Monday, 28 May 2018

ခနတာပြုံးပျော်ခြင်းဖြင့် ဘဝအမောတွေ ပြေပျောက်ပါစေရှင် ▪️လူပျံတော်ရဲ့ ရည်းစားစာ▪️

“ဦးကောဝိဒကြီး လူထွက်သွားပြီ......” ဆိုသည့် သတင်းသည် ဆင်ဖြူကျွန်းဆိုသည့် အညာမြို့လေးမှာ အဟော့ဆုံးသတင်းဖြစ်သွား၏။ တချို့ကမယုံကြည်ကြသလို တချို့ကလဲ အံ့သြ၍နေ၏။ အံ့သြမည်ဆိုကလည်း အံ့သြထိုက်ပါပေ၏။ ဦးကောဝိဒဆိုတာ အရိုးခံ ကိုယ်တော်။ တစ်ပါးတည်း အေးအေးဆေးဆေးတည်တည်ညိမ်ညိမ်နေတတ်တဲ့သူ။ မပြုံးမရီ ခပ်တည်တည် မှုန်တေတေနဲ့မို့ ဒီတသက်မှာတော့ ဦးကောဝိဒ လူထွက်လိမ့်မည်လို့ ဘယ်သူမှကို ထင်မထားကြပေ။ ဒါပေမယ့် လက်ရှိအနေအထားက မယုံလို့မရ လက်မခံလို့မဖြစ်တော့တဲ့အခြေအနေ၊ ခေါင်းက ကတုံဘိုကေ ပုဆိုးကိုတစ်စောင်းဆွဲ မညီမညာဝတ်ထားပြီး အင်္ကျီမှာ သတ်သတ်ရပ်ရပ်မရှိဘဲ ဖရိုမရဲ ဖွကျဲကျဲ ခပ်တည်တည်မှုန်ကုတ်ကုတ်နဲ့ လူပျံတော်ဦးကောဝိဒရဲ့ပုံဟာ မြင်ရုံနဲ့ဘုန်ကြီးလူထွက်မှန်း သိသာလှသည်။ ဦးကောဝိဒ လူထွက်တာထက် လူထွက်ခြင်းရဲ့အကြောင်းရင်းကို သိတဲ့သူတိုင်းက ပိုလို့အံ့သြကြ၏။ မအံ့သြဘဲနေနိုင်ရိုးလား လူထွက်တဲ့အကြောင်းက ကျောင်းထိုင်ဆရာတော်ရဲ့ တူမ အပျိုကြီးမမကို ချစ်ခင်တွယ်တာမြတ်နိုးရှာလို့ဆိုပဲ။ နတ်လူ သာဓုထော်ပနာပြုရမယ့် ရည်မှန်ချက်ကြီးပါပေ။ အပျိုကြီးမမဆိုတာကလည်း ဦးကောဝိဒကို ကြည်ညိုလေးစားတဲ့ဒကာမတယောက်ပါ။ ဦးကောဝိဒ လူထွက်တယ်ဆိုတဲ့သတင်းကြားတော့ အပျိုကြီးမမမှာ ၃-ရက်လောက်တောင် ထမင်းမစားနိုင်ဘဲ တမှိုင်မှိုင်နဲ့ဖြစ်သွားတဲ့အထိကို စိတ်မကောင်းဖြစ်မိတာ။ ဦးကောဝိဒ လူထွက်ပြီး တစ်လလောက်ကြာတော့ လူထွက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို စတင် အကောင်ထည်ဖော်ဖို့ ကြိုးစားပါလေတော့၏။ ဘုန်ကြီးလူထွက်ဆိုတော့လည်း ချစ်ပါတယ်၊ ကြိုက်ပါတယ်ဆိုပြီး ချစ်စကား ကြိုက်စကား ရည်းစားစကားပြောဖို့ဆိုတာအဆင်မပြေ အစွမ်းလဲမရှိ။ နောက်ဆုံးမှာတော့ ရှိသမျှသတ္တိ အားကုန်သုံးပြီး အပျိုကြီးမမကို ချစ်သ၀ဏ်လွှာ ရည်စားစာပေးဖို့ဆုံးဖြတ်လိုက်၏။ သို့သော် ကိုယ်တိုင်တော့မဟုတ် ကြားခံအောင်တွယ်ကနေတဆင့် ရည်းစားစာပေးရန်ဖြစ်သည်။ ကြားခံအောင်တွယ်ကား အခြားမဟုတ် ဦးကောဝိဒဦးဇင်းဘ၀က ညီငယ်လိုဖြစ်နေသည့် ကိုရင်ဗိုလ်တေပင်တည်း..။ ကိုရင်ဗိုလ်တေကလည်း ဦးကောဝိဒလို မပြုံမရီ ခပ်တည်တည်နဲ့ မဟုတ်မခံဂျစ်ကန်ကန် ကိုရင်တပါးပင်ဖြစ်သည်။ စကားလဲမလိုအပ်ရင် အပိုမပြောတာမို့ ဘာစာလဲ ? ဘာလို့ ပေးတာလဲ ? လို့လေရှည်နေမဲ့သူမဟုတ်လို့ ကိုရင်ဗိုလ်တေကို အကူအညီတောင်းခြင်းဖြစ်သည်။ ကိုရင်ဗိုလ်တေက အပျိုကြီးမမအိမ်ကို နေ့စဉ်ဆွမ်းခံကြွ၏။အပျိုကြီးမမအိမ်ရောက်တော့ ဆွမ်းလောင်းဖို့ အသင့်စောင့်နေတဲ့ အပျိုကြီးကို အသင့်တွေ့လိုက်ရ၏။ “ဒကာမကြီး ဦးကောဝိဒလူထွက်က ဒကာမကြီးကို စာပေးခိုင်းလိုက်တယ် ရော့ ဒီမှာ” ဆိုပြီးပေးလိုက်လေရာ အပျိုကြီးမှာ ၀မ်းသားအားရနဲ့ .. “ဟုတ်လားဘုရား တပည့်တော်သူနဲ့တွေ့ချင်နေတာ အဆင်ကောပြေလားမသိပါဘူး၊ အရင်ကတော့ ဦးဇင်းက တပည့်တော်ကို တရားစာတွေ၊ဆုံးမစာတွေရေးပေးနေကျလေ ခုလဲ တရားစာ ဆုံးမစာပဲရေးပေးလိုက်တာနေမှာဘုရား” လို့ပြောပြီး စာအိပ်ကိုဖွင့်၍ ဖတ်ရန်လုပ်ပြီမှ. “တပည့်တော်က မျက်မှန်မပါတော့ မမြင်ရဘူးဘုရား။ ကိုရင်ပဲဖတ်ပြပါဘုရား” ဆိုပြီးဘုန်းကြီးလူထွက်ရဲ့ရည်းစားစာကိုကိုရင်ဗိုလ်တေလက်ထဲထိုးထည့်လိုက်တော့သည်။ ကိုရင်ဗိုလ်တေဟာ ဓမ္မကထိကဖြစ်ဖို့ရည်ရွယ်ထားသူမို့ စာကျက်ရင်ပဲဖြစ်ဖြစ် ဘုရားရှိခိုးရင် ပဲဖြစ်ဖြစ် ဓမ္မကထိကလေသံနဲ့ ဆိုလေ့ရှိ၏။ စာချဆရာတော်ဆီ ကျက်ပြီးသားစာကို အလွတ်ပြန် ဆိုတဲ့အခါ ကိုရင်ဗိုလ်တေအလှည့်ရောက်မှာကို စာချဆရာတော်မှာ အသေကြောက်၏။ စာကိုဓမ္မကထိလေသံနဲ့ ဆွဲဆွဲငင်ငင် အသံသြသြကြီးနဲ့ တရားဟောသလို ဆိုတတ်သောကြောင့် ဖြစ်သည်။ အခုလည်း လူပျံတော်ဘုန်းကြီးလူထွက်က အပျိုကြီကိုပေးလိုက်တဲ့ ရည်းစားစာကို ဓမ္မကထိကလေသံဖမ်းပြီး တရားဟောသလို ဖတ်ပြလိုက်ပါတော့သည်……….။ “ပထ၀ီ၊တေဇော၊အာပေါ၊၀ါယောဆိုသည့် ဓါတ်ကြီးလေးပါးဖြင့် ဖွဲ့စည်းထားသော ခန္ဓာအိမ်ပိုင်သည့် သင်္ခါရနယ်သူ မာတုဂါမ အပျိုကြီးမမရေ...။ အနိစ္စ၊ဒုက္ခ၊အနတ္တဆိုသည့် မြတ်စွာဗုဒ္ဓ ဟောမြွှတ်ပြခဲ့သကဲ့သို့ ပါပဲ..။ သံသရာခရီသွားဦးပဇင်းကောဝိဒသည်လည်း ယခုအခါ၌မူ အတီတကုသလေ အတိတ်ကံ ကုန်ဆုံး၍ လက္ခဏာရေး သုံးပါးတွင် အ၀င်အပါဖြစ်သော အနိစ္စသဘောအရ ဘုန်းကြီးအဖြစ်မှ လူ့၏အဖြစ်သို့ အနိစ္စအဖြစ် လျောကျဖြစ်ပျက်သွားချေ၏။ ၎င်းအတွက်ကြောင့်တော့ ဒေါမနဿမဖြစ်ပါချေလင့်။မာတုဂါမ၏ ရူပါရုံပသာဒသည် ဦးပဇင်းလူထွက်၏ ဟဒဟဘ၀င်၌ ဥပါဒါန်အာရုံရောက် အ၀ိဇ္ဇာမာရ်နတ်ဝင်ပူးကပ်သဖြင့် သမုဒုယသစ္စာဖြစ်သွားပါပေ၏။ ထို့ကြောင့် ဒုက္ခသစ္စာအတူကျော်၍ သုမေဓါ သုမိတ္တာလို တူပျော်ပျော် မဂ်ဖိုလ်နန်း တက်လှမ်းကြပါကုန်စို့ဟု မေတ္တာပေါ်သစ္စာဆင့်လို့ ကောင်းစွာမသွေ အသိပေးလိုက်ရပါပေတော့ သတည်း..” လို့ နောက်ကနေ “သတည်း”တစ်လုံးအပိုထပ်ထည့်ပြီး ဘုန်းကြီးလူထွက်ရည်းစားစာကို ဓမ္မကထိကလေသံနှင့် ဖတ်လိုက်လေရာ အပျိုကြီးဒေါ်မမမှာ တကယ့်တရားစာအထင်ဖြင့် ရိုသေစွာလက်အုပ်ချီပြီး သာဓု……သာဓု….သာဓု…..ပါဘုရာလို့ သာဓုသုံးလီ ခေါ်ဆိုဆိုလိုက်ပါတော့သည်။ “ဦးကောဝိဒတို့ကတော့ တပည့်တော်ကို အတော်ခင်တာဘုရား ဥပဇင်းဘ၀တုန်းကလဲ တရားစာတွေရေးပေးသလို ခုလူထွက်တော့လဲရေးပေးနေတုန်းပဲဘုရား၊ သူကိုပြောလိုက်ပါ ဥပဇင်းပေးတဲ့ဘုရားရှိခိုးကို နေ့တိုင်းမှန်မှန်ရှိခိုးပါမယ်ဘုရား” လို့ကိုရင်ဗိုလ်တေကို လျှောက်လိုက်ပါတော့သည်။ အဲဒီနေကစပြီး အပျိုကြီးဒေါ်မမတစ်ယောက် ဘုရားရှိခိုးသည့်အခါတိုင်း ဦးကောဝိဒလူထွက်ရဲ့ ရည်းစား စာကို ဘုရားရှိခိုးစာအထင်နဲ့ နေ့စဉ်နေ့တိုင်းရှိခို၍နေလေတော့၏။ ဘုန်းကြီးလူထွက် ဦးကောဝိဒကြီးလည်း ဓမ္မကထိကလေသံဖမ်းတဲ့ ကိုရင်ဗိုလ်တေရဲ့ ကောင်းမှုကြောင့် ရည်ရွယ်ချက်အထမမြောက် “အချစ်ရှုံးသမား ဘုန်းကြီးလူထွက်” အဖြစ်နဲ့ အပျိုးကြီးနဲ့မမညားဘဲ ဘုန်းကြီးကျောင်းမှာ “ကပ္ပိယ”အဖြစ်နဲ့သာ နှစ်ပါးသွား၍ နေရရှာလေတော့သတည်း...........။ 🔺ဓမ္မဝီရ ဒေါက်တာတေဇနိယ🔺 credit-ဓမ္မရတနာ

No comments:

Post a Comment