Sunday, 20 September 2015

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမူဝါဒ၊ လမ်းစဉ်နှင့် သဘောထားများဆိုင်ရာ ဟောပြောမှု နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များတွင် ယနေ့ ထုတ်လွှင့်မည်

တောင်ဥက္ကလာမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှု ပိုစတာကို တွေ့ရစဉ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမူဝါဒ၊ လမ်းစဉ်နှင့် သဘောထားများဆိုင်ရာ ဟောပြောမှုကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များတွင် စက်တင်ဘာ ၂၁ ရက်တွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီများ၏ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန် ဟောပြောတင်ပြခွင့်များကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ခွင့်ပြုပေးထားခြင်းဖြစ်ပြီး ဟောပြောမှုများကို တစ်ရက်လျှင် နိုင်ငံရေးပါတီ သုံးခုနှုန်းဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (News Channel)၊ ရေဒီယို အစီအစဉ်များနှင့် နေ့စဉ်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်လွှင့် ဖော်ပြပေးနေခြင်း ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အပါအ၀င် မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီတို့၏ ပါတီမူဝါဒ၊ လုပ်ငန်းစဉ်ဆိုင်ရာ ဟောပြောချက်များကို စက်တင်ဘာ ၂၁ ရက်တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားရာ အဆိုပါ ဟောပြောချက်များအား ည ၇ နာရီတွင် ကြည့်ရှုနားဆင်နိုင်မည်ဖြစ်သည်။ NLD ပါတီ အနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရ၍ အစိုးရဖွဲ့နိုင်လိမ့်မည်ဟု ယုံကြည်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာ၌ အမျိုးသား ရင်ကြားစေ့ရေးမူကို တစိုက်မတ်မတ် ကိုင်စွဲသွားမည်ဖြစ်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၄ ရက်တွင် ဖြန့်ချိခဲ့သော ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အမှာစာအဖြစ် ထည့်သွင်း ပြောကြားထားသည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဦးတည်ချက်များဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် ၄၄ နေရာတွင် ၄၃ နေရာ အနိုင်ခဲ့သော်လည်း ယင်းအင်အားမှာ လွှတ်တော်အတွင်း၌ ငါးရာခိုင်နှုန်းမျှ မပြည့်သဖြင့် ရည်ရွယ်ချက်များ အကောင်အထည် ဖော်နိုင်သည့် အဆင့် မရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမှာစာတွင် ဖော်ပြထားသည်။ “ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရဟန်းရှင်လူ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက ၀ိုင်းဝန်းကူညီ ထောက်ခံအားပေးရန် လိုအပ်ပါသည်။ ပြည်သူလူထု၏ ဘ၀များ ပြောင်းလဲချိန် တန်ပါပြီ။ အဖွဲ့ချုပ်ကို မဲပေး၍ ရွေးချယ်တင်မြှောက်ရန် အလေးအနက် တိုက်တွန်းအပ်ပါသည်” ဟု အမှာစာတွင် ပါရှိသည်။ တရားမျှတပြီး ဘက်လိုက်မှုကင်းမည့် တရားစီရင်ရေးစံနစ် ထူထောင်ရန် တရားရေးမဏ္ဍိုင်သည် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်တို့နှင့် တူညီသော အဆင့်အတန်းဖြင့် လွတ်လပ်စွာ တည်ရှိစေရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးက တရားစီရင်ရေးအပေါ် လွှမ်းမိုးချုပ်ကိုင်မှု ကင်းရှင်းရမည်ဖြစ်ကြောင်း၊ တရားသူကြီးများသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိရန် လိုအပ်သည့် ကိစ္စများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ခဲ့ပါက ဆောင်ရွက်မည်ဖြစ်ကြောင်း NLD က ကြေညာထားသည်။ ဆက်လက်၍ NLD ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ပါက နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ပထ၀ီ သဘောသဘာဝ အခြေအနေများနှင့် ကိုက်ညီသော မဟာဗျူဟာအရ စစ်ရေးစွမ်းရည် ထက်မြက်ပြီး နည်းပညာပိုင်းဆိုင်ရာ တိုးတက်သော တပ်မတော်အဖြစ် ခေတ်မီ၍ အဆင့်အတန်း မြင့်မားအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် နိုင်ငံတော်ကာကွယ်ရေး ယန္တယား တစ်ရပ်လုံးသည် အုပ်ချုပ်ရေး မဏ္ဍိုင်ထဲ၌သာ တည်ရှိရန် ဦးတည်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပြည်သူတို့၏ ယုံကြည်အားကိုးလေးစားသော တပ်မတော်ဖြစ်မြောက်ရေး မူတို့အပေါ် ရပ်တည်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီရှိရာ ပါတီခေါင်းဆောင်များ၏ ဟောပြောထုတ်လွှင့်မှုအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီ အစီအစဉ်အတိုင်း ရိုက်ကူးထုတ်လွှင့် ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။ ပါတီများ၏ ဟောပြောချက်များကို အောက်တိုဘာ ၇ ရက်အထိ ပထမအကြိမ်အဖြစ် ထုတ်လွှင့်ပေးမည်ဖြစ်ပြီး အောက်တိုဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိကိုမူ ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ ဟောပြောမှု တင်ပြမှုကို အောက်တိုဘာ ၂၁ ရက်တွင် ထပ်မံကြည့်ရှု နားဆင်နိုင်မည် ဖြစ်သည်။ Eleven

No comments:

Post a Comment