတန်မှ ကောင်းမှာပဲဟု ပြောတတ်ကြလေသည်။ ၎င်းတို့မှာ မဖျားမနာပဲ ကပြနိုင်ကြသည်မှာ စိတ်အားထက်သန်ခြင်းကြောင့် အဖျားအနာကို မေ့လျော့ခြင်းဖြစ်သည့်ပြင် ငါဖျား လျှင် ကနိုင်တော့မည်မဟုတ်ဟုစိတ်ကစွဲပြီး ဖျားနာခြင်းမလိုလားသော စိတ်အား လွန်စွာကြီးမားသောကြောင့် ဖြစ်လေသည်။ သို့ဖြစ်၍ စိတ်အားဝီရိယသည် ကမ္ဘာပေါ်၌ အကြီးမားဆုံးသော အားဆေးဖြစ်သည်ဟု ပညာရှိများ အယူရှိကြလေသည်။ ကြီး စွာသော ၀မ်းမြောက်ခြင်းသည်လည်း ကိုယ်၌စွဲကပ်သော ဝေဒနာကို နိုင်နင်းသောသတ္တိရှိလေသည်။ ဂျင်နရယ်ဂရန့်ခေါ်သော အမေရိကန် စစ်တပ်ကြီးသည် ရန်သူက အရှုံးပေးတော့မည်ဟူသော သတင်းကို ကြားရသောအခါ ကြီးစွာသော မကျန်းမမာ ဝေဒနာ စွဲကပ်နေရာမှ ရုတ်တရက်ကျန်းမာ၍လာခဲ့သည်။ နှစ်ပေါင်းများစွာ မကျန်းမမာ၍ မသန်မစွမ်းဖြစ်ခဲ့ကြသော များစွာသော လူတို့သည် ကြီးစွာသော ဘေးအန္တရာယ်တစ်ခုခုနှင့်တွေ့၍ အသက်ကိုလုကြရသောအခါ မိမိတို့၏ သားသမီးကို ယူငင်ပွေ့ပိုက်ပြီး အသက်ဘေးအတွက် ပြေးလွှားနိုင်ကြသည်ကို ကြားရဖူးလေသည်။ သို့အတွက်လူတို့၌ရှိသော စိတ်အားသတ္တိတန်ခိုးသည် အရေးကြုံသည့်အခါ အံ့ဖွယ်နည်းဖြင့် ထွက်ပေါ်၍လာတတ်ကြောင်း သိသာလေသည်။ ဘေးအန္တရယ်တစ်ခုခုကိုရင်ဆိုင်မတွေ့ရသေးမီ ထိုဘေးအန္တရာယ်ကို ခုခံနိုင်သော အစွမ်းသတ္တိ မိမိမှာရှိသညိကို မသိတတ်ကြချေ။ သို့ မသိတတ်သောသူတို့မှာ ဘေးတွေ့ သည့်အခါ အစွမ်းသတ္တိ သည်အံ့ဖွယ်သောနည်းဖြင့် ပေါ်လာတတ်လေသည်။ ကြီးစွာသောဆင်းရဲဒုက္ခနှင့် တွေ့ရလိမ့်မည့်အကြောင်းကို တင်ကြိုတွေးတောရခြင်းသည် ဒုက္ခဆင်းရဲနှင့် တကယ်တွေ့ရသည် ထက် ပိုမိုဝန်လေးခြင်းဖြစ်၏။ ရာဇ၀တ်ပြစ်မှုဖြစ်၍ အဖမ်းအဆီးခံနေရသောသူသည် ပြစ်ဒဏ်ခံရမည့်အကြောင်းကို တွေးတော ကာ ကြီးစွာသောပူပန်သောက၏ ဖိစီးခြင်းကိုခံရင်း အပြစ်ဒဏ်ကို ခံရတော့မည်ဟု သေချာစွာသိရသောအခါ၌လည်းကောင်း၊ အပြစ်ဒဏ်ကို ခံရသောအခါ၌လည်းကောင်း ထိုမျှလောက် ၀န်လေးတော့သည် မဟုတ်ချေ။ ထိုကဲ့သို့သော သဘာဝသဘောတရားတို့ကို ထောက်လိုက်လျှင် လူသတ္တ၀ါတို့မှာ ကြီးမားသော သတ္တိတန်ခိုးတစ်မျိုးရှိကြောင်း ထင်ရှားသိသာလေသည်။ အကြောက်ဆုံးသော လူတို့သည် တိုင်းပြည်အတွက် အသက်ကိုစွန့်၍ တိုက်ခိုက်ရန် ရှိသည့်အခါ စစ် မြေပြင်၌ ကြောက်ရွံခြင်းကိုပယ်ဖျောက်နိုင်ကြလေသည်။ စစ်တိုက်ရန်သွားသူဟူသမျှသည် အကြောက်အရွံ နည်းသူများချည်း မဟုတ်၊ များစွာသော စစ်သားတို့မှာ စစ်ရေးစစ်ရာ မပေါ်ပေါက်သဖြင့် ငြိမ်းသက်အေးချမ်းစွာ နေကြရာ၌ လွန်စွာ ကြောက်တတ်သူ များ ဖြစ်ကြလေသည်။ ထိုကဲ့သို့ ကြောက်ရွံခြင်းကို နိုင်သောစိတ်သည် လူ၌ရှိသော စိတ်၏ ကြီးကျယ်သော တန်ခိုးသတ္တိ၏ အစွမ်းဖြစ်လေသည်။ ထို တန်ခိုးသည် အခါခပ်သိမ်း မပေါ်ပေါက်သော်လည်း အရေးကြုံ၍ မလွဲသာသည့်အခါ ပေါ်လာစမြဲဖြစ်လေသည်။အချို့သော လူချမ်း သာတို့မှာ ပူစရာ ပင်စရာမရှိကြသဖြင့် မိမိတို့၏ ကိုယ်လက်ကျန်းမာခြင်းကို ဆင်းရဲသော သူများထက်ပိုမိုဂရုစိုက်နိုင်ကြလေသည်။ များစွာသော လူချမ်သာတို့မှာ မိမိ၏ ဘ၀ကိုလွန်စွာစွဲလမ်းတပ်မက်ကြသဖြင့် သေမှာကို လွန်စွာစိုးသောကြောင့် ကျန်းမာခြင်းကို အမြဲ ဂရုပြုကြလေသည်။ ၎င်းတို့၏ စိတ်၌ ဦးခေါင်းကိုရေစွတ်လျှင်နှာစေး ချောင်းဆိုးဖြစ် ဖျားတော့မည်။မိုးမိ၍ရုတ်တရတ် အ၀တ်ကိုမလဲရလျှင် နမိုးနီး ယားရောဂါ ဖြစ်တော့မည်။ နည်းနည်းလေးချောင်းဆိုးလျှင် အဆုတ်နာဖြစ်ရချေရဲ့၊ နေပူအနည်းငယ်မိလျှင် အပူဝင်ရချည်ရဲ့။ ရေ ချိုးမှားလျှင်သေတတ်သည်။ ညော်မိလျှင်မေးခိုင်ငန်းဖမ်းလိမ့်မည် စသည်ဖြင့် တွေးတောကာအလွန်တရာကြောက်ရွံကြသည်။ ၎င်းလူမျိုးသည် ရောဂါအမျိုးမျိုးကို မိမိတို့၏ စိတ်တန်ခိုးဖြင့် အမြဲညှို့ဓာတ်စီရင်ကာ ခေါ်၍နေကြသည်နှင့်တူလေရာ ဥပါဒါန် ကြောင့် ဥပါဒ်ရောက် ဟူသော စကားကို အနည်းငယ်မှာ့ အမှားမခံပဲ လွယ်ကူစွာ လဲတတ်ကြလေသည်။ ၎င်းတို့သည် ရောဂါမလာအောင် အမြဲကာကွယ်လျှက် ရောဂါပေါ်ပေါက်လာလျှင် ဆီး၍တိုက်ခိုက်ရန်အကြီးအကျယ်ပြင်ဆင်၍ နေကြသူများ ဖြစ်လေသည်။ထိုကဲ့သို့ကြိုတင်ပြင်ဆင်ခြင်းသည် ရောဂါရတော့မည်တကယ်ယုံကြည်သော တကယ်စိတ်အရင်းခံ ရှိခြင်းကိုပြသော လက္ခဏာများဖြစ်လေသည်။ထိုအခါ ၎င်းယုံကြည့်ခြင်းဟူသော ညှို့ဓာတ်အစွမ်းဖြင့် ရောဂါတွေတစ်မျိုးပြီးတစ် မျိုးလွယ်ကူစွာ ပေါ်လာတတ်ကြလေသည်။ ဆင်းရဲသောလူတို့မှာ ထိုကဲ့သို့ ရောဂါဖြစ်မှာကို တင်ကြိုကြံစည်တွေးတော၍ နေခွင့်မရကြ။ မိမိတို့၏ ၀မ်းစာကိုသာ ကြံစည်လုံး ပမ်း၍နေကြရသောကြောင့်လူချမ်းသာများကဲ့သို့ လွယ်ကူစွာ မဖျားမနာတတ်ကြချေ။ တိုင်းပြည်၌ လူဆင်းရဲများပြား ခြင်းကြောင့် လူချမ်းသာတွေထက် အသေအပျောက်များကြခြင်းမှာမူကား အခြားကြောင့်မဟုတ်၊ လူဆင်းရဲတို့ အရေအတွက်က လူချမ်းသာ တို့၏ အရေအတွက်တက် ပိုမိုများပြားခြင်းကြောင့် ဖြစ်လေသည်။ ဆင်းရဲသားများမှာ အလုပ်ကြမ်းလုပ်ရသောကြောင့် ကျန်းမာသည်ဟု ဆိုစရာမရှိ။ အဘယ့်ကြောင့်ဆိုသော် ဆင်းရဲတိုင်း အလုပ်ကြမ်းလုပ်ကြသည်မဟုတ်။ အထူအဖြင့် မြန်မာပြည်၌ အလုပ်နုကိုလုပ်လျက် သဌေးများလိုနေရင်း ဆင်းရဲ၍နေသူတွေ မြောက်မြားစွာရှိကြလေသည်။ ဆင်းရဲသော စာရေးစာချီတို့၏ အလုပ်သည်(ရောဂနပတ်)နှင့် လွန်စွာနီးကပ်သောအလုပ်ဖြစ်သည်။ သို့သောဆင်းရဲသော စာရေး ၁၀ ယောက်နှင့် လူချမ်းသာသူဌေး ၁၀ ယောက်ကိုနှိုင်းယှဉ်လျှင် လူချမ်းသာ ၁၀ ဦးမှာ ပိုမိုရောဂါ ရလွယ်ကြောင်းသိနိုင်သည်။ ဤကဲ့သို့ဖြစ်ရခြင်း၌ချမ်းသာသူက စိတ်၏တန်ခိုးဖြင့် ရောဂါကို ဖိတ်ခေါ်နေခြင်းကြောင့် ဖြစ်လေရာ ၊ဆင်းရဲသူများမှာမူ ရောဂါဖြစ်လျှင် အလုပ်ပျက်မည်၊ အလုပ်ပျက်လျှင် ဆင်းရဲဒုက္ခများမည့်ဘေးကို သိရခြင်းတည်းဟူသော အတွင်းစိတ်က ရောဂါကိုမလိုလား မုန်းထားသောကြောင့်၎င်းရောဂါဝေဒနာတို့ကို မတွေးတောပဲနေခြင်းဖြင့် ရောဂါကိုမောင်းနှင်၍ နေလေရာ ထိုမောင်းနှင်သောစိတ်၏တန်ခိုးကြောင့် ရောဂါကင်းကြလေသည်။ ၎င်းအပြင်ရောဂါ ဖြစ်ပေါ်လာသည့်အခါ ဆီး၍ခုခံတွန်းလှန်ရန် ဆေးဝါးပရောဂဆရာဝန်စသည့် တပ်ထောင်တာ ဗိုလ်ထုကို တင် ကြို၍ မပြင်မဆင်ခြင်းကိုထောက်လိုက်လျှင် ရောဂါဝေဒနာ ဖြစ်ပေါ်၍လာလိမ့်မည်ဟု မယုံကြည်သော စိတ်ရှိကြောင်း သိသာလေ သည်။ ၎င်း၏ မယုံကြည်သောစိတ်သည် မထင်ရှား မသိသာသော်လည်း မဟုတ်တကယ်ရှိသဖြင့် ရောဂါကိုဝေးအောင် မောင်းနှင် ထားနိုင်လေသည်။ အချို့သော လူချမ်းသာတို့သည် မိမိတို့သားသမီးအတွက် စိုးရိမ်ကြောင့်ကြခြင်းလွန်စွာကြီးသဖြင့် အနည်းငယ်မျှလှုပ်ရှားခြင်း ဖြစ်လျှင် ဆရာဝန်ခေါ်ဖို့ရင်ပြင်ဆင်ကြသည်။ ၎င်းတို့၏ စိတ်၌ကလေးမမာနေသောပုံ၊ ဆေးပုလင်းတွေ ၀ိုင်းရံ၍ နေသောပုံ၊ ဆရာ ၀န်က ရင်ဘတ်ကိုတီးခေါက်နေသောပုံ၊ နားကျပ်နှင့်ဆရာဝန်က သုတ်သီးသုတ်ပြာ အိမ်ကိုဝင်၍လာပုံတို့ကို စိတ်ထဲမှာစွဲ၍နေပြီး တရေးရေးမြင်၍နေတတ်ကြလေသည်။ သို့စွဲသည်သာမက ထိုထက်ပိုမို၍ကြောင့်ကြပူပန်ခြင်း ကြီး၍လာကြသောအခါ ပန်းရထား ကလေးများကိုပင် ထင်ယောင်မြင်ယောင် ဖြစ်တတ်ကြလေသည်။ ထိုစိတ်ဓာတ်တို့သည် မဖြစ်သေးသောအရာတို့ကို ဖြစ်အောင်ဖန်တီးသောစိတ်များဖြစ်လေရာ ထင်သလို မြင်သလို ဖြစ်လွယ်ကြ သည်မှာ မလွဲနိုင်သော စိတ်ပညာ၏ အလိုသဘောဖြစ်လေသည်။သို့ဖြစ်သောကြောင့် အကြင်အိမ်သို့ ဆေးဆရာဝန် အလာအရောက်များအံ့၊ ထိုအိမ်မှ ခေါင်းတလား အထွက်အသွား များတတ်သည်ဟု ယုံကြည်ကြစေသတည်း။ များစွာသောလူချမ်းသာတို့မှာ အိမ်မြောင်စုတ်ထိုးလျှင် ထိတ်၏။ အ၀တ်ကို ကြွက်ကိုက်လျှင် လန့်၏။ မနက်စောစောမတော်တစ် ဆတစ်ခုတခုကို မြင်ရလျှင် အမင်္ဂလာဟု အယူရှိပြီးကြောင့်ကြပူပန်၏။ ကတောက်ကတက် အိပ်မက်မက်လျှင် ဘုရားကိုဆူကပ်ချင် ၏။ ဆွမ်းကျွေးချင်၏။ ဘုရားကိုးဆူကပ်ခြင်း၊ဆွမ်းကျွေးခြင်းမှာမူ မြတ်၏။ သို့သော်လည်း မိမိတို့၏ ကိုယ်ကို မိမိတို့၏ စိတ်ဖြင့်ပြု စားခြင်းသည်ကား လွန်စွာကြောက်မက်ဖွယ် ကောင်းသော အကျင့်ဖြစ်လေသည်။ လောက၌အဘယ်မျှပင် ချမ်းသာစေကာမူ ထိုကဲ့သို့သော စိတ်မျိုး၏ ညှင်းပန်းခြင်းကိုခံ၍နေရချေက စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝခြင်း၌ သုခချမ်းသာကို မခံစားရ။ ဒုက္ခကိုသာ ခံစား၍နေကြရသဖြင့် ထိုကဲ့သိုသော ဘ၀မျိုးထက် လူဆင်းရဲလူ မွဲတစ်ယောက်ဖြစ်၍ နေရခြင်းက ပိုမို၍ချမ်းသာဖွယ်ရာ ရှိလေသည်။ မစ္စတာဂန္ဒီသည်ဆေးပညာကို မယုံကြည်သူတစ်ယောက်ဖြစ်လေသည်။ အကြောင်းမှာမူလူ၏စိတ်၌ရှိသောတန်ခိုးသတ္တိသည် ဆေးပင်ဆေးမြစ်အပေါင်းတို့ထက် ထူးကဲလေသည်။ ပွဲလမ်းသဘင် ပျော်ပွဲရွှင်ပွဲ အကြီးအကျယ်နီးကပ်လာသော ကြောင့်ထိုပွဲ ကြီး၌ပါဝင်ကြည့်ရှု့လိုသောစိတ်သည် လွန်စွာ လွှမ်းမိုး၍နေသည့်အခါနာဖျား၍ ၎င်းပွဲကိုမကြည့်ရဘဲ နေသူတို့သည်နည်းပါးကြလေ သည်။ သို့ဖြစ်၍ ရပ်ရွာ၌ ကပ်ရောဂါများဖြိုးဖြိုးဖြောက်ဖြောက် ဖြစ်ပေါ်၍လာသည့်အခါများ၍ မဝေးလွန်းသောရက်ကိုချိန်း၍ အဘယ်နေ့မှာ ကိုဖိုးစိန်ကြီး၊ ကိုစိတ်ဂတုံးကြီး၊ မစိန်သုံကြီး စသည့်ပျော်ပွဲသဘင်များကို ကျင်းပကပြလိမ့်မည်ဟု အကြီးအကျယ် ကြော်ငြာပြီး အကြီးအကျယ်ပြင်ဆင်ကြမည်ဆိုလျှင် ရောဂါဖြစ်မှာကို မလိုလားသောစိတ်၏ တွန်းလှန်ခြင်း၊အပျော်ဖြင့် အကြောက် ကိုနိုင်ခြင်း၊ ရောဂါဖြစ်မှာကို မျှော်၍ပူပင်ကာ ရောဂါကိုမိမိထံသို့ ခေါ်ငင်သောစိတ်ထက် အပျော်ကိုတောင့်တခေါ်ငင်သော စိတ်က ပိုမိုထက်သန်လာ၍လာခြင်းကြောင့် ရောဂါများကင်းရှင်းပပျောက်နိုင်ကြလေသည်။ များစွာသောဆင်းရဲသားတို့မှာ သမုဒရာဝမ်းတစ်ထွာ အရေးကကြီးမားလျှက် မိမိတို့ကို မှီတွယ်၍ နေသူတို့က များပြားသောကြောင့် နာဖျားခွင့်မရဘဲနေကြလျှက် ထိုမျှလောက်တာဝန်မကြီးပဲ တစ်ခါတစ်ရံ တစ်လကိုးသီတင်း နားဖျား၍ နေဖွယ် ရာအကြောင်းရှိသူတို့မှာ တာဝန်ကြီးသဖြင့် မနားမဖျားအားဘဲ နေကြရလေသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းသည် မလုပ်ဘဲ မနေရ ဟူသောစိတ်မှာ ပေါ်ထွက်သော အံ့ဖွယ် သတ္တိတန်ခိုးဖြစ်လေသည်။ ကျွန်ုပ်တို့အခက် အခဲတွေ့ကြုံလျက် အဘယ်နေရာကမှာ့အထောက်အပံမရသည့်အခါ ထိုအံ့ဖွယ်သောတန်ခိုးသတ္တိအစွမ်းဖြင့်ထိုခက်ခဲခြင်းကို နိုင် နင်းတတ်ကြလေသည်။ ကမ္ဘာပေါ်၌ ကြီးကျယ်သော အရာများစွာတို့မှာ မလုပ်မနေရ ဟူသော ၎င်း၏ အစွမ်းကြောင့် ဖြစ်မြောက်ပေါ်ထွန်း၍လာကြလေသည်။ ထိုစိတ်သည်လူတို့ကိုစေခိုင်းသော အကြီးဆုံးအာဏာပိုင်ဖြစ်သည်။ရေမြေကိုအစိုးရသော အစိုးရ၏ အာဏာသည် ဘုရင်မင်းမြတ်တို့၏ အာဏာသည် ထိုအာဏာလောက် မကြီးချေ။ ထိုအာဏာ၏စေခိုင်းခြင်းကိုခံရသောအ ခါ၌ လူသတ္တ၀ါတို့သည် အံ့ဖွယ်သရဲဖြစ်သောအရာတို့ကို ပြုလုပ်စွမ်းနိုင်ကြလေသည်။ လောက၌ကြီးပွားလျှက် လူတစ်လုံးလုပ်နိုင်ရန် ကိုယ်စွမ်းကိုယ်စဖြင့် ထင်ပေါ်ကျော်စောခြင်းအခြေသို့ ရောက်ကြကုန်သောသူ ဟူသမျှတို့၏ စိတ်၌ ငါမလုပ်လျှင် မနေရ ၊ ငါတစ်ခုခုကို ဖြစ်မြောက်အောင် မလုပ်ဘဲမနေနိုင်၊ ငါဖြစ်မြောက်အောင် လုပ်ရမှ အေးမည် ဟူသော စိတ်တစ်ခုသည် သံချွန်မမာ နှလုံးကိုထိုးဆွ ခိုင်းစေ၍ပင်နေ၏။ ဤစာကိုဖတ်ရသော အကြင်သူသည် ကြီးပွားလိုသူ တစ်ယောက်ဖြစ်ချေက ၎င်း၏စိတ်၌ ထိုကဲ့သို့ ဆွနှိုးစေခိုင်း၍နေသာ အာဏာ ပိုင်စိတ်သံချွန်သည် လုပ်ရမည် လုပ်ရမည် မလုပ်ဘဲ မနေရ ဟူသော အာဏာကို ပေး၍နေပါသလော ၊သို့တည်း မဟုတ် ထိုအာဏာပိုင်စိတ်သည် အိပ်ပျော်၍ နေလေသလောဟု စဉ်းစား ရန်သာရှိလေရာ နှိုးဆွသော Must ဟူသော အာဏာပိုင်စိတ် သည် အမိန့်ကို အမြဲပေးနေချေက မသေလျှင် ကြီးမြင့်ရမည်ကို စိတ်ချလက်ချ ယုံကြည်ကြစေသတည်း။ ။ ပီမိုးနင်း

No comments:

Post a Comment