Monday, 28 May 2018
အိမ်ပြေး မိန်းကလေးအား သားမယားအဖြစ် ဆက်ဆံသူကို အမှုဖွင့်
=======================
=======================
နေအိမ်မှထွက်ပြေးလာသည့် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဆိုင်ကယ်ဖြင့်ခေါ်ဆောင်၍ တည်းခိုခန်းတစ်ခုတွင် သားမယားအဖြစ် ဆက်ဆံသော လူငယ်တစ်ဦးကို မေလ ၂၆ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံရသော အသက် ၂၀ နှစ် ဝန်းကျင်ရှိ နေမင်းအောင် (ခ) နေဇော်မှာ မေလ ၁၅ ရက် နံနက် ၄ နာရီခန့်က ယင်းမြို့နယ်ရှိ ဧရာဝဏ်လမ်းပေါ်မှ အိမ်ပြေး မိန်းကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် ၎င်းမောင်းနှင်လာသော ဆိုင်ကယ်ဖြင့် မိန်းကလေးငယ်ကို ခေါ်ဆောင်၍ (၇၁) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ တည်းခိုခန်းတစ်ခုတွင် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်ချက်အရသိရသည်။
“ကောင်မလေးက အခုလ ၁၄ ရက် ညနေပိုင်းက အိမ်က ထွက်သွားတယ်။ အဒေါ်ဖြစ်သူနဲ့အသိတွေက လိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ဘူး။ မေလ ၁၇ ရက် ညပိုင်းမှာ သူ (မိန်းကလေး) နေတဲ့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးကို ပြန်ရောက်လာတော့ သူ့အဒေါ်က မေးမြန်းရင်းနဲ့ အကြောင်းစုံသိခဲ့ရလို့ အခုမှ ရဲစခန်းလာအမှုဖွင့်ကြတာပါ။ တရားခံက အမည်ပဲ ပြောစကားအရ သိရသေးတာ။ ဘယ်မှာနေမှန်းကို ကောင်မလေးလည်း မသိဘူး”ဟု ရဲအရာရှိက ပြောသည်။
နေအိမ်မှ ထွက်ပြေးလာသည့် ၁၄ နှစ်အရွယ်မိန်းကလေးမှာ အသက် ၂၀ နှစ်ဝန်းကျင်ရှိ လူငယ်နှစ်ဦး စီးနင်းလာသော မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ တည်းခိုခန်းတစ်ခုသို့ လိုက်ပါသွားခဲ့သော်လည်း ၎င်းကို သားမယားအဖြစ် နှစ်ကြိမ်ဆက်ဆံခဲ့သူမှာ နေမင်းအောင် (ခ) နေဇော် တစ်ဦးတည်းသာဖြစ်ကြောင်း ထွက်ဆိုသဖြင့် ယင်းအမျိုးသားကို မုဒိမ်းမှုဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
==============
The Voice
http://thevoicemyanmar.com/news/21603-eai
Subscribe to:
Post Comments (Atom)

No comments:
Post a Comment