Monday, 28 May 2018
ခနတာပြုံးပျော်ခြင်းဖြင့် ဘဝအမောတွေ ပြေပျောက်ပါစေရှင် ▪️လူပျံတော်ရဲ့ ရည်းစားစာ▪️
“ဦးကောဝိဒကြီး လူထွက်သွားပြီ......” ဆိုသည့် သတင်းသည် ဆင်ဖြူကျွန်းဆိုသည့် အညာမြို့လေးမှာ အဟော့ဆုံးသတင်းဖြစ်သွား၏။ တချို့ကမယုံကြည်ကြသလို တချို့ကလဲ အံ့သြ၍နေ၏။
အံ့သြမည်ဆိုကလည်း အံ့သြထိုက်ပါပေ၏။ ဦးကောဝိဒဆိုတာ အရိုးခံ ကိုယ်တော်။ တစ်ပါးတည်း အေးအေးဆေးဆေးတည်တည်ညိမ်ညိမ်နေတတ်တဲ့သူ။ မပြုံးမရီ ခပ်တည်တည် မှုန်တေတေနဲ့မို့ ဒီတသက်မှာတော့ ဦးကောဝိဒ လူထွက်လိမ့်မည်လို့ ဘယ်သူမှကို ထင်မထားကြပေ။
ဒါပေမယ့် လက်ရှိအနေအထားက မယုံလို့မရ လက်မခံလို့မဖြစ်တော့တဲ့အခြေအနေ၊ ခေါင်းက ကတုံဘိုကေ ပုဆိုးကိုတစ်စောင်းဆွဲ မညီမညာဝတ်ထားပြီး အင်္ကျီမှာ သတ်သတ်ရပ်ရပ်မရှိဘဲ ဖရိုမရဲ ဖွကျဲကျဲ ခပ်တည်တည်မှုန်ကုတ်ကုတ်နဲ့ လူပျံတော်ဦးကောဝိဒရဲ့ပုံဟာ မြင်ရုံနဲ့ဘုန်ကြီးလူထွက်မှန်း သိသာလှသည်။
ဦးကောဝိဒ လူထွက်တာထက် လူထွက်ခြင်းရဲ့အကြောင်းရင်းကို သိတဲ့သူတိုင်းက ပိုလို့အံ့သြကြ၏။ မအံ့သြဘဲနေနိုင်ရိုးလား လူထွက်တဲ့အကြောင်းက ကျောင်းထိုင်ဆရာတော်ရဲ့ တူမ အပျိုကြီးမမကို ချစ်ခင်တွယ်တာမြတ်နိုးရှာလို့ဆိုပဲ။ နတ်လူ သာဓုထော်ပနာပြုရမယ့် ရည်မှန်ချက်ကြီးပါပေ။
အပျိုကြီးမမဆိုတာကလည်း ဦးကောဝိဒကို ကြည်ညိုလေးစားတဲ့ဒကာမတယောက်ပါ။ ဦးကောဝိဒ လူထွက်တယ်ဆိုတဲ့သတင်းကြားတော့ အပျိုကြီးမမမှာ ၃-ရက်လောက်တောင် ထမင်းမစားနိုင်ဘဲ တမှိုင်မှိုင်နဲ့ဖြစ်သွားတဲ့အထိကို စိတ်မကောင်းဖြစ်မိတာ။
ဦးကောဝိဒ လူထွက်ပြီး တစ်လလောက်ကြာတော့ လူထွက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို စတင် အကောင်ထည်ဖော်ဖို့ ကြိုးစားပါလေတော့၏။ ဘုန်ကြီးလူထွက်ဆိုတော့လည်း ချစ်ပါတယ်၊ ကြိုက်ပါတယ်ဆိုပြီး ချစ်စကား ကြိုက်စကား ရည်းစားစကားပြောဖို့ဆိုတာအဆင်မပြေ အစွမ်းလဲမရှိ။ နောက်ဆုံးမှာတော့ ရှိသမျှသတ္တိ အားကုန်သုံးပြီး အပျိုကြီးမမကို ချစ်သ၀ဏ်လွှာ ရည်စားစာပေးဖို့ဆုံးဖြတ်လိုက်၏။
သို့သော် ကိုယ်တိုင်တော့မဟုတ် ကြားခံအောင်တွယ်ကနေတဆင့် ရည်းစားစာပေးရန်ဖြစ်သည်။ ကြားခံအောင်တွယ်ကား အခြားမဟုတ် ဦးကောဝိဒဦးဇင်းဘ၀က ညီငယ်လိုဖြစ်နေသည့် ကိုရင်ဗိုလ်တေပင်တည်း..။
ကိုရင်ဗိုလ်တေကလည်း ဦးကောဝိဒလို မပြုံမရီ ခပ်တည်တည်နဲ့ မဟုတ်မခံဂျစ်ကန်ကန် ကိုရင်တပါးပင်ဖြစ်သည်။ စကားလဲမလိုအပ်ရင် အပိုမပြောတာမို့ ဘာစာလဲ ? ဘာလို့ ပေးတာလဲ ? လို့လေရှည်နေမဲ့သူမဟုတ်လို့ ကိုရင်ဗိုလ်တေကို အကူအညီတောင်းခြင်းဖြစ်သည်။
ကိုရင်ဗိုလ်တေက အပျိုကြီးမမအိမ်ကို နေ့စဉ်ဆွမ်းခံကြွ၏။အပျိုကြီးမမအိမ်ရောက်တော့ ဆွမ်းလောင်းဖို့ အသင့်စောင့်နေတဲ့ အပျိုကြီးကို အသင့်တွေ့လိုက်ရ၏။
“ဒကာမကြီး ဦးကောဝိဒလူထွက်က ဒကာမကြီးကို စာပေးခိုင်းလိုက်တယ် ရော့ ဒီမှာ” ဆိုပြီးပေးလိုက်လေရာ အပျိုကြီးမှာ ၀မ်းသားအားရနဲ့ ..
“ဟုတ်လားဘုရား တပည့်တော်သူနဲ့တွေ့ချင်နေတာ အဆင်ကောပြေလားမသိပါဘူး၊ အရင်ကတော့ ဦးဇင်းက တပည့်တော်ကို တရားစာတွေ၊ဆုံးမစာတွေရေးပေးနေကျလေ ခုလဲ တရားစာ ဆုံးမစာပဲရေးပေးလိုက်တာနေမှာဘုရား” လို့ပြောပြီး စာအိပ်ကိုဖွင့်၍ ဖတ်ရန်လုပ်ပြီမှ.
“တပည့်တော်က မျက်မှန်မပါတော့ မမြင်ရဘူးဘုရား။ ကိုရင်ပဲဖတ်ပြပါဘုရား” ဆိုပြီးဘုန်းကြီးလူထွက်ရဲ့ရည်းစားစာကိုကိုရင်ဗိုလ်တေလက်ထဲထိုးထည့်လိုက်တော့သည်။
ကိုရင်ဗိုလ်တေဟာ ဓမ္မကထိကဖြစ်ဖို့ရည်ရွယ်ထားသူမို့ စာကျက်ရင်ပဲဖြစ်ဖြစ် ဘုရားရှိခိုးရင် ပဲဖြစ်ဖြစ် ဓမ္မကထိကလေသံနဲ့ ဆိုလေ့ရှိ၏။ စာချဆရာတော်ဆီ ကျက်ပြီးသားစာကို အလွတ်ပြန် ဆိုတဲ့အခါ ကိုရင်ဗိုလ်တေအလှည့်ရောက်မှာကို စာချဆရာတော်မှာ အသေကြောက်၏။
စာကိုဓမ္မကထိလေသံနဲ့ ဆွဲဆွဲငင်ငင် အသံသြသြကြီးနဲ့ တရားဟောသလို ဆိုတတ်သောကြောင့် ဖြစ်သည်။ အခုလည်း လူပျံတော်ဘုန်းကြီးလူထွက်က အပျိုကြီကိုပေးလိုက်တဲ့ ရည်းစားစာကို ဓမ္မကထိကလေသံဖမ်းပြီး တရားဟောသလို ဖတ်ပြလိုက်ပါတော့သည်……….။
“ပထ၀ီ၊တေဇော၊အာပေါ၊၀ါယောဆိုသည့် ဓါတ်ကြီးလေးပါးဖြင့် ဖွဲ့စည်းထားသော ခန္ဓာအိမ်ပိုင်သည့် သင်္ခါရနယ်သူ မာတုဂါမ အပျိုကြီးမမရေ...။ အနိစ္စ၊ဒုက္ခ၊အနတ္တဆိုသည့် မြတ်စွာဗုဒ္ဓ ဟောမြွှတ်ပြခဲ့သကဲ့သို့ ပါပဲ..။
သံသရာခရီသွားဦးပဇင်းကောဝိဒသည်လည်း ယခုအခါ၌မူ အတီတကုသလေ အတိတ်ကံ ကုန်ဆုံး၍ လက္ခဏာရေး သုံးပါးတွင် အ၀င်အပါဖြစ်သော အနိစ္စသဘောအရ ဘုန်းကြီးအဖြစ်မှ လူ့၏အဖြစ်သို့ အနိစ္စအဖြစ် လျောကျဖြစ်ပျက်သွားချေ၏။
၎င်းအတွက်ကြောင့်တော့ ဒေါမနဿမဖြစ်ပါချေလင့်။မာတုဂါမ၏ ရူပါရုံပသာဒသည် ဦးပဇင်းလူထွက်၏ ဟဒဟဘ၀င်၌ ဥပါဒါန်အာရုံရောက် အ၀ိဇ္ဇာမာရ်နတ်ဝင်ပူးကပ်သဖြင့် သမုဒုယသစ္စာဖြစ်သွားပါပေ၏။
ထို့ကြောင့် ဒုက္ခသစ္စာအတူကျော်၍ သုမေဓါ သုမိတ္တာလို တူပျော်ပျော် မဂ်ဖိုလ်နန်း တက်လှမ်းကြပါကုန်စို့ဟု မေတ္တာပေါ်သစ္စာဆင့်လို့ ကောင်းစွာမသွေ အသိပေးလိုက်ရပါပေတော့ သတည်း..”
လို့ နောက်ကနေ “သတည်း”တစ်လုံးအပိုထပ်ထည့်ပြီး ဘုန်းကြီးလူထွက်ရည်းစားစာကို ဓမ္မကထိကလေသံနှင့် ဖတ်လိုက်လေရာ အပျိုကြီးဒေါ်မမမှာ တကယ့်တရားစာအထင်ဖြင့် ရိုသေစွာလက်အုပ်ချီပြီး သာဓု……သာဓု….သာဓု…..ပါဘုရာလို့ သာဓုသုံးလီ ခေါ်ဆိုဆိုလိုက်ပါတော့သည်။
“ဦးကောဝိဒတို့ကတော့ တပည့်တော်ကို အတော်ခင်တာဘုရား ဥပဇင်းဘ၀တုန်းကလဲ တရားစာတွေရေးပေးသလို ခုလူထွက်တော့လဲရေးပေးနေတုန်းပဲဘုရား၊ သူကိုပြောလိုက်ပါ ဥပဇင်းပေးတဲ့ဘုရားရှိခိုးကို နေ့တိုင်းမှန်မှန်ရှိခိုးပါမယ်ဘုရား” လို့ကိုရင်ဗိုလ်တေကို လျှောက်လိုက်ပါတော့သည်။
အဲဒီနေကစပြီး အပျိုကြီးဒေါ်မမတစ်ယောက် ဘုရားရှိခိုးသည့်အခါတိုင်း ဦးကောဝိဒလူထွက်ရဲ့ ရည်းစား စာကို ဘုရားရှိခိုးစာအထင်နဲ့ နေ့စဉ်နေ့တိုင်းရှိခို၍နေလေတော့၏။
ဘုန်းကြီးလူထွက် ဦးကောဝိဒကြီးလည်း ဓမ္မကထိကလေသံဖမ်းတဲ့ ကိုရင်ဗိုလ်တေရဲ့ ကောင်းမှုကြောင့် ရည်ရွယ်ချက်အထမမြောက် “အချစ်ရှုံးသမား ဘုန်းကြီးလူထွက်” အဖြစ်နဲ့ အပျိုးကြီးနဲ့မမညားဘဲ ဘုန်းကြီးကျောင်းမှာ “ကပ္ပိယ”အဖြစ်နဲ့သာ နှစ်ပါးသွား၍ နေရရှာလေတော့သတည်း...........။
🔺ဓမ္မဝီရ ဒေါက်တာတေဇနိယ🔺
credit-ဓမ္မရတနာ
=======================
=======================
ရခိုင်ပြည်နယ် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်ထားခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ဝန်ကြီး၏ ဇနီးပိုင် ကုမ္ပဏီပရိုင်ဖိုင်ကိုမှု စစ်ဆေးရန် တောင်းခံ၍မရဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးနိုင်ကြွယ်အေးက ပြောသည်။
ဝန်ကြီးဦးကျော်အေးသိန်း ဇနီးပိုင်ဆိုင်သည့် ကုမ္ပဏီမှာ ရခိုင်ပြည်နယ်အခြေစိုက် သိင်္ဂီရွှေပြည်ဆောက်လုပ်ရေး ကုမ္ပဏီ ဟုသိရပြီး ကုမ္ပဏီပရိုဖိုင်ကို အစိုးရအဖွဲ့မှတစ်ဆင့် စာတင် တောင်းခံပြီးမှ ကြည့်ရှုခွင့် ပြုမည်ဟုဆိုကာ ငြင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်လွှတ်တော်က စွပ်စွဲအပြစ်တင်ထားသည့် စီးပွားရေးဝန်ကြီးနှင့် ဆက်စပ်ပြီးအခြားကုမ္ပဏီများ၏ ပရိုဖိုင်ကို တောင်းခံ စစ်ဆေး၍ ရခဲ့ပြီး ဝန်ကြီး၏ ဇနီးပိုင် ကုမ္ပဏီပရိုင်ဖိုင်ကိုမှု စစ်ဆေးရန် တောင်းခံ၍မရခဲ့ခြင်း ဖြစ်သည်။
“လွှတ်တော် ကိုယ်စားလှယ်တွေ၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက ကုမ္ပဏီတွေရဲ့ ပရိုဖိုင်ကို တောင်းကြည့်လို့ ရတယ်။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုရဲ့ ပရိုဖိုင်ကို တောင်းတဲ့အခါမှာ ဝန်ကြီးက ကျွန်တော်တို့ကို အစိုးရအဖွဲ့ကို စာတင်ပြီးမှပေးမယ်လို့ ပြောတယ်။ အဲဒီကုမ္ပဏီကလည်း အခု ဝန်ကြီးဇနီးရဲ့ကုမ္ပဏီဖြစ်နေတယ်။ ဒီကုမ္ပဏီကျမှ ဝန်ကြီးက ဘာကြောင့် ဒီလို လုပ်တာလဲတော့ မသိရသေးဘူး။ ဒါပေမဲ့ အဖြေတော့ ပေါ်လာမှာပါ။”ဟု အဖွဲ့ခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးက ပြောသည်။
စစ်ဆေးမေးမြန်းထားသည့် သက်သေများအနက် လွှတ်တော်ကိုယ်စားလှယ်များ၊ ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းရှင် များ ပါဝင်ကာ တင်ဒါခေါ်ယူသည့်အခါ တင်ဒါစည်းမျည်း၊ စည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့်အပြင် နီးစပ်ရာ ကုမ္ပဏီများကို မျက်နှာသာပေးခဲ့သည့် အချက်များကို စိစစ်တွေ့ရှိထားကြောင်း ၎င်းကဆိုသည်။
အဆိုပါ ကုမ္ပဏီ၏ ပရိုဖိုင်မှာ ကုမ္ပဏီနှင့် မသက်ဆိုင်သလို အစိုးရအဖွဲ့မှလည်း အထောက်ထားအဖြစ် ထိန်းသိမ်းထားသည့်လုပ်ငန်း ဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံ တရားဝင် စာဖြင့်တောင်းခံရန် လိုအပ်ကြောင်း စွပ်စွဲပြစ်တင်ခံထားရ သည့် ဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။
“အစိုးရနဲ့ သက်ဆိုင်တဲ့ ပစ္စည်းဆိုရင် နှုတ်နဲ့တောင်းလို့ရတဲ့ ပစ္စည်းမဟုတ်ဘူးလေ။ တရားဝင်တောင်းရင် တရားဝင်ပေးမှာ ပေါ့။ ဒါက ကုမ္ပဏီနဲ့မဆိုင်ဘူး။ အစိုးရမှာ အထောက်ထားအနေနဲ့ သိမ်းထားတဲ့ လုပ်ငန်းတွေ ဖြစ်နေပြီလေ။ တင်ဒါအဖွဲ့မှာ ခရိုင်ထွေအုပ်မှာ အထောက်ထားအနေနဲ့ သိမ်းထားတာ။ ဟိုဟာတွေနဲ့ တူတာမှ မဟုတ်တာ။ အခုက စစ်ဆေးနေတဲ့ ကိစ္စလေ။ သာမန်ကုမ္ပဏီတစ်ခုကို သွားကြည့်တဲ့ပုံစံက မဟုတ်ဘူး။”ဟု ဝန်ကြီးက ဆိုသည်။
စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း စွပ်စွဲပြစ်တင်ခံထားရခြင်းနှင့် ပတ်သက်ပြီး စိစစ်တွေ့ရှိချက် အပြီးသတ်အစီရင်ခံစာကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ်သည်။
အဆိုပါ ဝန်ကြီး ဦးကျော်အေးသိန်းမှာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်၏ ခွင့်ပြုရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် မြို့နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ထိခိုက်နစ်နာရသည်ဟုဆိုကာ တာဝန်ကရပ်စဲဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က ပြည်နယ်ဥက္ကဌထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း ယခုကဲ့သို့ ပြည်နယ်လွှတ်တော်မှာ စွပ်စွဲပြစ်တင်ကာ ရာထူးနှင့် တာဝန်က ရပ်စဲသင့်ကြောင်း ပြည်နယ်လွှတ်တော်မှာ မဲခွဲအတည်ပြုပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံသမ္မတ လက်မှတ်ထိုးကာ ဦးမင်းအောင်ကို ရာထူးနှင့် တာဝန်က ရပ်စဲခဲ့သည်။
==============
Mizzima - News in Burmese
http://mizzimaburmese.com/article/39998
အိမ်ပြေး မိန်းကလေးအား သားမယားအဖြစ် ဆက်ဆံသူကို အမှုဖွင့်
=======================
=======================
နေအိမ်မှထွက်ပြေးလာသည့် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဆိုင်ကယ်ဖြင့်ခေါ်ဆောင်၍ တည်းခိုခန်းတစ်ခုတွင် သားမယားအဖြစ် ဆက်ဆံသော လူငယ်တစ်ဦးကို မေလ ၂၆ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံရသော အသက် ၂၀ နှစ် ဝန်းကျင်ရှိ နေမင်းအောင် (ခ) နေဇော်မှာ မေလ ၁၅ ရက် နံနက် ၄ နာရီခန့်က ယင်းမြို့နယ်ရှိ ဧရာဝဏ်လမ်းပေါ်မှ အိမ်ပြေး မိန်းကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် ၎င်းမောင်းနှင်လာသော ဆိုင်ကယ်ဖြင့် မိန်းကလေးငယ်ကို ခေါ်ဆောင်၍ (၇၁) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ တည်းခိုခန်းတစ်ခုတွင် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်ချက်အရသိရသည်။
“ကောင်မလေးက အခုလ ၁၄ ရက် ညနေပိုင်းက အိမ်က ထွက်သွားတယ်။ အဒေါ်ဖြစ်သူနဲ့အသိတွေက လိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ဘူး။ မေလ ၁၇ ရက် ညပိုင်းမှာ သူ (မိန်းကလေး) နေတဲ့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးကို ပြန်ရောက်လာတော့ သူ့အဒေါ်က မေးမြန်းရင်းနဲ့ အကြောင်းစုံသိခဲ့ရလို့ အခုမှ ရဲစခန်းလာအမှုဖွင့်ကြတာပါ။ တရားခံက အမည်ပဲ ပြောစကားအရ သိရသေးတာ။ ဘယ်မှာနေမှန်းကို ကောင်မလေးလည်း မသိဘူး”ဟု ရဲအရာရှိက ပြောသည်။
နေအိမ်မှ ထွက်ပြေးလာသည့် ၁၄ နှစ်အရွယ်မိန်းကလေးမှာ အသက် ၂၀ နှစ်ဝန်းကျင်ရှိ လူငယ်နှစ်ဦး စီးနင်းလာသော မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ တည်းခိုခန်းတစ်ခုသို့ လိုက်ပါသွားခဲ့သော်လည်း ၎င်းကို သားမယားအဖြစ် နှစ်ကြိမ်ဆက်ဆံခဲ့သူမှာ နေမင်းအောင် (ခ) နေဇော် တစ်ဦးတည်းသာဖြစ်ကြောင်း ထွက်ဆိုသဖြင့် ယင်းအမျိုးသားကို မုဒိမ်းမှုဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
==============
The Voice
http://thevoicemyanmar.com/news/21603-eai
Sunday, 27 May 2018
နုတ်ထွက်ခဲ့သည့် စီမံဘဏ္ဍာဝန်ကြီးနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက် သမ္မတရုံးကို တင်ပြ
=======================
=======================
စီမံ/ဘဏ္ဍာဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို မေလ ၂၅ ရက်က သမ္မတရုံးကို တင်ပြ အစီရင်ခံလိုက်ပြီလို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။
ကော်မရှင် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က “သမ္မတရုံးက စုံစမ်းခိုင်းလို့ စုံစမ်းပေးတယ်။ အခု ဘာဆက်လုပ်မယ်ဆိုတာကို စောင့်နေပါတယ်။ သူနုတ်ထွက်သွားတာကတော့ ကော်မရှင်က စုံစမ်းတာနဲ့ ပတ်သက်နိုင်ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့ ပြောပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အဆိုပါကိစ္စနှင့် လျှို့ဝှက်အဆင့်အတန်း သတ်မှတ်ထားတဲ့ ကိစ္စက လွဲပြီးတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေကို သင့်တော်တဲ့ အချိန်မှာ ထုတ်ပြန်ပေးမယ်လို့လည်း ဆိုပါတယ်။
==============
DVB TV News
http://burmese.dvb.no/archives/272022
Saturday, 26 May 2018
ဦးခေါင်းထဲ ဓားစိုက်နေသည့်တိုင် အံ့ဖွယ် အသက်ရှင်ခဲ့သူ အကျဉ်းသား
=======================
=======================
ဘရာဇီးလ်နိုင်ငံမှာ အကျဉ်းသား အမျိုးသားတဦး ဦးခေါင်းထဲ ဓားမစိုက်ဝင်နေပြီး ဆေးရုံဆီ တည်တည်ငြိမ်ငြိမ် လျှောက်လာတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။
၂၀၀၄ ခုနှစ်ကတည်းက လက်နက်ကိုင် လုယက်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ အကျဉ်းသား ပက်ဒရိုဖာရီရာဟာ အီတာမာရာကာကျွန်းပေါ်မှာရှိတဲ့ အကျဉ်းထောင်မှာ အခြားအကျဉ်းသားတဦးနဲ့ ခိုက်ရန်ဖြစ်ခဲ့ကြတာလို့ ဒေသခံသတင်းတွေအရ သိရပါတယ်။
ရုပ်သံနဲ့ ဓာတ်ပုံတွေထဲမှာ အမျိုးသားရဲ့ နားထင်၊ မျက်လုံးတွေနဲ့ လက်မပိုင်းပဲ ဝေးတဲ့ ညာဘက်ဦးခေါင်းနေရာမှာ ဓားမကြီး စိုက်ဝင်နေတာ တွေ့ရပါတယ်။
လူနာက သတိရှိပြီး မေးခွန်းတွေကို ရှင်းရှင်းလင်းလင်း ပြန်ဖြေပြီး လှုပ်ရှားနိုင်၊ လမ်းလျှောက်နိုင်လို့ ဆရာဝန်တွေလည်း အံ့သြခဲ့ရပါတယ်။
ဆိုးဆိုးရွားရွား ဓားနဲ့ခုတ်ခံရပေမယ့် အံ့သြဖွယ်ရာ အသက်ရှင်ခဲ့ပါတယ်။ ရီစိ့ဗ်မြို့က ဆေးရုံမှာ ၅ နာရီကြာ ခွဲစိတ်ကာ ဓားမကို ဖယ်ရှားပြီးတဲ့နောက် ရေရှည်ကျန်းမာရေး ပြဿနာလည်း ခံစားရမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဆေးရုံကုတင်ပေါ်မှာ ထိုင်နေချိန် အာဏာပိုင်တွေက လူနာကို မေးခွန်း မေးမြန်းနေပြီး တုံ့ဆိုင်းမှုမရှိဘဲ လူနာက သူ့ကို ဓားနဲ့ခုတ်သူရဲ့ အခန်းကို သူဘယ်လို ရောက်သွားပုံနဲ့ ဓားနဲ့ခုတ်ခံခဲ့ရပုံကို ရှင်းပြနေတာပါ။
ပက်ဒရိုက သူ့ကို ဓားနဲ့ခုတ်သူက အသက် ၂၇ နှစ်အရွယ် အန်တိုနီယိုဒါဆေးလ်ဗာဆိုတဲ့ အကျဉ်းသားဆိုတာ ပြောပေမယ့် ဘာကြောင့် ဓားနဲ့ခုတ်ခံရသလဲဆိုတဲ့ အကြောင်းကိုတော့ ငြင်းဆန်ခဲ့ပါတယ်။
“ကျနော်ကို အန်တိုနီယိုရဲ့ အခန်းထဲသွားဖို့ အခြား အကျဉ်းသားတယောက်က ပြောတယ်။ ကျနော် အဲဒီကိုရောက်တော့ ခေါင်းကို ဓားမနဲ့ ခုတ်ခံခဲ့ရတာပဲ” လို့ သူက ရဲကို ပြောပါတယ်။
အသက် ၃၄ နှစ်အရွယ် ပက်ဒရိုကို မြို့ဆေးရုံကနေ အကျဉ်းထောင်ဆေးရုံကို ပြန်ပြောင်းရွှေ့ခဲ့ပြီး သူ့ကျန်းမာရေး ကောင်းလာလို့ အကျဉ်းချရာ အခန်းကျဉ်းထဲ ပြန်ရောက်သွားပြီလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ဘာကြောင့်တိုက်ခိုက်တယ်ဆိုတာကိုနဲ့ လုံခြုံရေးတွေက အကျဉ်းထောင်ထဲကို ဓားသွင်းခွင့်ပြုခဲ့တာကို သိရဖို့ စုံစမ်းမေးမြန်းနေတယ်လို့ မေလ ၂၅ ရက်နေ့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။
==============
DVB TV News
http://burmese.dvb.no/archives/271842
Wednesday, 23 May 2018
Gadgetး
=======================
=======================
ခေတ်သစ် မြို့ပြလူနေမှုပုံစံမှာ ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတွေ တော်တော်နည်းသွားပါပြီ။ ရုံးခန်းထဲမှာ တကုပ်ကုပ်ထိုင်ရင်း ကွန်ပျူတာရှေ့မှာအလုပ်ရှုပ်နေတဲ့ အချိန်တွေက ပိုများလာပါတယ်။ လှုပ်ရှားမှုနည်းသွားတဲ့အပြင် အစားအသောက်ကိုလည်း ဆင်ခြင်မှုအားနည်းတဲ့ အခါ ကိုယ်အလေးချိန်တွေ တိုးလာ၊ ဝလာကြတာ ဓမ္မတာပါပဲ။
အဆီတက်လို့၊ အထိုင်များလို့ ဝလာတာဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ရေရှည်မှာလည်း နောက်ဆက်တွဲလူမှုရေး၊ကျန်းမာရေး ပြဿနာတွေ ထပ်ပြီးကြုံလာနိုင်ပါတယ်။ အဝလွန်နေတာကို ဝိတ်ချဖို့အတွက် အခြေခံအကျဆုံး နည်းလမ်းနှစ်ခုက လေ့ကျင့်ခန်းလုပ်ဖို့နဲ့ အစားဆင်ခြင်ဖို့ ဖြစ်ပါတယ်။ အခုဆောင်းပါးမှာတော့ ဝိတ်ချနေသူတွေအတွက် ပိုပြီးထိရောက်အဆင်ပြေစေမယ့် နည်းပညာ Gadget လေးတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။
စမတ်ပေါင်ချိန်စက်
နည်းပညာခေတ်မှာတော့ အိမ်သုံး ပေါင်ချိန်စက်တွေဟာ ကိုယ်အလေးချိန်တစ်ခုတည်းကို ဖော်ပြတာမျိုး မဟုတ်တော့ပါဘူး။ ဥပမာ Fitbit က ထုတ်လုပ်တဲ့ စမတ်ပေါင်ချိန်စက်တွေဆိုရင် ကိုယ်အလေးချိန်အပြင် ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်း၊ ကြွက်သားရာခိုင်နှုန်း၊ ရေပမာဏအစရှိတာတွေကိုပါ တစ်ပါတည်းဖော်ပြပေးပါတယ်။အဲဒီအချက်အ လက်တွေကို ကိုယ့်ရဲ့စမတ်ဖုန်းမှာ ထည့်သွင်းထားတဲ့ App ကိုBluetooth ချိတ်ပြီး ကြည့်ရုံပါပဲ။ ပေါင်ချိန်သူရဲ့ အသက်၊ အရပ်အမြင့် စတာတွေကိုမှတ်သားထားပြီး လက်ရှိ ကိုယ်အလေးချိန်၊ အဆီပမာဏအရ ကျန်းမာရေးနဲ့ သင့်တော်သလား၊ အဝလွန်နေသလား (ဒါမှမဟုတ်) လိုတာထက် ပိုပြီး ပိန်နေသလားဆိုတာတွေကိုလည်း ဖော်ပြနိုင်ပါသေးတယ်။ ကိုယ်အလေးချိန်ချည်းပဲမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့အဆီအချိုးအစားကိုပါ ဖော်ပြ နိုင်တာကြောင့် အစားဆင်ခြင်သူတွေရော လေ့ကျင့်ခန်းလုပ်သူတွေအတွက်ပါ အရမ်းအသုံးဝင်ပါတယ်။
စမတ်လက်ပတ်နာရီ
ဈေးကွက်ထဲမှာ စမတ်လက်ပတ်နာရီတွေ မျိုးစုံရှိနေပါတယ်။ အား ကစားလှုပ်ရှားမှုအတွက် အထူးပြုဖန်တီးထားတဲ့ နာရီတွေလည်း တော် တော်များပါတယ်။ စမတ်လက်ပတ်နာရီတွေရဲ့ အာရုံခံကိရိယာဟာ လက်ကောက်ဝတ်သွေးကြောကို ထောက်လှမ်းပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို ဖော်ပြပေးနိုင်ပါတယ်။ ခေတ်မီစမတ် လက်ပတ်နာရီတွေမှာ ပြေးနေတဲ့အချိန်၊ ရေကူးနေတဲ့အချိန်၊ အလေးမနေတဲ့အချိန် သင့်တော်သလို ပြောင်းလဲထားနိုင်မယ့် Mode တွေပါ ထည့်ပေးထားတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် နှလုံးခုန်နှုန်း ဘယ်လောက်ရှိ တယ်၊ ကယ်လိုရီပမာဏဘယ်လောက် လောင်ကျွမ်းသွားတယ်ဆိုတာကို အနီးကပ်ဆုံး ခန့်မှန်းပေးနိုင်ပါတယ်။ ဝိတ်လျှော့ဖို့ ကယ်လိုရီတွက်ပြီး စားနေသူတွေ၊ ကျန်းမာရေးအတွက် အားကစားလိုက်စားသူတွေဆိုရင် တော့ ဒီလို လက်ပတ်နာရီလေးတစ်လုံးလောက် ရှိထားတာ မမှားပါဘူး။
စမတ်ဖုန်း
ဒီခေတ်မှာတော့ လူတိုင်းလိုလို စမတ်ဖုန်းကိုင်နေကြပါပြီ။ တကယ်လို့ လက်ပတ်နာရီလို သီးခြားပစ္စည်းမျိုး မဝယ်ချင်ဘူးဆိုရင် စမတ်ဖုန်း အခြေပြု App တွေကိုလည်း ဝိတ်လျှော့ဖို့ အထောက်အပံ့အနေနဲ့ အသုံးချနိုင်ပါသေးတယ်။ iPhone တွေရော Android OS သုံး ဖုန်းတွေမှာပါ သုံးစွဲသူရဲ့ ကျန်းမာရေးအချက်အလက်တွေကို အိတ်ကပ်ထဲကနေတစ်ဆင့် ထောက်လှမ်းစုဆောင်းနိုင်တဲ့ Feature တွေ ပါရှိတတ်ပါတယ်။ ဥပမာတစ်နေ့ကို ခြေလှမ်းဘယ်လောက်များများ လမ်းလျှောက်ဖြစ်သလဲ ဆိုတာမျိုးတွေကို စမတ်ဖုန်းသုံးပြီး အလွယ်တကူ သိနိုင်ပါတယ်။ Androidဖုန်းတွေမှာဆိုရင် Google Fit လို App တွေကို Download ဆွဲချပြီး ထည့်ထားရုံပါပဲ။
စမတ်ချိန်ခွင်
အားကစားရုံမှာ လေ့ကျင့်ခန်းသွားမလုပ်ဖြစ်တဲ့ သူတွေကတော့ အစားဆင်ခြင်ပြီး ဝိတ်လျှော့တဲ့နည်းကို ရွေးချယ်နိုင်ပါတယ်။ ဒီနေရာမှာဘာစားသင့်တယ်၊ ဘာမစားသင့်ဘူးဆိုတာကို ကိုယ်တိုင်အကဲမဖြတ် တတ်ရင် နည်းပညာအကူအညီ လိုအပ်လာပါပြီ။ SITU ရဲ့ အစားအ သောက် စမတ်ချိန်ခွင်လိုပစ္စည်းမျိုးတွေက အခုအခက်အခဲကို ဖြေရှင်းဖို့ အကောင်းဆုံးရွေးချယ်မှုပါပဲ။ အဲဒီလို ချိန်ခွင်လေးတွေအပေါ်မှာ ကိုယ်စားမယ့် အစားအသောက်ကို တင်လိုက်ရုံပါပဲ။ ဒါဆိုရင် ကိုယ့်ဝမ်းထဲရောက်သွားမယ့် ကယ်လိုရီပမာဏကို အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်ပါ တယ်။ နောက်ပြီး နေ့စဉ် ကိုယ်စားမယ့် ကယ်လိုရီအတိုင်းအတာကို သတ်မှတ်ပေးထားနိုင်တာကြောင့် အဲဒီထက်ကျော်သွားရင် သတိပေးဦးမှာပါ။ အစားအသောက်ကို ဆင်ခြင်ပြီး နေထိုင်မှုပုံစံပြောင်းလဲဖို့ ရွေးချယ်ထား တဲ့ ဝိတ်ချသူတွေကတော့ ဒီလိုချိန်ခွင်လေးတွေ မဖြစ်မနေ ဆောင်ထား သင့်ပါတယ်။
မတ်တတ်အလုပ်စားပွဲ
နေ့တိုင်း ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ လူတွေကတော့ ကိုယ့်အလုပ်စားပွဲကို မတ်တတ်ရပ် အလုပ်လုပ်ရတဲ့ပုံစံ အဆင့် မြှင့်ပြောင်းလဲလိုက်တာ ပိုကောင်းပါတယ်။ ဆိုဖာထိုင်ခုံပေါ်မှာလောက် သက်သောင့်သက်သာမရှိပေမယ့် ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းမှုကို အများကြီး ပိုအားကောင်းစေတာကြောင့်ပါ။ ပျမ်းမျှအားဖြင့်တော့တနင်္လာကနေ သောကြာအထိ ငါးရက်အတွင်း အလုပ်စားပွဲမှာ ထိုင် မနေဘဲ မတ်တတ်ရပ်ပြီး တစ်နေ့ရှစ်နာရီ အလုပ်လုပ်မယ်ဆိုရင် ကယ်လိုရီနှစ်ထောင်ကျော်ထိ ပိုမို လောင်ကျွမ်းစေတာကြောင့် ဝိတ်ချဖို့ အရမ်းအထောက်အကူဖြစ်ပါတယ်။ လေ့လာမှုတွေအရ ပုံမှန်အခြေအနေထက် တစ်နေ့ကို သုံးနာရီလောက် မတ်တတ်ပိုရပ်နေမယ်ဆိုရင် တစ်နှစ်လုံးမှာ ကယ်လိုရီ သုံးသောင်းလောက်အထိ လောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ကိုယ်အလေးချိန် ရှစ်ပေါင်လောက်ကျသွားမယ့် စွမ်းအင် ပမာဏပါပဲ။
==============
7Day News Journal
http://7daydaily.com/story/127244
အသက် ၃၀ အထိ အိမ်မှာပဲနေတဲ့သားကို မိဘတွေက တရားစွဲ
=======================
=======================
အနောက်နိုင်ငံတွေမှာတော့ အရွယ်ရောက်လာတဲ့ သားသမီးတွေဟာ မိဘများနဲ့ မနေတော့ဘဲ ထွက်ခွာကြပါတယ်။ နယူးယောက်ပြည်နယ်က အသက် ၃၀ ကျော် အမျိုးသားဟာ မိဘများနဲ့ ဆက်လက်နေထိုင်နေတာမို့ မိဘကိုယ်တိုင်က တရားစွဲလိုက်ပါသတဲ့။ မိဘများကပေးတဲ့ ပိုက်ဆံကိုလည်း နေရာသစ်မှာ အခြေချဖို့ မယူဘဲနဲ့ အိမ်ကိုလည်း အိမ်ငှားခမပေးဘဲ အလကားနေနေမှုနဲ့ မိဘများက တရားစွဲတာဖြစ်ပါတယ်။ နေရာပြောင်းဖို့အတွက် စာငါးကြိမ်တိုင်တိုင် ရောက်ခဲ့ပေမယ့် မိုက်ကယ်ရိုတန်ဒိုဟာ မပြောင်းရွှေ့ခဲ့တာမို့ ခရစ္စတီနာ ရိုတန်ဒိုနဲ့ မာ့ခ်ရိုတန်ဒိုတို့က တရားစွဲခဲ့ကြတာ ဖြစ်ပါတယ်။ မိုက်ကယ်ကတော့ သူ့အတွက် ပြောင်းဖို့အချိန် အလုံအလောက်မရဘူးလို့ ဥပဒေအရ ချေပထားပါတယ်။ သားကို အိမ်ကထွက်ခွာပြီး သတ်သတ်နေဖို့အတွက် ဘယ်လိုမှ တိုက်တွန်းလို့မရတော့တဲ့အဆုံး အဆိုပါနည်းကို သုံးတာဖြစ်တယ်လို့ ဆိုပါတယ်။ ရှေ့နေရဲ့ အကူအညီနဲ့ ပြောင်းရွှေ့ဖို့ စာအကြိမ်ကြိမ် ပို့ခဲ့ပေမယ့် မလိုက်နာလို့ တရားရုံးက ခုလိုဆင့်ခေါ်တာ ဖြစ်ပါသတဲ့။
==============
The Voice
http://thevoicemyanmar.com/relax/21482-emp
Subscribe to:
Posts (Atom)






