Saturday, 16 May 2015

မိုးကုတ် ထမင်းပေါင်း လုပ်စားကြည့်ရအောင်

ဝင်းနိုင်သိန်း| May 16, 2015 | Hits:1 0 | | မိုးကုတ်ထမင်းပေါင်း မိုးကုတ်ထမင်းပေါင်း ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ) ဒီတပတ်တော့ ပတ္တမြားမြေလို့ ခေါ်တွင်တဲ့ မိုးကုတ်မြို့လေးရဲ့ ဒေသအစားအစာ တခုဖြစ်တဲ့ မိုးကုတ် ထမင်းပေါင်းနဲ့ မိတ်ဆက် ပေးလိုက်ပါတယ် …။ ကျနော်တို့မြို့မှာ … ထမင်းပေါင်းလို့ ခေါ်ကြပါတယ်။ အငွေ့နဲ့ ပေါင်းထားတာမဟုတ်ဘဲ တခြား တွဲဖက်တွေနဲ့ ပေါင်းစားလို့သာ ထမင်းပေါင်း ခေါ်ကြပေမယ့် တကယ်တော့ ထမင်းသုပ် တမျိုးပါပဲ။ မိုးကုတ်ထမင်းပေါင်း အတွက် လိုအပ်တဲ့ ပစ္စည်းများ (၄ ယောက်စာ) ဆန် – ၁ ဘူး ဝက်သား – ၂၀ ကျပ်သား ဝက်အူချောင်း – ၄ ပိုင်းခန့် ဆားဘဲဥ – ၂ လုံး မြေပဲဆံကြော် – အနည်းငယ် နံနံပင် – အနည်းငယ် ကြက်သွန်ဖြူ မြွှာသေး – ၁၀ တက်ခန့် ရှမ်းပဲငါးပိအစပ် – ၄ ဇွန်းခန့် ငရုတ်နှစ်အဆီ – ၁ ဇွန်း ပထမဆုံး ဝက်သားကို ဆား၊ သကြား၊ ဟင်းခတ်မှုန့် အရသာလေး နယ်ပြီး ချင်းဓားပြားရိုက် ထည့်ကာ ရေခမ်းအောင်ပြုတ်ပါ။ ဆီပူပူမှာ ရွှေနီရောင်ရအောင် ကြော်ပြီး ဆီစစ်ထားပါ။ ဝက်အူချောင်းကိုလည်း ကြော်ယူပြီး ဆီစစ်ထားပါ။ ထမင်းဖြူ ချက်ပါ။ ဆားဘဲဥကို ပြုတ်ပြီး ရေအေးစိမ်ထားပါ။ မြေပဲဆံကြော်ပြီး အရံသင့်ပြင်ထားပါ။ ဒယ်အိုး တလုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူကို မွှေးအောင် ဆီသတ်ပါ။ ရှမ်းပဲငါးပိအစပ်နဲ့ ငရုတ်နှစ်အဆီကို ထည့်ပေါင်း ဆီသတ်ပြီး အအေးခံထားပါ။ ပြင်ဆင်မယ်ဆိုရင် ထမင်းဖြူ ပူပူမှာ ပဲငံပြာရည်အကြည် အနည်းငယ်၊ ဟင်းခတ်မှုန့်၊ ဆီသတ်ထားတဲ့ ပဲငါးပိအနှစ်တွေကို ရောနယ်ပြီး တွဲဖက်ဖြစ်တဲ့ ဝက်သားကြော်၊ ဝက်အူချောင်းကြော်၊ မြေပဲဆံကြော်၊ နံနံပင်တို့နဲ့ ပြင်ဆင်ပါ။ အကြော် (သို့မဟုတ်) ဟင်းပေါင်းတွေနဲ့ တွဲဖက်စားသုံးကြပါတယ်။

No comments:

Post a Comment