Sunday, 20 September 2015

ရန်ကုန်မြို့အတွက် ခေတ်မီတဲ့ သယ်ယူပို့ဆောင်ရေး စနစ်တစ်ခု လိုနေပြီ

ရန်ကုန်မြို့လယ် တစ်နေရာတွင် ယာဉ်စည်းကမ်းဖောက်ဖျက်ကာ တစ်ဖက်ယာဉ်ကြော ရောက်သည်အထိ မောင်းနှင်နေသော ယာဉ်တစ်စီးကို တွေ့ရစဉ် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် သယ်ယူပို့ဆောင်ရေး စနစ်နှင့် ပတ်သက်၍ ပြဿနာများ ရှုပ်ထွေးလွန်းလှသည်။ ရန်ကုန်မြို့၏ အဓိက သယ်ယူပို့ဆောင်ရေး ကဏ္ဍများဖြစ်သော ဘတ်စ်ကား၊ ရထား၊ အငှားယာဉ် စသည်တို့တွင် လိုအပ်ချက်များ၊ စနစ်မကျမှု များစွာ ရှိနေပြီး ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးတွင် လိုအပ်ချက်၊ စနစ်မကျမှု အများဆုံး ဖြစ်ပေါ်နေသည်။ လူဦးရေ ငါးသန်းမှ ခြောက်သန်းနီးပါးအထိ နေထိုင်သော ရန်ကုန်မြို့တွင် နေ့စဉ်ခရီးသွားလာမှုကို လေ့လာရာတွင် ဘတ်စ်ကားစီး၍ ခရီးသွားလာသူ ရာခိုင်နှုန်း ၈၀ ခန့်၊ မြို့ပတ်ရထားစီးနင်းသူ သုံးရာခိုင်နှုန်း၊ မြို့ပတ်ရထားနှင့် ဘတ်စ်ကား ပူးတွဲသွားလာသူ တစ်ရာခိုင်နှုန်း၊ အငှားယာဉ်ဖြင့် ခရီးသွားလာသူ နှစ်ရာခိုင်နှုန်း၊ ကိုယ်ပိုင်ကားဖြင့် သွားလာသူ ရှစ်ရာခိုင်နှုန်း စသည်ဖြင့် သွားလာနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မြို့နယ် ၂၅ ခုအတွက် စစ်တမ်းကောက်ယူထားသော အချက်အလက်များက ဖော်ပြနေသည်။ သို့ဖြစ်ရာ သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် ရာခိုင်နှုန်း ၈၀ ဖြင့် အများဆုံး သယ်ယူပို့ဆောင်ပေးနေသော ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး၏ စနစ်မကျနမှုများ ပြုပြင်၍ လိုအပ်ချက်များကို အလျင်အမြန် ဖြည့်ဆည်းပေးရန် လိုအပ်နေပြီဖြစ်သည်။ ■ အဆင့်မမီတော့သည့် ခရီးသည်တင်ယာဉ်တွေ ရန်ကုန်မြို့၏ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးတွင် ခေတ်စနစ်နှင့် လိုက်လျောညီထွေ မဖြစ်တော့သည့် ယာဉ်ဟောင်းများ (ဥပမာ-ဒိုင်နာ၊ ဘီအမ်) စသည်တို့ အသုံးပြုနေရသည်။ အခြားနိုင်ငံများတွင် ကုန်စည်ပို့ဆောင်ရေးယာဉ်များ အဖြစ်သာ သုံးသည့် ဒိုင်နာကဲ့သို့ ယာဉ်များအား ဘတ်စ်ကားအဖြစ် အသုံးပြုနေရခြင်းဖြစ်ကြောင်း နိုင်ငံတကာ၏ သယ်ယူပို့ဆောင်ရေး စနစ်များကို လေ့လာခဲ့သူအချို့က ဆိုကြသည်။ ထို့ပြင် အဆိုပါယာဉ်များမှာ ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ယာဉ်အမျိုးအစားများ ဖြစ်ခြင်းကြောင့် ဘတ်စ်စီး ခရီးသွားပြည်သူများ နေ့စဉ် စိုးရိမ်စိတ်ကြီးစွာဖြင့် စီးနင်းနေရသည်။ အဆိုပါယာဉ်များ အနေဖြင့် အစားထိုးရန် ယာဉ်တင်သွင်းမှု နည်းပါးပြီး အများစုမှာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အငှားယာဉ်များသာ တင်သွင်းမှု များနေသည်။ တင်သွင်းသည့်ယာဉ်များ ရှိပါကလည်း အဆိုပါယာဉ်များမှာ ခရီးသည်တင် ယာဉ်လိုင်းများတွင် အသုံးပြုမှု နည်းပါးပြီး ပြည်တွင်းခရီးသွားလုပ်ငန်း ယာဉ်များအဖြစ် အသုံးပြုခြင်း၊ ကြိုပို့ယာဉ် (Ferry) များအဖြစ် အသုံးပြုခြင်းများသာ ရှိနေသည်ဟု ဆိုသည်။ သို့ဖြစ်၍ ခရီးသည်တင် ဘတ်စ်ကားများတွင် ဟောင်းနွမ်းပြီး အဆင့်မမီတော့သည့် ယာဉ်များသာ အများဆုံး လည်ပတ်အသုံးပြုနေရပြီး ထိုင်ခုံ မကောင်းတော့သည့် ယာဉ်များ၊ ဘေးတံခါးပေါက်မရှိသည့် ယာဉ်များကြောင့်လည်း လုံခြုံမှုအပိုင်းတွင် စိတ်ချရသည့် အနေထား မရှိပေ။ ■ ယာဉ်စည်းကမ်း ချိုးဖောက်မှုများ အများဆုံး တွေ့နေရ ရန်ကုန်မြို့တွင်း နေ့စဉ် ခရီးသွားလာရာတွင် ခရီးသည်တင် ယာဉ်များ၏ ယာဉ်စည်းကမ်း ချိုးဖောက်မှုများလည်း အများဆုံး တွေ့မြင်နေရသည်။ မီးပွိုင့်မိနေ၍ ပိတ်ဆို့နေသော ယာဉ်များအား မစောင့်နိုင်၍ တစ်ဖက်ယာဉ်ကြောမှ ကျော်တက်မောင်းနှင်ခြင်း၊ အပြိုင်အဆိုင် မောင်းနှင်ကာ မှတ်တိုင်များကို ကျော်လွန်၍ ခရီးသည် အတင်အချ လုပ်ခြင်း (သို့မဟုတ်) မှတ်တိုင်မရောက်မီ ခရီးသည် အတင်အချ လုပ်ခြင်း (သို့မဟုတ်) လမ်းလယ်ကောင်တွင် လူအတင်အချ ပြုလုပ်ခြင်း၊ ကားတံခါးများဖွင့်၍ မောင်းနှင်ခြင်း စသည့် ယာဉ်စည်းကမ်း ချိုးဖောက်မှု အများဆုံး ဖြစ်ပေါ်နေပြီး ခရီးသွားပြည်သူများ စိတ်မသက်မသာဖြင့် နေ့စဉ် စီးနင်းနေရသည်။ ၁၉၆၄ မော်တော်ယာဉ် ဥပဒေအရ စည်းကမ်းချိုးဖောက်သည့် ယာဉ်များအတွက် အမှုသေး (ခရီးသည်တင်ယာဉ် ဆိုပါက ကားတံခါးဖွင့်မောင်းခြင်း၊ မှတ်တိုင်မရောက်မီ ခရီးသည် အတင်အချ ပြုလုပ်ခြင်း၊ ကျော်တက်မောင်းနှင်ခြင်း) ဒဏ်ကြေး ငွေကျပ် ၁၅၀၀ သာ ပေးဆောင်ခဲ့ရခြင်းကြောင့် စည်းကမ်းမဲ့မှုများ ပိုမို ဖြစ်ပွားခဲ့ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။ သို့သော် စက်တင်ဘာ ၇ ရက်တွင် ပြဋ္ဌာန်းလိုက်သော မော်တော်ယာဉ် ဥပဒေသစ်အရ အဆိုပါ အမှုသေး ဒဏ်ကြေးငွေများကို တိုးမြှင့်ခဲ့သည်။ ■ ဒဏ်ကြေး မြှင့်လိုက်၍ ဘတ်စ်ကားများ ဆန္ဒပြ၊ ခရီးသည်များ ဒုက္ခရောက် ထိုသို့ မော်တော်ယာဉ် ဥပဒေသစ်အရ ဒဏ်ကြေးများ တိုးမြှင့်သွားခြင်းကြောင့် ခရီးသည်တင် ဘတ်စ်ကားများ မထွက်ကြတော့ဘဲ ဆန္ဒပြခဲ့ကြသည်။ စက်တင်ဘာ ၁၅ ရက်မှ စ၍ ၁၇ ရက်အထိ ယာဉ်အစီးရေ ၁၀၀၀ ကျော် ပြေးဆွဲမှု ရပ်နားခဲ့ကြသည်။ ခရီးသည်တင်ယာဉ် အစီးရေ ၄၀၀၀ ကျော် ပြေးဆွဲနေသည့် ရန်ကုန်မြို့တွင် ယာဉ်အစီးရေ ၁၀၀၀ ကျော် ပြေးဆွဲခဲ့မှု ရပ်နားခဲ့ခြင်းဖြစ်၍ ရာခိုင်နှုန်း ၃၀ ခန့် ရပ်နားခဲ့ခြင်းဟု ဆိုနိုင်ပေသည်။ ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်လိုင်း ၃၀၀ ကျော်တွင် နေ့စဉ် ခရီးသွားပြည်သူ ၂ ဒသမ ၂ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးနေရာ ယာဉ်အစီးရေ ၁၀၀၀ ကျော် ပြေးဆွဲမှု ရပ်နားခဲ့ခြင်းကြောင့် ခရီးသွားပြည်သူများစွာ အခက်အခဲဖြစ်၍ ဒုက္ခရောက်ခဲ့ကြသည်။ ရှိသည့်ကားဖြင့် အဆင့်ဆင့် စီးနင်းရခြင်း၊ ဘတ်စ်ကားအစား အငှားယာဉ်ကိုသာ စီးနင်းရခြင်းများ ရှိခဲ့ပြီး ထိုအထဲမှ တက္ကသိုလ် စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသားများ စာမေးပွဲနောက်ကျသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။ သက်ဆိုင်ရာ တက္ကသိုလ်များက ကျောင်းကြိုပို့ ယာဉ်များပင် စီစဉ်ပေးခဲ့ရသည်။ အချို့ကားပိုင်ရှင်များကလည်း ကားအခက်အခဲ ဖြစ်ပါက ၎င်းတို့ကို ဆက်သွယ်လျှင် ကူညီပေးမည်ဖြစ်ကြောင်း Facebook လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ကြေညာခဲ့ကြရသည်။ ထို့ပြင် အချို့ပြေးဆွဲမှု ရပ်နားသော သူများက ပြေးဆွဲနေသည့် ယာဉ်များကိုပင် ပြေးဆွဲခြင်း မပြုရန် ခြိမ်းခြောက်ရန်ရှာမှု အချို့ပင် ရှိခဲ့သည်ဟု သိရသည်။ ■ ကြားထဲက ခံရသည့် ခရီးသွား ပြည်သူတွေ ထိုသို့ မော်တော်ယာဉ် ဥပဒေသစ်အရ တိုးမြှင့်လိုက်သည့် ဒဏ်ကြေး၊ ယင်းဒဏ်ကြေးကို ကြောက်၍ မထွက်သည့် ယာဉ်များ၊ ထိုကြားထဲတွင် ခရီးသွားပြည်သူများက ဒုက္ခခံခဲ့ကြရသည်။ ထမင်းရှင် ခရီးသွားပြည်သူများကို မထောက်ထား၊ မစာနာ၊ ဒဏ်ကြေးမြှင့်လိုက်၍ စည်းကမ်းရှိအောင် မောင်းမယ်လို့ မရှိဘူး၊ မထွက်ဘဲ ဆန္ဒပြတယ်ဆိုပြီး ပြည်သူများအကြား ဝေဖန် ပြောဆိုမှုများစွာ ထွက်ပေါ်ခဲ့သည်။ သို့သော် ယာဉ်ပိုင်ရှင်များကမူ ယင်းသို့ ဘတ်စ်ကားများ မထွက်ခဲ့ကြခြင်းမှာ မော်တော်ယာဉ် ဥပဒေသစ်အရ တိုးမြှင့်လိုက်သည့် ဒဏ်ကြေးငွေကို ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ ကြောက်ရွံ့၍ ကားပြေးဆွဲခြင်း မပြုခြင်းသာဖြစ်ပြီး ၎င်းတို့၏ နေ့စဉ်ဝင် ငွေဖြင့် မဆောင်နိုင်၍ဖြစ်ကြောင်း၊ ဆန္ဒပြ၍ မထွက်ခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။ “တကယ်တော့ ဆန္ဒပြတာ မဟုတ်ပါဘူး။ ဒဏ်ကြေးကြောက်လို့ သူတို့ ကားလာမထုတ်ကြဘူး။ ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေ ဘက်ကလည်း ဘာမှလုပ်လို့ မရဘူး။ အခု တစ်နေ့ တစ်နေ့ကို သူတို့အများဆုံး အဖမ်းခံနေရတာက မှတ်တိုင်မရောက်ဘဲ ရပ်တာ၊ ကားတံခါးဖွင့်တာ၊ ပြီးတော့ မှတ်တိုင်ကျော်ရပ်တာတွေနဲ့ပါ။ သူတို့ နေ့တိုင်း ဒီအမှုတွေနဲ့ အဖမ်းခံရမယ်ဆိုရင် သူတို့ အစိုးရကို လုပ်ကျွေးနေသလို ဖြစ်နေမယ်ဆိုပြီး ကြောက်နေကြတယ်။ ဒါကြောင့် ကားမဆွဲဖြစ်ကြတာပါ။ ပြီးတော့ ယာဉ်ထိန်းတွေကလည်း အမှု မပြည့်သေးဘူးဆိုပြီး ဖမ်းတာတွေလည်း ရှိတယ်။ ညစ်ဖမ်းဖမ်းတာပေါ့။ အချို့ ချောင်းဖမ်းကြတယ်။ သူတို့ကို ချောင်းဖမ်းလို့ မရအောင် အဖြူ ဆင်ပေးထားတာ။ အဲဒီလို ဖမ်းဆီးမှုမှာ စနစ်မကျနတာတွေကြောင့် ကားတွေက ကြောက်ပြီး မထွက်ကြတာပါ” ဟု ခရီးသည်တင် ယာဉ်ပိုင်ရှင် တစ်ဦးက ဆိုသည်။ ဆူးလေ-ဒဂုံတက္ကသိုလ် ပြေးဆွဲနေသော BM ယာဉ်များ မြောက်ဒဂုံမြို့နယ် တစ်နေရာတွင် ပြေးဆွဲမှု ရပ်နားထားသည်ကို စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် သို့သော် သယ်ယူပို့ဆောင်ရေးစနစ် အဆင်ပြေ ချောမွေ့စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုအပ်ပြီး စည်းကမ်း မလိုက်နာပါက ခရီးသည်တင် ဘတ်စ်ကားများ အနေဖြင့် စည်းကမ်းတကျ မောင်းနှင်မည် ဆိုပါက ဒဏ်ကြေးကို ဂရုစိုက်စရာ မလိုကြောင်းနှင့် တစ်ဖက်တွင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့် စည်းကမ်းချိုးဖောက်သည့် ယာဉ်များကို စနစ်တကျ ဖမ်းဆီးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ “ယာဉ်စည်းကမ်း ချိုးဖောက်တာကို လျစ်လျူရှုထားလို့ရှိရင် ပိုဆိုးလာမှာပေါ့။ ဒီလို လုပ်ချင်သလို လုပ်လို့ရတယ်ဆိုရင် ဆက်လက် ကျူးလွန်နေကြမှာပဲ။ ဒီလို ဒဏ်ကြေးမြှင့်တာကို များတယ်လို့ ယူဆသလား။ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုတွေကြောင့် ဒီလို ဖြစ်တာလေ။ ဒါကြောင့် ကျွန်တော် ၃၉ ကားကြီးဂိတ်က မထသကိုလည်း တွေ့ခဲ့တယ်။ ခင်ဗျားတို့ဘက်က ဒီလို သတ်မှတ်လိုက်လို့ နစ်နာတယ်ဆိုရင် ကျွန်တော်တို့ ပြောပြပါ။ ကျွန်တော် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၊ လွှတ်တော်တို့မှာ ပြန်တင်ပြပေးပါမယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က သုံးသပ်သည်။ ■ အများပိုင် သယ်ယူပို့ဆောင်ရေးစနစ် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ် ထိုသို့သော သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ ကမောက်ကမ ဖြစ်စဉ်များကြောင့် အများပိုင် သယ်ယူပို့ဆောင်ရေးစနစ် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။ ရန်ကုန်မြို့၏ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုနေသော ဘတ်စ်ကားများသည် ပုဂ္ဂလိက တစ်ဦးတစ်ယောက်တည်းပိုင်သည့် စနစ်ဖြင့်သာ လုပ်ဆောင်နေသောကြောင့် အခက်အခဲများစွာ ရှိနေပြီး ဘတ်စ်ကား လမ်းကြောင်းများ ရွေးချယ်ရာတွင် ခရီးသည်သွားလာမှု အပေါ်တွင် အခြေပြုခြင်း မရှိဘဲ စီးပွားရေးအရ တွက်ခြေကိုက်မှု အပေါ်ကိုသာ အခြေပြုထားခြင်းခြင်းကြောင့် ခရီးသည်များကို ပြည့်ဝသည့် ၀န်ဆောင်မှု မပေးနိုင်သည့် အခြေအနေ ဖြစ်သည်။ ဥပမာ-အထူးကားဟုဆိုကာ ကျပ် ၂၀၀ ကောက်ခံသည့် ယာဉ်များမှာ သာမန်ယာဉ်များကဲ့သို့ပင် မထူးခြားနားသည့် အခြေအနေ ဖြစ်သည်။ အထူးကားဆိုပြီး ထူးခြားသည့် ၀န်ဆောင်မှုလည်း မပေးနိုင်ပေ။ အခြားနိုင်ငံများ၏ သယ်ယူပို့ဆောင်ရေးစနစ် ကြည့်ပါက အများပိုင် စနစ်ဖြင့်သာ လုပ်ဆောင်နေကြပြီး အချို့ အင်အားကြီးယာဉ်လိုင်း တစ်ခု၊ နှစ်ခုမှ လွဲ၍ ကျန်သည်မှာ အများပိုင်များ ဖြစ်သည်။ ထိုသို့ အများပိုင်စနစ် ကျင့်သုံးခြင်းဖြင့် သယ်ယူပို့ဆောင်ရေးစနစ် အဆင့်မြင့်လာမည်ဖြစ်ပြီး စနစ်ကျနသည့် ပုံစံများလည်း ပေါ်ထွက်လာမည် ဖြစ်သည်။ လက်ရှိတွင် အများပိုင်စနစ်ကို ပြောင်းလဲရန် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီကို အစိုးရ၏ မ,တည် ရင်းနှီးငွေကျပ် ၁၀ ဘီလျံဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် မကြာမီ ကျတော့မည်ဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့် ကျပါက အများပြည်သူအား ရှယ်ယာ ကျပ် ၁၅ ဘီလျံဖိုး ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ရှယ်ယာ အများဆုံး ၀ယ်ယူသူ လေးဦးကို တည်ထောင်သူ အနေဖြင့် ထည့်သွင်းမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ နာမည်ကြီး ဆောက်လုပ်ရေးနှင့် ကားလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီကြီးများက ရှယ်ယာများ ၀ယ်ယူရန် ကမ်းလှမ်းထားသည်ဟု သိရသည်။ လက်ရှိတွင် ကားသစ်များ တင်သွင်းထားပြီး ယခုနှစ်ကုန်တွင် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီက အပေါ့စား အမြန်ဘတ်စ်ကားလိုင်းများ စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ “Public Transport က နိုင်ငံတကာမှာ တစ်ဦးတည်း မလုပ်ဘူး။ အများပိုင်ပဲ လုပ်ကြတာ။ အခုဒီက ပုဂ္ဂလိကပိုင် စနစ်က Driver ကို ပိုက်ဆံရှာခိုင်းတာ။ အများပိုင် စနစ်မှာက Driver ဆိုတာ ယာဉ်မောင်းရုံ သက်သက်ပဲ။ သူ့ကို လစာပေးခိုင်းတာ။ အများပိုင် တည်ထောင်သူကိုလည်း တကယ်လုပ်နိုင်မယ့် သူတွေကိုပဲ ရွေးပြီး လုပ်တာ။ ပိုက်ဆံ အရင်းအနှီး များတယ်။ ဒါပေမဲ့ အာမံချက်တွေ ရှိတယ်။ ခရီးသည်တွေ ဘေးကင်းမယ်။ မြန်ဆန်မယ်။ အချိန်မှန်မယ်။ သက်သောင့်သက်သာ ဖြစ်မယ်။ ကားအသစ်တွေသွင်းပြီး လုပ်မယ်။ ဒီစနစ်ကို ပြောင်းလဲလိုက်မယ်ဆိုရင် ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးကလည်း အများကြီး အဆင့်မြင့်လာမှာပါ။ အချိန်လိုတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ အကြံပေး ဒေါက်တာမောင်အောင်က သုံးသပ်သည်။ ■ စည်းကမ်းမဲ့ အပြိုင်အဆိုင် အလုအယက်မောင်းခြင်း လျော့လာမည် ထိုသို့ အများပိုင်စနစ် ပြောင်းလဲလိုက်ပါက ဘတ်စ်များမှာ အမြန်ဘတ်စ်ကားလိုင်းများ၊ အဆင့်မြင့် ဘတ်စ်လိုင်းများအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး လက်ရှိ အုံနာကြေးစနစ်ဖြင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များက ငွေရှာရသည့်ပုံစံမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား လစာပေးသည့် ပုံစံသို့ ပြောင်းလဲမည် ဖြစ်သောကြောင့် ယခု တစ်ဦးပိုင်စနစ်တွင် ဖြစ်ပွားနေသော စည်းကမ်းမဲ့ သူ့ထက်ငါ အပြိုင် အလုအယက် ကျော်တက်မောင်းနှင်ခြင်းများလည်း လျော့ပါးသွားမည်ဖြစ်သည်။ “ဘတ်စ်ကားလိုင်းတွေကို အများပိုင် ပြောင်းသင့်တယ်။ အခုက တစ်ဦးတည်းအပိုင် ဆိုတော့ ကိုယ့်ကား ကိုယ့်လူရဖို့နဲ့ အခေါက်ရေ အများကြီးရဖို့ကိုပဲ အာရုံထားတော့ စည်းကမ်းမဲ့မောင်းတာတွေ ပိုဖြစ်လာတာပေါ့။ နောက်ပြီး ရန်ကုန်မြို့မှာကလည်း ကားတွေကလည်း အရမ်းကျပ်လာတယ်။ နောက်ပြီး ဒဏ်ကြေးတွေလည်း မြှင့်လိုက်တော့ အခုလို မလိုလားအပ်တဲ့ ပြဿနာမျိုးတွေ ဖြစ်ခဲ့တာပါ။ အောက်ခြေမှာကလည်း လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတယ်။ အရင်က ပိုက်ဆံ ၁၅၀၀ ပေးရင် အဆင်ပြေတယ်။ အခုတော့ သတ်မှတ်ဒဏ်ကြေး မပေးချင်ရင် ၁၅၀၀ ထက်ပိုတဲ့ငွေနဲ့ လာဘ်ထိုးရတော့မှာပေါ့။ အများပိုင် လုပ်မယ်ဆိုရင်လည်း ပြည်သူ၊ ယာဉ်မောင်း၊ ယာဉ်အကူအတွက် အဆင်စေမယ့် ပုံစံမျိုး လုပ်စေချင်တယ်” ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ ကိုကျော်မင်းက ဆိုသည်။ ■ ဘတ်စ်ကားစီး ခရီးသည် ၂ ဒသမ ၂ သန်းထက် ပိုများလာဖို့ ထိုသို့ သယ်ယူပို့ဆောင်ရေး စနစ်ကို အများပိုင် စနစ်သို့ ပြောင်းလဲကာ အဆင့်မြှင့်တင်ခြင်းဖြင့် လက်ရှိ ဘတ်စ်ကားစီး ခရီးသွားလာသူ ၂ ဒသမ ၂ သန်းထက် များစွာ ကျော်လာမည်ဖြစ်သည်။ ထို့ပြင် အချိန်မှန်ခြင်း၊ သက်သောင့်သက်သာနှင့် ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်မည် ဆိုပါက ယင်းသို့ မဆွဲဆောင်နိုင်စရာ အကြောင်းမရှိပေ။ ထိုသို့ အများပိုင်စနစ် ပေါ်လာပါက သုံးမိနစ်ခြား၊ ငါးမိနစ်ခြား တစ်စီးပြေးဆွဲမည့် အမြန်ဘတ်စ်ကားလိုင်းမျာလည်း အသီးသီး ပေါ်ထွက်လာမည်ဖြစ်သည်။ ■ ပုဂ္ဂလိကပိုင်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး နည်းဥပဒေလည်း အမြန်ထွက်ဖို့ လိုသည် ရန်ကုန်မြို့တွင်း ပုဂ္ဂလိပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရန်အတွက် ရည်ရွယ်ရေးဆွဲခဲ့သည့် ‘ရန်ကုန်တိုင်ဒေသကြီး ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ’ ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်ကာ နည်းဥပဒေ ထွက်ရှိရန်သာ ကျန်ရှိတော့သည်။ နည်းဥပဒေ ထွက်ရှိလာပါက မထသကဲ့သို့ ရန်ကုန်မြို့တွင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းဥပဒေတွင် လိုက်နာရမည့် အချက်များ၊ စီမံခန့်ခွဲမှုအရ အရေးယူမှု ပြစ်ဒဏ်များ အတိအကျ ပါလာမည်ဖြစ်ခြင်းကြောင့် ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ပြီး ပုဂ္ဂလိကပိုင်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေဟု ဆိုထားခြင်းကြောင့် အများပိုင် စနစ်များလည်း အကျုံးဝင်မည်ဖြစ်သည်။ “ဒီဥပဒေက နည်းဥပဒေထွက်ဖို့ ကျန်သေးတယ်။ ဒါထွက်လာရင်တော့ မထသလို ကြီးကြပ်ရေးအဖွဲ့မျိုး ပေါ်လာမယ်။ အဲဒီမှာ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်နောက်လိုက်တွေပါ ပါဝင်ခွင့်ရမယ်ဆိုတော့ အဆင်ပြေမှာပါ။ အခုဟာက မထသမှာ ဥပဒေ တိတိကျကျ မရှိဘူး။ ဒီရက်ပိုင်း မပြေးဆွဲဘဲ ရပ်ထားခဲ့တဲ့ ကားတွေနဲ့ ပတ်သက်ပြီး အရေးယူလို့ မရဘူး။ အရေးယူလို့ ရအောင်လည်း ဥပဒေ မရှိဘူး” ဟု ခရီးသည်တင် ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။ Eleven Writer: ကျော်ထင်

No comments:

Post a Comment