Tuesday, 22 May 2018

ဓမ္မစကူးလ် ကျောင်းဆရာမ တစ်ဦး အသတ်ခံရ

ဖောင်းပြင်မြို့ မန်မော်ရွာ၊ အ.လ.က (မန်မော်)က ဓမ္မစကူးလ် ကျောင်းဆရာမ တစ်ဦး အသတ်ခံရ
======================= ======================= ဖောင်းပြင်မြို့နယ် မန်မော်ရွာ အ.လ.က (မန်မော်) မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၅ နှစ်အရွယ် ဓမ္မစကူးလ် ကျောင်းဆရာမတစ်ဦး ကို ယမန်နေ့ က ပိုးစာကုန်း-မန်မော်ရွာ လမ်းပိုင်း တစ်နေရာမှာ မုဒိန်းကျင့်ခံရပြီး သတ်ဖြတ်ခံထားရတဲ့ ပုံစံအနေအထားမျိုးနဲ့ သေဆုံးလျက်သားတွေ့ရှိခဲ့ရတယ်လို့ ဖောင်းပြင်မြို့မရဲစခန်း က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ ဖောင်းပြင်မြို့ကနေ လာမယ့်လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတစ်ဦးကို သွားရောက်ကြိုဆိုဖို့ မန်မော်- ပိုးစာကုန်းရွာချင်းဆက်လမ်းမှာ သွားရောက်စောင့်ဆိုင်းမယ်ဆိုပြီးမန်မော် ရွာက နေထွက်သွားခဲ့ကြောင်း၊ အချိန်တန်ပြန်ရောက်မလာတာကြောင့် လိုက်ရှာကြရာ ည ၉ နာရီခွဲလောက် ရွာချင်းဆက်လမ်းမှာ ဆရာမရဲ့အလောင်းကို မှောက်ခုံအနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့ရကြောင်း ဖောင်းပြင်မြို့မရဲစခန်းရဲ့တာဝန်ကျတာဝန်မှူးကပြောပါတယ်။ "မှောက်ခံအနေအထားနဲ့တွေ့တယ်။ ထမီကပြန်ပြီးဝတ်ပေးထားတဲ့ပုံစံမျိုးတွေ့တယ်။ အတွင်းခံဘောင်းဘီကို တစ်ခြားတစ်နေရာမှာတွေ့ရတယ်။ ဒါပေမဲ့ကျွန်တော်တို့ ဆေးစာမရသေးတော့ မုဒိန်းမှုရယ်လို့တော့ ရာနှုန်းပြည့်ပြောလို့မရသေးဘူး" လို့ အဆိုပါရဲအရာရှိက ဆိုပါတယ်။ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတစ်ချက်၊ လည်ဂုတ်အောက်နားပခုံးအနားမှာ ညိုမဲဒဏ်ရာတစ်ချက်တွေ့ရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ယူဆရကြောင်း ၊ အနီးပတ်ဝန်းကျင်မှာသက်သေခံအဖြစ် အနည်းငယ်ကြီးတဲ့ ကျောက်ခဲတစ်လုံး နဲ့ တုတ်တစ်ချောင်းကိုတွေ့ရကြောင်း အဆိုပါရဲအရာရှိကထပ်လောင်းရှင်းပြပါတယ်။ သေဆုံးနေတဲ့အနေအထားကိုကြည့်ရင် လက်ဝတ်လက်စားတွေ တစ်ခုမှယူဆောင်သွားခြင်းမရှိဘူးလို့လည်း ရဲကဆိုပါတယ်။ အခုအသတ်ခံလိုက်ရတဲ့ ကျောင်းဆရာမ ဟာ မန်မော်(အလက)မှာ တာဝန်ထမ်းဆောင်နေသလို မန်မော် သီရိရာဇာဓမ္မစကူးလ် ကျောင်းမှာလည်း စာသင်ပေးနေတဲ့ ကျောင်ဆရာမတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဖောင်းပြင်မြို့နယ်ထဲမှာ ယခု ၂၀၁၈ ခုနှစ်အတွင်း လူသတ်မှု ၃ မှုဖြစ်ပွားခဲ့ပြီဖြစ်ပြီးအရင် အမှု ၂ မှုကတော့ သာမန်မတော်တဆဖြစ်သွားတဲ့လူသတ်မှုတွေဖြစ်ကြောင်း၊ အခု ကျောင်းဆရာမအသတ်ခံရမှုတစ်ခုသာ တမင်ရည်ရွယ်ချက်နဲ့ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ယူဆရကြောင်း ဖောင်းပြင်ရဲတပ်ဖွဲ့က ကောက်ချက်ချထားကြပါတယ်။ လက်ရှိ အဆိုပါအမှုကို ဖောင်းပြင်ရဲစခန်းမှာ (ပ) ၆၅ /၂၀၁၈ ရာဇသတ်ကြီး ၃၀၂ နဲ့ လတ်တလော အမှုဖွင့်ထားပြီး ဆေးစစ်ချက် ရရှိလို့ မုဒိန်းမှုဖြစ်ကြောင်းပေါ်ပေါက်ခဲ့ရင် ပုဒ်မ ထပ်တိုးလာနိုင်တယ်လို့ ရဲကဆိုပါတယ်။ သီဟ Photo - သီရိရာဇာဓမ္မစကူးလ်၊ ပရဟိတအသင်း - ဖောင်းပြင် ============== Popular News Journal ဖောင်းပြင်၊ မေ ၂၃

No comments:

Post a Comment