Monday, 11 January 2016

/:::::မိခင်ကို သတ်ရန် ဓားနှင့်လိုက်သူ မြေမြိုခြင်း

            ဇွန်လ (၂) ရက်နေ့တွင် သားဖြစ်သူမှာ ခါးထိအောင် မြေမြုပ်နေ၍ လာရောက်ကြည့်ရှုခြင်း။

          ကေအင်ဒီအိုများမှာ ထိုအဖြစ်အပျက်ကို တွေ့မြင်ရ၍ တုန်လှုပ်ကာ အပြုအမူပြောင်းလဲနေခြင်း။

အနီးသို့ မကပ်နိုင်။

(မြန်မာ့အလင်း ၅-၆-၅၁)

          ကျိုက်ပိရွာအဖျား မစိုးရိမ်ရွာ အနီး ဗောဒိညောင်ပင်နှင့် (၁၀) လံ အကွာအရပ်တွင် ကေအင်ဒီအို တစ်ယောက် မြေမျိုသော သတင်းတစ်ရပ် ထွက်ပေါ်လာသဖြင့် စုံစမ်းကြည့်ရာ အောက်ပါအတိုင်း သိရှိရကြောင်း။

          ကော်သူလေး အစိုးရ ရုံးစိုက်နေသော ကျိုက်ပိရွာမှ ကရင်ကပြား အသက် (၂၀) ရှိ ချစ်ဖေသည် ဗုဒ္ဓသာသနာ ရတနာသုံးပါးကို အလွန် ကြည်ညိုသော ၎င်း၏ မိခင်အသက် (၄၅) နှစ်ရှိ မသာလိအား နေ့စဉ်နှင့် အမျှ ရိုက်ပုတ်ဆဲရေးသည် ဆိုကြောင်း။  ချစ်ဖေသည် မသာလိ ရတနာသုံးပါး ကိုင်းရှိုင်းနေသည့် အတွက် ၎င်း၌ အလုပ်အကိုင် လမ်းမသင့်ဘဲ ရှာဖွေလုပ်ကိုင်၍ မရဟု အယူရှိပြီးလျှင် ၎င်း၏ မိခင်အား အမြဲတစေကြိမ်း မောင်းရိုက်နှက် ဆဲဆိုသောကြောင့် မယားဖြစ်သူ ချစ်မေက မအေကို ယခုကဲ့သို့ မလုပ်သင့်ကြောင်းနှင့် ပြောသည် ဆိုကြောင်း။

နောက်ပြောလျှင် ဓားနှင့်ခုတ်မည်

          ချစ်ဖေသည် မယားစကားကို နားမထောင်သည့် အပြင် နောက်တစ်ကြိမ် ပြောလျှင် ဓားနှင့် ခုတ်မည်ဟု ပြောထားသဖြင့် မပြောဝံ့တော့ဟု ဆိုကြောင်း။ သို့ဖြင့် မေလ (၂၅)ရက် နေ့ နံနက် (၆) နာရီအချိန်တွင် မသာလိ ဘုရားရှိခိုးနေစဉ် သားချစ်ဖေသည် ခြေနှင့်ကန်၊ လက်သီးနှင့်ထိုး အမျိုးမျိုး ပြုလုပ်ဆဲဆိုကာ ဓားဖြင့် ခုတ်ရန် လိုက်တော့သည် ဆိုကြောင်း။ သို့ဖြင့် မသာလိသည် ကေအင်ဒီအို ကော်လေးစက်ရုံသို့ အဆောတလျှင် ပြေးပြီး တိုင်ကြားရတော့သည် ဆိုကြောင်း။

ဗောဓိညောင်ပင် အနီးတွင်

          မိခင်အား ဓားကိုင်လိုက်သော ချစ်ဖေသည် ကော်လေးစက်ရုံနှင့်  မနီးမဝေး ဗောဓိညောင်ပင်နှင့် (၁၀) လံကွာသို့ ရောက်သောအခါ ခြေလှမ်း မရတော့ဘဲ ဓားထမ်းပြီး ခြေစုံရပ်နေတော့သည် ဆိုကြောင်း၊ ကော်သူလေး စစ်ဗိုလ်အမိန့်ဖြင့် ချစ်ဖေကို ခေါ်ရန်လာသော ကေအင်ဒီအို တစ်ယောက်သည် ချစ်ဖေနှင့် (၁၅) လံ ကွာသော နေရာသို့ ရောက်လျှင် အလွန်ပူသဖြင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေသောကြောင့် ဗိုလ်ကြီးက လာရမည်ဟု ပြောဆိုကြောင်း။

ခြေနှစ်ချောင်း မြေမှခွာမရ

          ခြေနှစ်ချောင်း မြေကခွာမရ၍ မလာနိုင်ကြောင်းနှင့် ချစ်ဖေက ပြန်ပြောရာ နောက်တစ်ကြိမ် ကော်သူလေး စစ်ဗိုလ်နှင့် ငယ်သားများ လိုက်လာကြသော်လည်း ချစ်ဖေအနီးသို့ မည်သူမျှ မကပ်နိုင်ကြသဖြင့် အဝေးကသာ စကားပြောကြရသည် ဆိုကြောင်း။ ထိုအချိန်တွင် ချစ်ဖေ၏ ခြေမျက်စိသည် မြေထဲသို့ မြုပ်နေပြီ ဆိုကြောင်း၊ ၎င်းနောက် ကေအင်ဒီအို တပ်သားများသည် ချစ်ဖေအနားသို့ ကပ်၍ ဆွဲယူရန် အမျိုးမျိုး ကြံစည်ကြသော်လည်း နေပူရှိန်ထက် အဆပေါင်းများစွာ ပူလောင်သောကြောင့် ဘယ်သူမှ မကပ်နိုင်ဘဲ ရှိနေရာ ချစ်ဖေမှာလည်း စကားပြောရုံမှ တစ်ပါး အခြား ကိုယ်ကာယတို့ကို မည်သို့မျှ မလှုပ်ရှားနိုင်ဟု ဆိုကြောင်း

လူကလေး အမေ့ကို ရှိခိုးလိုက်

          ယခုကဲ့သို့ ဖြစ်ပျက်နေစဉ် အတွင်း မသာလိ ရောက်လာပြီးလျှင် လူကလေး အမေ့ကို ရှိခိုးလိုက်။ မင်းကို မြေမျိုနေပြီဟု ငိုယိုကာ အော်ပြောသည် ဆိုကြောင်း။ ချစ်ဖေက လက်လှုပ်၍ မရပါ။ မှားသမျှ လွန်သမျှ ၀န်ချ တောင်းပန်ပါသည်ဟု ပြောနေစဉ် မိုးသည်းထန်စွာ ရွာသွန်းလိုက်သည် ဆိုကြောင်း။ မိုးရပ်သွားသော အခါ အပူရှိန် ပိုမိုပြင်းထန်လာသဖြင့် ချစ်ဖေအနီးသို့ အလံ (၂၀)ခန့် ကသာ လူအများ ကြည့်နိုင်တော့သည် ဆိုကြောင်း။

ခါးထိအောင် မြုပ်နေပြီ။

          မေလ (၂၈) ရက်နေ့တွင် ချစ်ဖေသည် ဒူးမြုပ်၍ မေလ (၃၁) ရက်နေ့၌ ခါးထိအောင် မြုပ်နေပြီ ဆိုကြောင်း၊ ခါးမမြုပ်မီ ချစ်ဖေက အမေ ကျွန်တော့်ကို မကယ်နိုင်တော့ဘူးလား ဟု ပြောပြီးနောက် ယခု သတင်းရေးနေသော ဇွန်လ (၂) ရက်နေ့ အထိ မြေမျိုခံရသော ချစ်ဖေသည် လုံးဝ စကားမပြောနိုင်ဟု ဆိုကြောင်း၊ မသာလိမှာ သားဖြစ်ပုံကို မကြည့်နိုင်သဖြင့် မတ်တပ်မှ လဲကာ မေ့မြောသွား၍ လူအများက ပွေ့ထူနှာနှပ်ယူကြရကြောင်း။

တုန်လှုပ် ချောက်ချားနေကြပုံ

          ကော်သူလေး ကေအင်ဒီအိုများသည် ချစ်ဖေ၏ အဖြစ်အပျက်ကို ဒိဋ္ဌတွေ့ကြရ၍ အလွန်အမင်း တုန်လှုပ် ချောက်ချားပြီးလျှင် ကရင် -ဗမာလူကြီးများကို အရိုအသေပေးခြင်း၊ ဘုရားကိုးဆူ ပူဇော်ခြင်း၊ သံဃာတော်များပင့်၍ ပရိနာခြင်း၊ ဆွမ်းလှူခြင်း အစရှိသော ဗုဒ္ဓဘာသာ တရားတို့ကို အထူးလေ့လာ ပြုလုပ်နေကြသည် ဆိုကြောင်း။

လူ(၁၀၀၀)နှင့် (၂၀၀၀)ကြားတွင်

          မြေမျိုသော နေရာသို့ ကေအင်ဒီအိုများ နေ့ညမပြတ် စောင့်ကြပ်နေကြပြီးလျှင် လာရောက်ကြည့်ကြသော လူများကိုလည်း ဘယ်သို့မျှ တားမြစ်ခြင်း မရှိဟု ကော်သူလေး နယ်မှ ရောက်လာသော ဈေးဝယ် တစ်ဦးက ပြောပြကြောင်း၊ လာရောက်ကြည့်ကြသော လူများသည် နေ့စဉ် (၁၀၀၀) နှင့် (၂၀၀၀) ကြားရှိ၍ သိကြားသာသနာ နီးကပ်လာ၍ ယခုကဲ့သို့ အရိပ်အယောင် သင်ခန်းစာ တစ်ရပ် အနေဖြင့် ပြသည်ဟု ပြောသည်ကိုလည်း ကြားခဲ့ရသည် ဆိုကြောင်း။

messenger journal

No comments:

Post a Comment