Wednesday, 31 December 2014

ပရိသတ်တွေနဲ့ ပရဟိတအစီအစဉ်လုပ်ဖို့ ကြိုးစားနေတဲ့ မိုးစက်ဝိုင်


Thursday, January 1, 2015
၂၀၁၅နှစ်ဆန်းတွင် ပရိသတ်များနှင့်အတူ လှူဒါန်းနိုင် မည့် ပရဟိတအစီအစဉ်တစ်ခုအ ကောင်အထည်ဖော်နိုင်ရန် ကြိုး စားနေသည်ဟု မိုးစက်ဝိုင်ကပြော သည်။
‘‘မိုးစက်ကို အားပေးတဲ့ ပရိ သတ်တွေပါဝင်နိုင်မယ့် ပရဟိတ အစီအစဉ်တစ်ခုလုပ်နိုင်အောင် ကြိုးစားပြီး စီစဉ်နေပါတယ်။ အစီ အစဉ်အတိအကျကို မကြာခင်အ သိပေးသွားပါမယ်’’ဟု မိုးစက်ဝိုင် ကပြောသည်။
ယင်းအစီအစဉ်ကို ယခင်က ဇန်န၀ါရီအတွင်း ပြုလုပ်နိုင်ရန် စီစဉ်ခဲ့သော်လည်း ပြင်ဆင်ချိန် နည်းနေသောကြောင့် ဖေဖော်ဝါရီ မှသာ ပြုလုပ်တော့မည်ဟု မိုးစက်ဝိုင်၏ မန်နေဂျာကပြောသည်။
‘‘ဇန်န၀ါရီလထဲမှာ မီဒီယာ ကနေ လှူလို့ရမယ့် ဘဏ်အ ကောင့်တွေကို အသိပေးသွားပါ မယ်။ အလှူငွေကောက်တာကို တစ်လလောက်အချိန်ယူပြီး ကြို့ ပင်ကောက်က မိဘမဲ့ကလေး ကျောင်းကိုလှူဖို့လောလောဆယ် စီစဉ်ထားပါတယ်’’ဟု ၎င်းကပြော သည်။
Amazing Cities အစီအစဉ် အတွက် ရိုက်ကူးရေးကို ပြီးခဲ့သည့် ရက်က မြိတ်နှင့် ကော့သောင်းတွင် ခက်ခက်ခဲခဲရိုက်ကူးခဲ့ရသော ကြောင့် ပင်ပန်းခဲ့ရသကဲ့သို့ ပျော် ရွှင်စရာလည်းကောင်းခဲ့ကြောင်း မိုးစက်ဝိုင်ကပြောသည်။
‘‘သံပခြုပ်တွေလည်းကိုင်ခဲ့ တယ်။ ငါးဖမ်းတဲ့သင်္ဘောပေါ် တက်ပြီး ငါးတွေလည်းအများကြီး ကိုင်ခဲ့တယ်။ နောက်ပြီး ကဏန်း ပျော့တွေလည်းကိုင်ခဲ့တယ်’’ဟု မိုးစက်ဝိုင်က ခရီးစဉ် အမှတ်တရ များကိုပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်းက ရုပ်ရှင်တစ်ကားတွင်ပါဝင်သရုပ် ဆောင်ရန်စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်အထိ မရိုက်ကူးဖြစ် သောကြောင့် ၂၀၁၅အတွင်း သရုပ်ဆောင်အနေဖြင့် ဇာတ်ကားတစ်ကားရိုက်ကူးဖြစ်မည်ဟု ဆိုသည်။
‘‘၂၁၀၅ထဲမှာ အခုလက်ခံ ထားတဲ့ ကားကမဆက်သွယ်ရင် တစ်ကားမဟုတ်တစ်ကားတော့ ရိုက်ဖို့အစီအစဉ်ရှိပါတယ်’’ဟု မိုးစက်ဝိုင်ကပြောသည်။

7Day Daily

စစ်သီချင်းကို နှစ်သစ်လက်ဆောင်ပေးမယ့် ဖြူဖြူကျော်သိန်း


Thursday, January 1, 2015
ပရိသတ်များအတွက် ၂၀၁၅ နှစ်သစ်လက်ဆောင်အနေ ဖြင့် စစ်သီချင်းကို အွန်လိုင်းမှ ယနေ့ စတင်ဖြန့်ချိပေးမည်ဟု ဖြူဖြူကျော်သိန်းက ပြောသည်။
‘‘ဒီသီချင်းကို You Tube မှာ အမ်စတာဒမ်ပွဲတုန်းကဆိုထား တာကို ပရိသတ်တွေတော်တော် ကြိုက်ကြတယ်။ အဲဒီတုန်းက တော့ အယ်လ်လွန်းဝါနဲ့ဆိုထား တာ။ အခုက နာမည်ကျန်နေရစ် မယ်အခွေမှာပါမယ့်တစ်ယောက် တည်းဆိုထားတဲ့ဗားရှင်းနဲ့ဖြန့်ပေး မှာပါ’’ဟု ၎င်းက ပြောသည်။
ယင်းသီချင်းသည် ငြိမ်းချမ်း ရေစးနှင့်သက်ဆိုင်သည့် သီချင်း တစ်ပုဒ်ဖြစ်သောကြောင့် နှစ်သစ် တွင် ငြိမ်းချမ်းရေးအတွက် ဆော် ဩပေးသည့်သဘောပင် ဖြစ် ကြောင်း ဖြူဖြူကျော်သိန်းက ပြောသည်။
‘‘နာမည်ကျန်နေရစ်မယ်’’ တစ်ကိုယ်တော်ခွေကို မကြာမီ လပိုင်းအတွင်း ဖြန့်ချိပေးနိုင်ရန် ကြိုးစားနေပြီး အချောသပ်ပိုင်း ကျန်နေသောကြောင့် မထွက်နိုင် ခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘ဓာတ်ပုံတွေတောင်ရိုက်ပြီး သွားပြီ။ အချောသပ်တဲ့အပိုင်း အတွက် ဆရာချစ်စမ်းမောင်ဆီ က ဒိတ်ရအောင်စောင့်နေရတာ။ လောလောဆယ် ဆယ်ပုဒ်ကို လေးပုဒ်ပဲပြီးသေးတယ်။ နောက် နှစ်လလောက်အတွင်း ထွက်နိုင် အောင်တော့ ကြိုးစားနေတယ်’’ ဟု ဖြူဖြူကျော်သိန်းက ပြော သည်။

7Day Daily

မိန်းကလေးများ ချင့်ချိန်ပြီးမှ ယုံကြပါ


======================
ဒီအဖြစ်အပျက်လေးကတကယ့်အဖြစ်အပျက်လေးပါ.
သူငယ်ချင်းတွေအားလုံးသင်ခန်းစာယူသင့်တယ်ထင်လို့ မျှဝေပေးတာပါကျောင်းသင်ခန်းစာဆိုတာကိုယ်တိုင်ကအချိန်အကုန်ခံပြီး လေ့လာသင်ယူကျက်မှတ်ရပါတယ်.
ဘ၀နဲ့ ပက်သက်တဲ့ သင်ခန်းစာကိုတော့ မိမိပတ်ဝန်းကျင်မှာ တွေ့ နေ မြင်နေရတဲ့ အဖြစ်အပျက်ကိုကြည့်ပြီး ကိုယ်တိုင်က အဲ့ ဒီလိုအမှားမျိုးမဖြစ်အောင် သတိနဲ့ ဆင်ခြင်နိုင်ရင်တော့..ကိုယ့်ဘ၀အတွက် အရင်းအနှီး စိုက်ထုတ်စရာမလိုပဲနဲ့ အလကားရတဲ့ အမြတ်ပေါ့နော်...ဒီခေတ်ကြီးထဲမှာအလကားရတယ်ဆိုတာခပ်ရှားရှားရယ်..
မနှစ်ထိုင်းနိုင်ငံမှာနာမည်ကြီး
ခဲ့တဲ့ ဖြစ်ရပ်မှန်လေးပါ
ကောင်မလေးကတက္ကသိုလ်ကျောင်းသူတစ်ဦးပါ နယ်ကနေလာပြီးဘန်ကောက် မြို့ ပေါ်မှာကျောင်းလာတက်ရင်းနဲ့ Online ပေါ်မှာ အမေရိကန်နိုင်ငံသားတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့ပါတယ်..နောက်တော့ချစ်သူအမေရိကနိန်င်ငံသားကဘန်ကောက်ကိုအလည်ရောက်လာပါတယ်..အတူသွ
ားအတူ
အတူတူနေပြီးသိပ်မကြာခင်မှာဘဲ ဗီဇာသက်တန်းကုန်တော့အမေရိကားကိုပြန်ရတော့မှာမို့ ကောင်မလေးက မပြန်ခင်သူမကို တရားရုံးမှာ ဇနီးမယားအဖြစ်လက်မှတ်ထိုးသွားပါလို့ တောင်းဆိုတော့ ကောင်လေးက သူလက်မှတ် မထိုးပေးနိုင်ပါဘူးတဲ့ သူ့ မှာဇနီးရှိပါတယ် လို့ ပြောတော့ကောင်မလေးက နင်ငါ့ကိုတရားရုံးမှာ လက်မှတ်မထိုးပေးဘူးဆိုရင် အခုချက်ချင်းရဲ ကိုကြောင်းကြားပြီး ငါ့ကိုမတရားစော်ကားပါတယ်ဆိုပြီး တိုင်မယ်ပြောတော့ အဲ့ ဒီနိုင်ငံခြားသားလဲ ကြောက်လို့ နှူတ်ပိတ်တဲ့ အနေနဲ့ သတ်ပစ်လိုက်ပါတယ်..
သူ့ စိတ်ထဲမှာဘယ်သူမှ မသိနိုင်မမြင်နိုင်ဘူးလို့ ထင်ပြီး အလောင်းကို တစ်စစီ ခြေ လက် တွေ အကုန် အပိုင်းပိုင်းဖြစ်အောင်ဖြတ်ပြီး အမှိုက်ထဲ့ တဲ့ ပလပ်စတစ်အိတ်အမဲထဲထည့်ပြီးမြစ်ထဲသွားမျှောပါတယ် ရေကကျနေတာမို့ အလောင်းကမမြောဘဲနဲ့ ဒီအတိုင်းကျန်နေနေတာပေါ့ နောက်နေ့ အမှိုက်တွေ လိုက်ကောက်တဲ့ သူကအလောင်းကိုတွေ့ တော့ ရဲကိုအကြောင်းကြားပြီးရဲကအမှူစ်တော့ကောင်မလေးနေခဲ့တဲ တိုက်ခန်းပိုင်ရှင်ကိုမေးတာ ကောင်မလေးဆီကို နိုင်ငံခြားသားတစ်ယောက်အမြဲလာကြောင်း သက်သေအနေနဲ့  တိုက်ခန်းရဲ့ လူသွားတဲ့ စင်္ကြန်တိုင်းမှာဗွီဒီယိုကင်မရာ
တပ်ထားတော့လူသတ်ရားခံကို လွယ်လွယ်နဲ့ ပဲ ပြန်ဖမ်းမိခဲ့ပါတယ်..
အဲ့ဒီနိုင်ငံခြားသားဟာ အဲ့လိုမျိုးဆိုဒ်တွေမှာ နိုင်ငံပေါင်းစုံက အမျိုးသမီးတွေနဲ့ ရင်းနှီးအောင်မိတ်ဆွေဖွဲ့ ချစ်ရေးဆိုပြီးအမျိုးသမီးတွေကိုဖျက်ဆီးနေတဲ့  ကမ္ဘာလှည့်ကြာကူလီလူလိမ်တစ်ယောက်ပါ..
နောက်ထပ်သတင်း.တစ်ခုက အလယ်တန်းကျောင်းသူလေးပါ..
ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီး၃ ရက်လောက်သွားချင်တယ်ဆိုပြီး မိဘတွေဆီမှာခွင့်တောင်းပါတယ် မိဘတွေကလည်းကျောင်းနေဘက်သူငယ်ချင်းတွေနဲ့ သွားမယ်ထင်ပြီး ကြည်ကြည်ဖြူဖြူပဲ ခွင့်ပေးလိုက်ပါတယ်..နောက်၃ ရက်လောက်ကြာတော့ သမီးဖြစ်တဲ့ သူအိမ်ကိုပြန်မရောက်သေးလို့  ကျောင်းနေဘက်သူငယ်ချင်းတွေဆီလိုက်မေးတာသူငယ်ချင်းတွေအကုန်လုံး တစ်ယောက်မှ လေ့လာရေးခရီးမသွားရပါဘူးတဲ့...ဒါဆိုရင်ဘယ်သူနဲ့ သွားတယ်ဆိုတာသိကြလားဘို့ မေးတော့ တိတိကျကျတော့မသိပါဘူး Online ပေါ်က သူငယ်ချင်းတွေနဲ့ ပဲ ဖြစ်လိမ့်မယ်တဲ့  Online ပေါ်ကသူငယ်ချင်းတွေ ဘယ်မြို့ ဘယ်ရွာကလဲဆိုတာ မိဘတွေရော ငယ်သူငယ်ချင်းတွေရော တစ်ယောက်မှ မသိကြပါဘူး အဲဒါနဲ့ မိဘတွေကTV ကနေတဆင့် ဓါတ်ပုံနဲ့ တကွ လူပျောက်ကြော်ငြာ တင်ပါတယ်..သူတို့ ရဲ့ သမီးလေး Online ပေါ်က ခင်တဲ့ သူငယ်ချင်းနဲ့ လေ့လာရေးခရီး၃ ရက်သွားတာ ယခုအချိန်ထိ အိမ်ပြန်မရောက်သေးကြောင်း..တွေ့ ရှိက အကြောင်းကြားပါရန် ဆိုပြီး TV ကနေလွှင့်ပေးပါတယ် ဒါပေမယ့် ယခုအချိန်ထိ ကောင်မလေး အိမ်ပြန်မရောက်ခဲ့ပါဘူး သေလားရှင်လားတောင်မသိခဲ့ရပါဘူး.
....................
ကဲ သူငယ်ချင်းတို့ ရေ..ဒီအဖြစ်အပျက်လေး၂ ခု ကိုကြည့်ပြီးတို့ တွေ သုံးသပ်ရအောင်နော်..
Online ပေါ်မှာက လူပေါင်းစုံ မို့  လူ ကောင်းလားလူလိမ်လားဆိုတာမသိနို
င်ပါဘူး လူကောင်းတွေရှိသလို ရုပ်လေးဗန်းပြပြီး မဟုတ်တာ လုပ်နေတဲ့လူလိမ်တွေလဲ ရှိပါတယ်...
တစ်ချို့ က ချမ်းချမ်းကို ဝေဖန်အပြစ်တင်ကြပါတယ်.အွန်လိုင်းပေါ်က လူတွေကို မယုံကြည်တာဟာ သဘောထား သေးသိမ်တာပဲတဲ့..
စေချာစဉ်းစားကြည့်ရင်..
မိန်းကလေးနဲ့ ယောင်္ကျားလေးယှဉ်လို့ မရဘူး..မိန်းကလေးဆိုတာ အစစအရာရာ သတိထားပြီးဆင်ခြင်ပါမှာ တော်ရာကျပါလိမ့်မယ်..
တစ်ကယ်လို့ ချမ်းချမ်းကို အွန်လိုင်းပေါ်က သူငယ်ချင်းတွေအယုံအကြည်မ၇ှိဘူး လို့ ပြောလာရင် လဲ စိတ်မဆိုးဘူး.
အင်း ငါ့အကြောင်း သူမသိသေးလို့  ငါ့ကိုအယုံအကြည်မရှိတာပဲ..သူမမှားပါဘူး.တစ်နေ့ ငါ့အကြောင်းသိရင်တော့ ငါ့ကိုနားလည်ပါလိမ့်မယ်ဆိုပြီး ဒီလိုပဲ ခံယူထားတယ်..အကြောင်းမသိတဲ့ လူတစ်ယောက်ကို လွယ်လွယ် လေးယုံကြည့်လိုက်တာထက်
သေချာလေ့လာပြီးမှ ယုံကြည်သင့်ပါတယ်..
ချမ်းချမ်း စာအုပ်တစ်အုပ်မှာဖတ်ခဲ့ဘူးပါတယ်
................
မိန်းကလေးတစ်ယောက်ဟာ မိမိရဲ့ တန်ဖိုး ဘ၀ သိက္ခာနဲ့ ပက်သက်လာရင် အားမနာတတ်တာအကောင်းဆုံးပါ တဲ့ .
အရာရာကို အသိလေးနဲ့ စဉ်းစာဆင်ခြင်ပြီးချင့်ယုံပါလို့ ဆန္ဒပြုလျှက်
(အမျိုးသမီးများအားလုံး ဆင်ခြင်နိုင်ကြစေရန် Page ၀န်ဆောင်မှုပေးခြင်း မှ မေတ္တာဖြင့် ပြန်လည်မျှဝေလိုက်ပါသည်)
Written...By....ချမ်းချမ်း(ရွာသူလေး)
Credit :ရွာသူလေး ချမ်းချမ်း(ရင်တွင်းဖြစ်)

မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ အလွယ်တကူ ဖယ်ရှားနည်း


Thursday, January 1, 2015
ဖယောင်းသွင်း ဖယ်ရှားခြင်း၊ အမြစ်မှ ဆွဲနုတ်လို့ ပေးရတဲ့ အဖိုးအခတွေကြောင့် ပိုက်ဆံတွေ တော်တော်ကုန်နေပြီလား။ ခန္ဓာကိုယ်မှ မလိုအပ်တဲ့ အမွေးအမျှင်များကို အသားနာခံ ဖယ်ထုတ်တာကို ငြီးငွေ့နေပြီလား။ ရိုးရှင်းစွာ ဖြေရှင်းမယ့် နည်းလမ်းတစ်ခု ရှိပါတယ်။ လိုအပ်မယ့် ပစ္စည်းတွေက အိမ်မှာတင် ရှိကောင်းရှိနေပါလိမ့်မယ်။
ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်းကို အုတ်ဂျုံမှုန့်(Oatmeal) စားပွဲတင်ဇွန်းတစ်ဝက် (၀.၅) ရယ၊် လီမွန်ရည် အစက်အနည်းငယ်နဲ့ ရောစပ်ပါ။ ပြီးရင် မျက်နှာပေါ်အပြည့် သို့မဟုတ် အမွေးအမျှင်များဖယ်ထုတ်ချင်တဲ့နေရာကို လိမ်းပေးပါ။ လိမ်းပြီး ၁၅ မိနစ်ထားပြီးပါက ရေဆေးနိုင်ပါပြီ။ ပြီးရင် ခရင်မ်လိမ်းလိုက်ပါ။
ဒီနည်းမှာတော့ စိတ်ရှည်ဖို့ လိုပါလိမ့်မယ်။ ဒီကုထုံးကို တစ်ပတ် ၂-၃ ကြိမ်နဲ့ တစ်လကြာ လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်လပြီးရင် အမွေးအမျှင်တွေ လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။
သုံးကြည့်လို့ အားလုံး အဆင်ပြေနိုင်ကြပါစေ။
Source: gmcenter
Trend Myanmar

မြန်မာ့ အလင်း သတင်းစာတိုက်မှ တာဝန်ရှိသူ သုံးဦး ထောင်ဒဏ်နှစ်(၄ဝ)စီ ကျခံစေရန် အမိန့်ချမှတ်

နေပြည်တော် ဒီဇင်ဘာ ၃၁

မြန်မာ့အလင်း သတင်းစာတိုက် (ရန်ကုန်)တွင် မန်နေဂျာ တာဝန် ထမ်းဆောင်ခဲ့သည့် ဦးထွန်းထွန်းလတ်နှင့် လက်ထောက်မန်နေဂျာ တာဝန်ထမ်းဆောင်ခဲ့ကြသူ ဦးဝင်းမြင့်နှင့် ဦးကျော်မင်းဦးတို့အား နိုင်ငံတော်ဘဏ္ဍာ ငွေအလွဲသုံးစားမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်း ခရိုင်တရားရုံးက ပြစ်မှုတစ်ခုလျှင် ထောင်ဒဏ် (၁ဝ)နှစ်နှင့် ပြစ်မှုလေးခုတို့ အတွက် ထောင်ဒဏ်နှစ်(၄ဝ)အား အသီးသီး ကျခံစေရန် ဒီဇင်ဘာ ၃ဝ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုသည် မြန်မာ့အလင်း သတင်းစာတိုက်၏ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ပေါ်ပေါက်ခဲ့သော ငွေကြေးကွာဟမှု၊ အလွဲသုံးစားမှုနှင့် ငွေကြေးလိမ်လည်ထုတ်ယူမှုတို့အတွက် ၂ဝ၁၁ ခုနှစ်တွင် တရားစွဲဆိုခဲ့သည့် အမှုဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဘဏ္ဍာ မဆုံးရှုံးစေရေးအတွက် ဝရမ်းကပ်သိမ်းဆည်းထား သော တရားခံသုံးဦး၏ နေအိမ်နှင့်တိုက်ခန်းများအား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

(သတင်းစဉ်)
Myanmaalinn

အနော်ရထာ စက်မှုဇုန်အတွင်းရှိ ကျူးကျော်တဲ ၅၀၀ ကျော်ကို ဘက်ဟိုးနှစ်စီးနှင့် လူအင်အား ၃၀၀ ခန့်က ဖျက်ဆီးရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

လှိုင်သာယာမြို့နယ် အနော်ရထာ စက်မှုဇုန်အတွင်းရှိ ကျူးကျော်တဲ ၅၇၀ ခန့်ကို ဘက်ဟိုးနှစ်စီး အပါအ၀င် လူအင်အား ၃၀၀ ခန့်ဖြင့် ဒီဇင်ဘာ ၃၁ ရက်၊ နံနက် ၅ နာရီခန့်က လာရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ အိမ်ရာဝင်းအတွင်း ကျူးကျော်နေထိုင်သူများထံမှ သိရသည်။

ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ အနော်ရထာ စက်မှုဇုန်ဝင်းအတွင်းရှိ ၀ါဝါ၀င်းကုမ္ပဏီပိုင် မြေပေါ်တွင် ကျူးကျော်တဲ ဆောက်လုပ်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းတဲများကို ယခုတစ်ကြိမ် ဖျက်ဆီးမှု အပါအ၀င် သုံးကြိမ်လာရောက် ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“အိမ်ငှားခလေး သက်သာလို သက်သာငြားဆိုပြီး အများဆောက်နေလို့ လာဆောက်နေတာပါ။ အပိုင်နေဖို့လည်း မရည်ရွယ်ဘူး။ ညကတည်းက ဖျက်မယ်လို့ အသံကြားလို့ တစ်ညလုံး ထိုင်စောင့်နေကြပေမယ့် မနက်မိုးလင်းခါနီးမှ ဘက်ဟိုးတွေရော၊ ဦးထုပ်နီနဲ့ အရပ်ဝတ်လူတွေရော ရောက်လာပြီး အကုန်ဖျက်သွားတာပဲ။ အရင်ငှားထားတဲ့ အိမ်ကလည်း ပြန်အပ်ထားတော့ ဘယ်မှာသွားနေရမှန်း မသိဘူး” ဟု ကျိုက်လတ်မြို့မှ ပြောင်းရွှေ့လာသည့် ကလေးသုံးယောက်မိခင် ဒေါ်စန်းစန်းမော်က ပြောကြားသည်။

လာရောက်ဖျက်ဆီးသူများသည် ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာမှ မဟုတ်ဘဲ ကုမ္ပဏီဘက်မှ နေ့စားကြေး တစ်သောင်းဖြင့် ငှားရမ်းထားသူများဖြစ်ပြီး လေးခွများဖြင့် ပစ်ခတ်ခြင်း၊ ငှက်ကြီးတောင်ဓားများ ကိုင်ဆောင်ကာ လာရောက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ကျူးကျော်နေထိုင်သူများက ပြောပြသည်။

ထို့ပြင် ယင်းသို့ဖျက်ဆီးစဉ် အမျိုးသားကြီးတစ်ဦးသည် ၎င်း၏ပစ္စည်းများ ရွှေ့ပြောင်းရန်အတွက် အိမ်အတွင်းသို့ ၀င်သည်ကို လာရောက်ဖျက်ဆီးသူများက ၀ိုင်းဝန်းရိုက်နှက်ကာ ဆေးခန်းသို့ခေါ်ဆောင်သွားကြကြောင်း ကျူးကျော်တဲနေထိုင်သူ မဝေက ပြောကြားသည်။

“မနက်လေးနာရီခွဲလောက်ကပဲ လူတွေအများကြီးက ၀င်လာပြီး ရှိတာတွေ ဖျက်ပစ်၊ အားလုံးကို ဖျက်ဆိုပြီး ငှက်ကြီးတောင်တွေ၊ လေးခွတွေနဲ့ ၀င်လာတယ်။ ခေါင်းကွဲတဲ့လူလည်း ရှိတယ်။ ပြီးတော့ ဒဏ်ရာရတဲ့ လူတွေရောပဲ။ ဘက်ဖိုးတွေလည်း ထိုးချတယ်။ တကယ်ကို ဂျပန်ခေတ်တုန်းက အတိုင်းပါပဲ။ အရမ်းကို အကြမ်းဖက်တဲ့ပုံ ဖြစ်ပါတယ်။ ပြီးတော့ သူတို့က ဆဲဆိုပြီး တွေ့သမျှကို ဖျက်တော့တာပါပဲ” ဟု အသက် ၈၀ အရွယ် ဒေါ်တင်ရီက ဆိုသည်။ အဆိုပါ အိမ်ရာဝင်းအတွင်း၌ ကျူးကျော်တဲစုစုပေါင်း ၄၀၀၀ ခန့် ရှိကြောင်းသိရပြီး ဒီဇင်ဘာ ၁၅ ရက်ညပိုင်းက တစ်ကြိမ်၊ ဒီဇင်ဘာ ၁၆ ရက်ညပိုင်းက တစ်ကြိမ် လာရောက်ဖျက်ဆီးခဲ့ပြီး ဒုတိယအကြိမ် ဖျက်ဆီးမှုတွင် ကျူးကျော်တဲများကို မီးရှို့ခြင်း၊ ဆိုင်ကယ်မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

“အန်တီတို့က သူများမြေမှာနေတာ ဖယ်ပေးရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့လည်း သူတို့ကို ခွင့်တောင်းပြီး တစ်နှစ်လောက် ခဏနေရဖို့ ပြောတာပါ။ အန်တီတို့မှာက တကယ်ကို နေစရာ မရှိတာပါ။ ပြီးတော့ သူတို့က ဥပဒေအရ အရေးယူမယ်ဆိုပြီး ဆိုင်းဘုတ်ထောင်ထားပြီး အခုလို ဥပဒေမဲ့ လုပ်တာတော့ မကောင်းပါဘူး။ ပြောင်းစေချင်တယ်ဆိုရင် သတိပေးစာ ထုတ်ပေါ့၊၊ ခုလို လုပ်တာတော့ အရမ်းကို ဆိုးလွန်းပါတယ်” ဟု ဒေါ်ရင်ရင်ခိုင်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ၀ါဝါ၀င်းကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဒေါ်မိုးမိုးမြင့်အား ဆက်သွယ်မေးမြန်းရာ ၎င်းက “အလုပ်မအားသေးတဲ့အတွက် ဆောရီးပါ” ဟုသာ ပြောကြားခဲ့ပြီး တခြားပြန်လည် ဖြေကြားခြင်း မရှိဘဲ ဖုန်းချသွားခဲ့သည်။

(အနော်ရထာ စက်မှုဇုန်အတွင်းရှိ ကျူးကျော်တဲ ၅၀၀ ကျော်အား ဖျက်ဆီးထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))

eleven

အယ်ဒီတာ့အာဘော် ‪#‎emg_editorials‬ ၂၀၁၅ နှစ်သစ် (သို့မဟုတ်) ရှစ်ဂဏန်းနှစ်


၂ဝ၁၅ နှစ်သစ်သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါသည်။ ၂ဝ၁၄ ခုနှစ်သည် နှစ်ဟောင်းအဖြစ် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ နှစ်တစ်နှစ်ကုန်ဆုံးတိုင်း ကုန်လွန်ခဲ့ပြီးသော နှစ်အတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများ၊ ကျေနပ်နှစ်သိမ့်မှုများ၊ မိမိတို့၏ မချင့်မရဲမှုများရှိခဲ့ပါက လာမည့်နှစ်သစ်တွင် ထပ်မံမျှော်လင့်တတ်ကြသည်မှာ ဓမ္မတာဖြစ်သည်။

၂ဝ၁၅ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အရေးပါသော နှစ်တစ်နှစ်ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်အား ကိန်းဂဏန်း တစ်ခုအနေဖြင့် ကြည့်မည်ဆိုပါက ရှစ်ဂဏန်းနှစ်အဖြစ်လည်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ကိန်းဂဏန်းများ၏ လွှမ်းမိုးမှုကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်းက သက်ဆိုင်သူများ၏ ပုဂ္ဂလခံစားချက်များသာ ဖြစ်ပါသည်။

သို့သော် ကိန်းဂဏန်းများအပေါ် အယူအဆနှင့် ယုံကြည်မှုများ၊ တိုက်ဆိုင်မှုဟုပဲဆိုဆို ဖြစ်ပျက်ခဲ့ဖူးသော အဖြစ်အပျက်များကတော့ ရှိခဲ့ပြီးဖြစ်သည်။ ဤသို့ဆိုလျှင် ရှစ်ဂဏန်းနှစ်တစ်နှစ်ဖြစ်သည့် ၁၉၈၈ ခုနှစ်သည် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းအတွက် မည်မျှအရေးပါခဲ့သည်၊ မည်ကဲ့သို့သော ကံကြမ္မာအလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့သည် ဆိုသည်ကို အားလုံးအမှတ်ရကြဦးမည် ဖြစ်ပါသည်။

တစ်ပါတီအာဏာရှင်စနစ်မှ ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းလိုသော တစ်နိုင်ငံလုံးမှ ပြည်သူများအပါအဝင် လူထုလူတန်းစား အလွှာအသီးသီး ပါဝင်သော လူထုအရေးတော်ပုံကြီး တစ်ခုဖြစ်သည်ကို မည်သူမျှ မေ့ပျောက်နိုင်မည် မဟုတ်ပါ။ သို့သော် ရှစ်ဂဏန်းကျရောက်တိုင်း ဤသို့ဖြစ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ဤကဲ့သို့သော အဖြစ် အပျက်များသည် ရှစ်ဂဏန်း ဖြစ်သောနှစ်တွင် ဖြစ်ပေါ်တတ်သည်ကို အမှတ်ရသတိပြု စေလိုခြင်းသာဖြစ်သည်။

၂ဝ၁၅ ခုနှစ်အတွက် တာဝန်ကျေပွန်သည့် နိုင်ငံသားကောင်းတို့မှ ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်သလို၊ ကောင်းမွန်သော အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်ပြီဆိုသော အချက်အတိုင်း အမှန်တကယ် ဆောင်ရွက်နိုင်ရန် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် အရေးပါသောနှစ်လည်း ဖြစ်ပါသည်။

ထို့အတွက် ၂ဝ၁၅ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အနာဂတ်အတွက် အရေးပါနေသလို အဆိုပါ အရေးပါမှုအား ဖန်တီးဖော်ဆောင် ပေးနိုင်သူများ၏ အခန်းကဏ္ဍမှာလည်း အဓိကကျနေပါသည်။ ထို့အတွက် (၁) နိုင်ငံရေးကိစ္စများတွင် မဆိုင်သလိုနေကြ သူများ (တစ်နည်း) မိမိအကျိုးစီးပွားမှလွဲ၍ စိတ်ဝင်စားမှုမရှိသူများ၊ (၂) နိုင်ငံ့အရေးမျက်ခြည်မပြတ် လေ့လာသော်လည်း ပါဝင်ပတ်သက်မှု မရှိသူများ၊ (၃) နိုင်ငံ့အရေးကိစ္စများတွင် မိမိတို့တစ်နိုင် ပါဝင်နေကြသော နိုင်ငံသားများ၊ (၄) နိုင်ငံ့အရေးနှင့် နိုင်ငံတည်ဆောက်ရေးများတွင် တက်ကြွစွာပါဝင် လှုပ်ရှားနေကြသူများ (တစ်နည်း) မိမိအကျိုးစီးပွားထက် အများအကျိုးစီးပွားကို ဦးစားပေးသူများ၊ (၅) နိုင်ငံအတွက်ဆိုလျှင် မိမိအကျိုးစီးပွား သာမက အယူအဆ၊ အတွေးအခေါ်နှင့် အသက်ကိုပင် စွန့်လွှတ်စွန့်စားဝံ့သော နိုင်ငံသားများဟူ၍ အမျိုးအစား ခွဲခြားထားမှုများရှိရာ မည်သို့သော နိုင်ငံသား အမျိုးအစားများဖြင့် နိုင်ငံ့အနာဂတ် ပုံဖော်မည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကိန်းဂဏန်းများ၏ တိုက်ဆိုင်မှုအရဆိုလျှင် ယခု ၂ဝ၁၅ ခုနှစ်သည်လည်း ရှစ်ဂဏန်းနှစ်တစ်ခုပင် ဖြစ်ပါသည်။ သို့ပါ၍ ၂ဝ၁၅ ခုနှစ် မင်္ဂလာနှစ်သစ်အခါ သမယမှအစပြု၍ ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးအတွက် မျှော်လင့်ချက်များ ပြည့်ဝသော၊ အမှန်တကယ် ပျော်ရွှင်ရသော နှစ်သစ်ဖြစ်ပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

eleven

. . ပြောပြချင်ပါတယ် ( ၂၁ )

. . . (Written By: သန်းထွဋ်အောင်) (၁) ကျွန်တော်တို့ အသက်ငယ်ငယ်တုန်းက ဆိုရင် တစ်နှစ်တစ်နှစ် ကူးပြောင်းဖို့အတွက် အရမ်းကြာတယ်လို့ ထင်တယ်။ နှစ်သစ်ကူး ရောက်သွားမယ်။ သင်္ကြန် ရောက်လာမယ်။ အဲဒါတွေကို အချိန်တွေကို စောင့်ရတယ်။ အခု အသက်ကြီးလာတဲ့ အခါကျတော့ တစ်နှစ်တစ်နှစ်ကုန်တာ အရမ်းမြန်ပါတယ်။ သွားခရီးက ကြာတယ်။ အပြန်ခရီးက မြန်တယ်။ ဒါ လူဘ၀မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချိန်တွေဟာ ကုန်လို့ကုန်မှန်း မသိ ကျွန်တော်တို့ ဘ၀တွေ ကုန်သွားတယ်။ အခုလည်း ၂၀၁၅ မကြာခင်ပဲ ရောက်လာတော့မယ်။ (၂) ဘာလိုလိုနဲ့ ကျွန်တော့်အဖေဆုံးတာ နှစ်နှစ်ပြည့်သွားပြီ။ နှစ်နှစ်ဆိုတာ မနေ့တစ်နေ့ကလိုပဲ ကျွန်တော်က ထင်တယ်။ ကျွန်တော်အဖေ့ ဆုံးခါနီး အချိန်ကို အခုထက်ထိ သတိရနေတုန်းပဲ။ ဒီနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ ကျွန်တော့်အဖေဆုံးတာ နှစ်နှစ်ပြည့်ပြီ။ အဲဒီအချိန်မှာ ကျွန်တော်တို့ နှစ်တိုင်း မနှစ်ကတော့ တစ်နှစ်ပြည့်တဲ့ အချိန်မှာ တိပိဋကတ်ကျောင်းမှာ ဆွမ်းကပ်တယ်။ ဒီနှစ်ကျတော့လည်း အဲဒီကျောင်းမှာပဲ ဆွမ်းကပ်တယ်။ ဒါပေမဲ့ ဒီဆွမ်းကပ်တဲ့ အချိန်မှာ ကျွန်တော်က မိသားစုနဲ့အတူ အလှူအတန်း လုပ်နေတဲ့ အချိန်မှာ မရှိနိုင်ဘူး။ နေပြည်တော်မှာ တရားရုံး ရင်ဆိုင်နေရတယ်။ အဲဒီအချိန်တွေမှာ အဖေ့ကို ပိုပြီးတော့ သတိရစေတဲ့ အကြောင်းအရင်းတွေ ဖြစ်စေတယ်။ ကျွန်တော်တို့အဖေရဲ့ နောက်ဆုံးအချိန်မှာ ကျွန်တော်က အဖေဆေးကုတဲ့ စင်ကာပူဆေးရုံကို လိုက်သွားတော့ ၄ နာရီခွဲမှာ လေယာဉ်ဆိုက်တယ်။ အဖေဆုံးတော့ ၆ နာရီခွဲ ၇ နာရီ။ အဖေက ကျွန်တော့်ကို စောင့်နေခဲ့ပုံရတယ်။ ဆုံးခါနီးမှာလည်း အဖေက ကျွန်တော့်ကို စကားတစ်ခုပြောဖို့ စိုးရိမ်တဲ့ အကြည့်နဲ့ ကြည့်နေတယ်။ စကားတစ်ခုပြောဖို့ အားတွေ စိုက်နေတယ်။ နောက်တော့မှ သူ့ဟာသူ တရားမှတ်ပြီးတော့ သူ့ဟာသူ ဆုံးသွားတယ်။ အဖေ ဘာပြောချင်သလဲ၊ အဖေပြောချင်တဲ့ စကားကို ကျွန်တော် နားမလည်လိုက်ဘူး။ ဒါပေမဲ့ သေချာတာကတော့ အဖေဟာ ကျွန်တော့်ကို တစ်ခုခုပြောဖို့ အာရုံစိုက်နေတယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော့်အပေါ်မှာ အဖေ တစ်ခုခု စိုးရိမ်နေတယ်။ ဒီလို စိုးရိမ်စရာ အကြောင်းအရင်းကလည်း ကျွန်တော်တို့မှာ ရှိနေတယ်။ အဖေမဆုံးခင် တစ်လ၊ နှစ်လ အလိုလောက်မှာ အဖေနဲ့ ကျွန်တော် နှစ်ယောက်တည်း စကားအေးအေးဆေးဆေး ပြောဖြစ်တယ်။ အဖေက မေးတယ်။ မင်းဘယ်လို ဆက်လုပ်မလဲ။ မင်းမှာ အန္တရာယ်တွေလည်း ရှိလာပြီ။ အဖေက သူ့ရဲ့ နောက်ဆုံးအချိန်ကို သူ့ဟာသူ ကြိုသိပုံရတယ်။ ဒါပေမဲ့ သူသေမယ်လို့၊ သူ့ရောဂါကြီးတယ်လို့ ဘယ်တော့မှ ၀န်မခံဘူး။ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ဖို့အတွက် သူဆန္ဒရှိတယ်။ ကျွန်တော် ဘယ်လိုနည်းတွေနဲ့ ရှေ့ခရီးဆက်မလဲ။ ကျွန်တော်တို့ ဘ၀မှာ ၂၀၁၅ ဟာ Turning Point ပဲ။ တိုင်းပြည်အတွက်လည်း အရေးကြီးဆုံး အချိန်ပါ။ ဒါကြောင့် ၂၀၁၅ မှာ ကျွန်တော်ဟာ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံကြုံ ကျွန်တော်ရင်ဆိုင်ဖို့ အသင့်ရှိနေပြီ။ ကျွန်တော်ဟာ တာဝန်ရှိတဲ့ လူတစ်ယောက် ဖြစ်နေပြီ။ တာဝန်ရှိတဲ့ လူတစ်ယောက် အနေနဲ့ တိုင်းပြည်အတွက် ကျွန်တော် အရင်ကလို ရှောင်လို့မရဘူး။ အဲဒါ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပဲလို့ အဖေ့ကို ပြောလိုက်တယ်။ အဲဒီတော့ အဖေက ကျွန်တော့်ကို မင်း အသက် ၅၀ ရှိပြီ။ မင်းလည်း မငယ်တော့ဘူးလို့လည်း မပြောဘူး။ မင်းဟာ နှလုံးရောဂါ ရှိတယ်။ မင်း ထောင်ကျသွားရင် ထောင်ထဲမှာပဲ အသက်သေသွားနိုင်တယ်လို့လည်း မပြောဘူး။ မင်းကလေးတွေက သိပ်ငယ်သေးတယ်။ မင်းကလည်း ချမ်းသာနေပြီ။ မင်းအနေနဲ့ အေးအေးဆေးဆေးပဲ နေသင့်ပြီလို့လည်း မပြောပါဘူး။ ကျွန်တော်က ဆုံးဖြတ်ပြီးပြီဆိုရင် ဘယ်တော့မှ ပြန်မပြင်တတ်ဘူးဆိုတာ အဖေ သိနေပါတယ်။ ၂၀၁၅ အပြောင်းအလဲဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးအခွင့်အရေးအဖြစ် ဒါကို လက်လွှတ်ခံမှာ မဟုတ်ဘူးဆိုတာ အဖေသိတယ်။ ဒါကြောင့် အဖေက ကျွန်တော့်ကို တစ်ခွန်းပဲ ပြောပါတယ်။ သား ဒုက္ခတွေ ဘယ်လိုပဲတွေ့တွေ့ မင်းတရားနဲ့နေနိုင်အောင် ကျင့်ကြံပါ။ သတိကို အမြဲတမ်း ထားပါ။ မင်း ပစ္စုပ္ပန် တည့်တည့်မှာ နေနိုင်ရင် ဒုက္ခတွေဟာ သက်သာတတ်တယ်။ ပစ္စုပ္ပန် တည့်တည့်မှ ရှုနိုင်ဖို့ ကြိုးစားပါ။ ဒါဟာ အဖေက ကျွန်တော့်ကို နောက်ဆုံးပေးခဲ့တဲ့ စကားလက်ဆောင်ပါ။ အခုအချိန်ထိ အမှတ်ရနေပါတယ်။ ဒီလို အခက်အခဲတွေ တွေ့နေတဲ့ အချိန်မှာ ကျွန်တော်အဖေ့ရဲ့ ဒီစကားကို အမြဲတမ်း သတိရနေမိပါတယ်။ (၃) ကျွန်တော့် ဆုံးဖြတ်ချက်က ခိုင်မာပါတယ်။ ၂၀၁၅ ဟာ ကျွန်တော်တို့အတွက်၊ နောက်ဆုံး တိုင်းပြည်အတွက်၊ နောက်လာမယ့် ကျွန်တော်တို့ သားသမီး မျိုးဆက်တွေအတွက် နောက်ဆုံးအခွင့်အလမ်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Generation ဟာ X Generation ပါ။ အသက် ၄၅ နှစ်ကနေ အသက် ၇၀ ကျော်အထိ။ ဒေါ်အောင်ဆန်းစုကြည် အထိပေါ့။ အာဏာရှင် ဦးနေ၀င်း အာဏာမသိမ်းခင်မှာ တချို့က မွေးခဲ့တယ်။ တချို့က အာဏာရှင် ဦးနေ၀င်း လက်အောက်မှာ မွေးတယ်။ အဲဒီလက်အောက်မှာ ကြီးပြင်းလာကြရတယ်။ ကျွန်တော်တို့ဟာ အာဏာရှင်စနစ်ကြောင့် တိုင်းပြည် ဘယ်လို ပျက်သုဉ်းခဲ့ရတယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ တိုင်းပြည်ကြီး တိုးတက်အောင် လုပ်ဆောင်ဖို့ ကျွန်တော်တို့ Generation ဟာ အားရှိသမျှ အာရုံအလုံအလောက် စိုက်ခဲ့ရတယ်။ ပေးဆပ်မှုတွေ အများကြီး လုပ်ခဲ့ရတယ်။ အခုထက်ထိလည်း ပေးဆပ်နေရတုန်းပဲ။ ကျွန်တော်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နိုင်ငံရေး အတွေ့အကြုံတွေ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျွန်တော်တို့မျိုးဆက်ရဲ့ နိုင်ငံရေး အတွေ့အကြုံတွေကို နောက်မျိုးဆက်ကို ပေးနိုင်ဖို့ ၂၀၁၅ ဟာ နောက်ဆုံးအခွင့်အရေးပဲ ဖြစ်တယ်။ နောက်တစ်ခုက Y Generation။ Y Generation က အသက် ၂၀၊ ၂၅ ကနေ ၄၅ နှစ်အထိ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုအောက်မှာ၊ နောက်တန်းကျတဲ့ ပညာရေးအောက်မှာ ကြီးပြင်းရတယ်။ နိုင်ငံတကာကိုသွားပြီး အလုပ်လုပ်ကြရတယ်။ နိုင်ငံရေး အသိပညာ နိမ့်ကျခဲ့ရတယ်။ အဲဒီ Generation ဟာ မကြာခင် အချိန်အတွင်းမှာ သူတို့ရဲ့ အကောင်းဆုံးအချိန်တွေ ရောက်ရှိလာတော့မှာပါ။ ဒါပေမဲ့ သူတို့ကိုယ်တိုင် နိုင်ငံရေးအသိပညာ နိမ့်ပါးတဲ့အတွက် Fighting Spirit ကတော့ အခြား Generation တွေထက် နိမ့်နေတယ်။ ဒါပေမဲ့ သူတို့ဟာ အခုချိန်မှာ မျက်စိပွင့်နားပွင့် ဖြစ်လာပြီ။ မကြာသေးခင်က ဖွင့်လာခဲ့တဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ အတူ၊ အိုင်တီစနစ်နဲ့ အတူ ဒီ Generation မကြာခင်မှာ မျက်စိပွင့်လာတော့မှာပါ။ ဒီ Generation ရဲ့ အားတွေ ရင့်မှည့်ချိန် ရောက်လာပြီ။ နောက်တစ်ခုက အသက် ၂၀ အောက် ကျွန်တော့်သားတွေရဲ့ Thumb Generation ပေါ့။ ဒီ Z လို့လည်းခေါ်တဲ့ Generation ဟာ Fighting Spirit နဲ့အတူ နိုးထဖို့အတွက် အခွင့်ကောင်းကို ရောက်ရှိလာပြီ။ အဲဒီတော့ ဒီ Generation သုံးခုလုံးရဲ့ ဆုံမှတ်ဟာ ၂၀၁၅ ဖြစ်တယ်။ ၂၀၁၅ မှာသာ ကျွန်တော်တို့ တိုင်းပြည်ကို အေးအေးချမ်းချမ်းနဲ့ မပြောင်းလဲနိုင်ခဲ့ဘူးဆိုရင် တိုင်းပြည်ဟာ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲမယ့်ဘေး။ အဆိုးရွားဆုံး အာဏာရှင်စနစ်နဲ့ ကြုံတွေ့ရဖို့ ရှိလာပြီ။ မကြာခင်မှာ အာဏာရှင်လက်သစ်တွေ မွေးထုတ်တော့မယ်။ အာဏာရှင်စနစ်ရဲ့ အဆိုးဆုံးဒဏ်တွေကို ကျွန်တော်တို့ ခံရတော့မယ်။ ဒါကြောင့်မို့လို့ ၂၀၁၅ ဟာ ကျွန်တော်တို့အတွက် အများကြီး အရေးကြီးပါတယ်။ ၂၀၁၅ မှာ အင်ဒိုနီးရှားနိုင်ငံလို အေးအေးချမ်းချမ်းမျိုးနဲ့ ပြောင်းလဲသွားမလား။ ဘာလို့လဲဆိုတော့ အာဏာရှင်စနစ်၊ စစ်တပ်အာဏာရှင် စနစ်ကနေ အေးအေးချမ်းချမ်းနဲ့ အသွင်ကူးပြောင်းတဲ့ နိုင်ငံဟာ တခြားနိုင်ငံတွေထက် တိုးတက်မှုနှုန်း မြန်ဆန်ပြီးတော့ ပိုပြီး ခေတ်မီနိုင်ငံဖြစ်ဖို့ အခွင့်အလမ်း ရှိတယ်။ ဒါဟာ တခြား ကွန်မြူနစ်နိုင်ငံတွေထက် ပိုပြီးတော့ မြန်ဆန်တယ်။ ဒါမျိုးကို ဘယ်လိုတွေ့နိုင်မလဲဆိုရင် အင်ဒိုနီးရှားနိုင်ငံနဲ့ တောင်ကိုးရီးယားနိုင်ငံလို့ပဲ ပြောရမှာပါ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဒီအခွင့်အလမ်းတွေ ရှိနေတယ်။ ဒီ အခွင့်အလမ်းမျိုးကို ၂၀၁၁ နဲ့ ၂၀၁၂ မှာ ရခဲ့ဖူးတယ်။ ဒါပေမဲ့ အခု နောက်ပြန်သွားနေတယ်။ ၂၀၁၅ မှာ အာဏာရှင်လက်သစ် ဖြစ်လာနိုင်တဲ့ လူတွေဟာ အာဏာကို လက်မလွှတ်နိုင်ဇောနဲ့ နည်းမျိုးစုံ ကြံစည်နေကြတယ်။ တိုင်းပြည်ကို မီးဟုန်းဟုန်းတောက်အောင်၊ တိုင်းပြည်ရဲ့ အနာဂတ်တွေ ပျက်သုဉ်းအောင်၊ လူငယ်တွေရဲ့ အနာဂတ်တွေ အားလုံးပျက်သုဉ်းအောင် ကြံဆောင်နေကြတယ်။ သူတို့ဟာ ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ညစ်ပတ်ဖို့ ကြိုးစားနေတယ်။ ရွှေ့ဆိုင်းဖို့ ကြိုးစားနေတယ်။ ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ညစ်ပတ်ရွှေ့ဆိုင်းလို့ မရဘူးဆိုရင် မငြိမ်မသက်မှုတွေ ဖန်တီးပြီးတော့ စစ်တပ်ကို အာဏာသိမ်းအောင်။ စစ်တပ်ကို အာဏာလွှဲအောင် ကြံကြလိမ့်မယ်။ ဒီအင်အား လက်တစ်ဆုပ်စာ လူတစ်စုကြောင့် ကျွန်တော်တို့တိုင်းပြည် မီးဟုန်းဟုန်း အတောက်မခံနိုင်ဘူး။ (၄) ကျွန်တော့်အနေနဲ့ တာဝန်ရှိတဲ့ ဂျာနယ်လစ်တစ်ဦး အနေနဲ့ လူထုနဲ့ တိုင်းပြည်ကို အမှန်တွေ သတိပေးဖို့ ရှိပါတယ်။ ကျွန်တော်ဟာ သိသင့်သိထိုက်တာတွေကို ပြောဖို့ တာဝန်ရှိတယ်။ ကျွန်တော့်အနေနဲ့ ယုံကြည်ခိုင်မာလောက်တဲ့ Source တွေ၊ ယုံကြည်ခိုင်မာလောက်တဲ့ သတင်းတွေအရ- နံပါတ် ၁ အချက် ဒီလို တိုင်းပြည် မီးဟုန်းဟုန်းတောက်ပြီး နောက်ထပ်အာဏာရှင် လက်သစ်တွေ ဖန်တီးတဲ့ အထဲမှာ ယခင်အစိုးရဟောင်းတွေဖြစ်တဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ဦးမောင်အေးတို့ မပါဝင်ဘူး။ နံပါတ် ၂ အချက် အခုလက်ရှိ တပ်မတော်မှာ ထမ်းဆောင်နေတဲ့ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ခေါင်းဆောင်တွေ အများစု မပါဝင်ဘူး။ နံပါတ် ၃ အချက် လက်ရှိအာဏာရ ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက ခေါင်းဆောင်ဟောင်းတွေ ခေါင်းဆောင်တွေ မပါဝင်ဘူး။ တပ်မတော် အနေနဲ့ကတော့ အင်ဒိုနီးရှားအတိုင်း စနစ်တကျ စွန့်ခွာဖို့ သူတို့ ပြင်ဆင်နေတယ်။ ဒီအကြောင်းကလည်း ဦးသန်းရွှေရဲ့ Exit Strategy အရ သွားခဲ့တဲ့ လမ်းကြောင်း။ ဒီနည်းအတိုင်းပဲ ပြည်ခိုင်ဖြိုးပါတီကလည်း ရွေးကောက်ပွဲနိုင်အောင် လုပ်မယ်။ သူတို့ အနည်းငယ်တော့ အသာရအောင် လုပ်တော့ လုပ်ဆောင်မယ်။ ဒါပေမဲ့ မနိုင်ရင်လည်း အမျိုးသားညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်။ အဲဒီအတွက် တိုင်းပြည် မီးဟုန်းဟုန်းတောက်မယ့် အရေးကို သူတို့ လုပ်သွားမှာ မဟုတ်ဘူး။ အဲဒီတော့ တပ်မတော်အနေနဲ့ကလဲ သူတို့ ရပ်တည်ချက်အတိုင်းပဲ ၂၅ ရာခိုင်နှုန်း၊ တိုင်းပြည်ကို မီးဟုန်းဟုန်းတောက်မယ့် အရေးကို တပ်မတော်ကလည်း လုပ်မှာ မဟုတ်ဘူး။ နောက်တစ်ချက်က လက်တစ်ဆုပ်စာ လူတစ်စုက သူတို့ရဲ့ မတရားလုပ်ထားတာတွေ ပေါ်လွင်မှာကြောက်လို့ နောက်ထပ် အာဏာရှင်စနစ်ကို အသက်သွင်းဖို့ ကြိုးစားနေပါတယ်။ ဒါဟာ ဦးနေ၀င်းလုပ်ခဲ့တဲ့ ပုံစံမျိုးပဲ ဖြစ်တယ်။ ၁၉၈၈ ခုနှစ်မှာ ဦးနေ၀င်းဟာ ရိုးရိုးတန်းတန်း အာဏာကို ရွေးကောက်ပွဲကတစ်ဆင့် လွှဲလို့ရလျက်သားနဲ့ စစ်တပ်က ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူးလို့ စိန်ခေါ်ပြီး တိုင်းပြည်ရဲ့ ဇာတ်ခုံပေါ်ကနေ ဆင်းသွားတာ။ ရိုးရိုးတန်းတန်း မဆင်းဘဲ တိုင်းပြည်ကို ခြိမ်းခြောက်ပြီး ဆင်းသွားတာ။ ဆင်းရုံပဲ မဟုတ်ဘဲနဲ့ သူ့အနာဂတ် စိတ်မချမှာ စိုးတဲ့အတွက် ပြောပြီးသားစကားကို ပြင်ပြီး သားသတ်သမား ဦးစိန်လွင်ကို ပြည်သူကို နှိပ်ကွပ်ဖို့အတွက် သမ္မတအဖြစ် ခန့်ထားပေးခဲ့တယ်။ ဦးစိန်လွင်နဲ့ ဒေါက်တာမောင်မောင် အစိုးရတွေ ပြုတ်ကျပြီးတဲ့ အခါမှာလည်း သူဟာ သူ့ရဲ့တပည့် ဗိုလ်မှူးကြီးခင်ညွန့်ကတစ်ဆင့် ဗိုလ်ချုပ်ကြီးစောမောင်ကို အသုံးချပြီး စစ်တပ်ကို အာဏာသိမ်းစေခဲ့တယ်။ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီးစောမောင်ဟာ သူ့ရဲ့ ကံကြမ္မာအရ နောက်ဆုံး သူလည်း ဇာတ်သိမ်းမလှဘူး။ နာမည်ပျက်နဲ့ ဇာတ်သိမ်းရတယ်။ ဒီလို ၁၉၈၈ အဖြစ်မျိုး ၂၀၁၅ မှာ လုံးဝ အဖြစ်မခံနိုင်ပါဘူး။ (၅) ၂၀၁၅ ရဲ့ အဓိက ဖြစ်သင့်ဖြစ်ထိုက်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ပြင်နိုင်သလောက်ပြင်ပြီး သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲကတစ်ဆင့် အရပ်သား အစိုးရတစ်ရပ် ပေါ်ထွန်းရေးပဲ ဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာဆိုပေမယ့် အဓိက,က နိုင်ငံရေးပြဿနာပဲ ဖြစ်ပါတယ်။ မပြင်ချင်တဲ့သူက ဘာကြောင့် မပြင်နိုင်သေးတာ ရှင်းပြဖို့ လိုသလို၊ ၄၃၆ မပြင်ဘဲနဲ့ ပြင်လို့ရတဲ့ အချို့ကိစ္စတွေ ဥပမာ ၂၅ ရာခိုင်နှုန်းတွေကို ၂၀၂၀ မှာ ၂၀ ရာခိုင်နှုန်း လျှော့ချမယ် ဆိုတာမျိုးကို ဆွေးနွေးညှိနှိုင်းဖို့ လိုပါတယ်။ ၂၀၁၅ အတွက် အဓိက ရည်မှန်းချက်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲက တစ်ဆင့် အရပ်သားအစိုးရတစ်ရပ် ပေါ်ထွန်းဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ အင်ဒိုနီးရှား၊ တောင်ကိုရီးယားတို့လို မှန်ကန်တဲ့ အပြောင်းအလဲကို လမ်းပွင့်သွားစေမှာ ဖြစ်ပါတယ်။ (၆) ကျွန်တော်က ထိပ်တိုက်တိုးချင်တဲ့သူမျိုး မဟုတ်သလို အာဃာတကြီးတဲ့လူလည်း မဟုတ်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး မျှော်မှန်းချက် ကြီးကြီးမားမား ထားနေတဲ့သူလည်း မဟုတ်ပါဘူး။ ကျွန်တော်က သူရဲကောင်းတစ်ယောက် မဟုတ်သလို သူရဲကောင်း ဖြစ်ချင်နေတဲ့သူလည်း မဟုတ်ပါဘူး။ သတ္တိရှင်တစ်ယောက် မဟုတ်သလို အကြောက်တရား ကင်းတဲ့သူလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချပြီးတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျွန်တော့် ဆုံးဖြတ်ချက်တွေအတွက် တာဝန်ယူပါတယ်။ ၂၀၁၅ အပြောင်းအလဲအတွက် ဘယ်ဖိအားမဆို ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်။ ၂၀၁၅ နဲ့ ပတ်သက်ပြီး သမ္မတကြီးကို ပြောချင်တာကတော့ ကောင်းလာခဲ့တဲ့ သမိုင်းကြောင်းကို ထောက်ရှုပြီး ဦးနေ၀င်းလို သမိုင်းဆိုး လုပ်မသွားဖို့ပါဘဲ။ တိုင်းပြည် ဆင်းရဲမွဲတေပြီး မတရားမှု မျိုးစုံကို ခံစားနေရတဲ့ ပြည်သူတွေ၊ အနာဂတ် ပျောက်နေတဲ့ မျိုးဆက်တွေ ကျွန်တော်တို့ အားလုံးဟာ ထောင့်ကျဉ်းလေးထဲမှာ ချောင်ပိတ်မိနေပါပြီ။ ပြည်သူတွေ မျှော်လင့်ချက်မဲ့အောင် ထပ်မလုပ်ဖို့၊ မတရားမှုတွေကို ရပ်တန်းကရပ်ဖို့ သမ္မတကြီး သတိပြုမိ စေလိုပါတယ်။ နောက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုလည်း ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကံကြမ္မာမျိုး မဖြစ်အောင် မိမိရဲ့ ဉာဏ်ဝီရိယနဲ့ တိုင်းပြည်ရဲ့ Power Politics ကနေ ကင်းကင်းရှင်းရှင်းနေဖို့ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး တည်ငြိမ်အောင်ထိန်းဖို့ လူထုဆန္ဒနဲ့အညီ လိုက်လျောသင့်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အချို့ကို လိုက်လျောဖို့ ၂၀၁၅ မှာ တိုက်တွန်းပါတယ်။ ပြည်သူလူထု အနေနဲ့လည်း ၂၀၁၅ အပြောင်းအလဲအတွက် ဘာမဆို ရင်ဆိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချနိုင်ကြပါစေ...။ (ပုံစာ - “နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တာ။ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။ အဲတော့ နောင်ကို ဆူဆူပူပူ လုပ်မယ်ဆိုရင်တော့ တပ်ကို သုံးလို့ရှိရင်တော့ အဲဒါ ဆူတဲ့သူတွေ မသက်သာဘူးသာ မှတ်ပေတော့” ဟူ၍ ၂၃-၇-၁၉၈၈ နေ့တွင် ထိုစဉ်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေ၀င်းက မိန့်ခွန်းပြောကြားနေစဉ်) eleven

Sunday, 7 December 2014

ထောင်ချ ခံထားရသည့် ဖခင်ကို လွှတ်ပေးရန် မက္ကဆီကို လယ်သမား မိမိကိုယ်ကို မီးရှို့ဆန္ဒပြ

၂၀၁၁ ခုနှစ် ဆန္ဒပြမှုအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဖခင်ဖြစ်သူကို လွှတ်ပေးရန် မက္ကဆီနိုင်ငံတောင်ပိုင်း ချီပတ်စ်ပြည်နယ် လွှတ်တော်အဆောက်အအုံအနီးတွင် လယ်သမားတစ်ဦးက မိမိကိုယ်ကို မီးရှို့ဆန္ဒပြ တောင်းဆိုခဲ့သည်။ ယခုပြုလုပ်သည့် ဆန္ဒပြမှုတွင် အသက် ၂၁ နှစ်အရွယ် အော်စတင်ဂိုမက်ပီရက်ဇ်သည် မိမိအား အခြားသူတစ်ဦးက ဓာတ်ဆီ များဖြင့် လောင်းစေကာ မိမိကိုယ်ကို မီးရှို့လိုက်ခြင်းဖြစ်သည်။ ၎င်းအား ဆေးရုံသို့ တင်ခဲ့ရပြီး မီးလောင်ဒဏ်ရာများ သည် သေစေလောက်သည် အထိ မဖြစ်ခဲ့ကြောင်း မိထွေး ဖြစ်သူ အာရာဆယ်လီဒိုင်ယက်ဇ်က ပြောကြားသည်။ဂိုမက်ပီရက်ဇ်၏ ဖခင်ဖြစ်သူသည် လူသတ်မှု၊ ကျွဲနွှားများ ခိုးမှု၊ ရာဇ၀တ်ဂိုဏ်းနှင့်ပတ်သက်မှု၊ ဆူပူမှုများကြောင့် မိသားအများ အပြား နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရ မှုများဖြင့် တရားစွဲဆို ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ ထိုစဉ်က ဆန္ဒပြမှုသည် ပြည်သူတို့၏ အခြေခံ လိုအပ်ချက်များ ကို တောင်းဆိုရာမှ ဆူပူမှုများ အဖြစ်သို့ ပြောင်းလဲ သွားပြီး ရဲကားများ ဖျက်ဆီးခံရကာ အစ်ဇ်တာပါ မြို့တော် ခန်းမလည်း မီးလောင်ကျွမ်း ခဲ့သည်။ Ref: AFP Mizzima

Saturday, 6 December 2014

၉၉ ရာခိုင်နှုန်း ထိရောက်သည့်အမျိုးသားသုံး  သန္ဓေတားဆေးတီထွင်နိုင်ပြီဟု ဆို -------------------------------------------

ဘေးထွက် ဆိုးကျိုးနည်းပါးပြီး ၉၉ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ကြွေး ကြော်ထားသည့် အမျိုးသားသုံး သန္ဓေတားဆေးတစ်မျိုးကို တီထွင်နိုင်ပြီဟု သိပ္ပံ ပညာရှင်တို့က ပြောကြားခဲ့သည်။အဆိုပါဆေးမှာ တရုတ်၊ မလေးရှား၊ အိန်္ဒိယ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားရှိ Gendarussaချုံပင်ငယ်ကို သုံးထားခြင်း ဖြစ်ပြီး အမျိုးသား သုက်ကောင်ရှိ အင်ဇိုင်းများကို အားနည်းစေသဖြင့် အမျိုး သမီး၏ သားဥကို ထိုးဖောက်နိုင်စွမ်း မရှိသည့်အတွက် ကိုယ်ဝန်မရနိုင်ခြင်းဖြစ် ကြောင်း သိရသည်။ သို့ရာတွင် သုက်ကောင်အရေအတွက်နှင့် အရည်အသွေး ကို ထိခိုက်စေခြင်းမရှိဟု သိရသည်။ အာလင်ဂါတက္ကသိုလ်မှ ပါမောက္ခဘန်ဘန်းက အဆိုပါ ချုံပင်၏ ကောလာဟ လကို ကြားသိပြီးနောက် ထိုအပင်ကို၁၉၈၅ ခုနှစ်တွင် လေ့လာမှုအတွက် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ နှစ် ၃၀ ကြာ စမ်းသပ်ပြီးနောက် ဆေးပြားပုံစံပြုလုပ်ကာ ၄င်း၏ ပဋိသန္ဓေတားနိုင်သောအာနိသင်ကို သက်သေပြရန် လက်တွေ့စမ်း သပ်ခဲ့သည်။ ပါမောက်္ခဘန်ဘန်းသည် လက်ရှိတွင်ဆေးပမာဏကို စမ်းသပ်နေဆဲဖြစ်ပြီး လိင်ဆက်ဆံမှုမပြုမီ တစ်နာရီအလိုတွင်ဆေးမှီဝဲရမည့် နည်းဗျူဟာကို ဖန်တီး နိုင်ရန် မျှော်လင့်ထားသည်။ အမျိုးသား၃၅၀အား လက်တွေ့စမ်းသပ်လေ့လာမှု အရ ထိုဆေးမှာ ၉၉ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။ ဆေးသောက်ပြီး တစ်လအတွင်း အမျိုးသားတို့၏ မျိုးအောင်နိုင်စွမ်းမှာ ပုံမှန် ပြန်ဖြစ်လာကြောင်း၊ သို့ရာတွင် အမျိုးသားအချို့မှာ ဆေးကြောင့် ကိုယ်အလေး ချိန် မြင့်တက်မှု ရှိကြောင်းနှင့် လေ့လာမှုတွင် ပါဝင်သူတစ်ဦးသည် နှလုံး သို့မဟုတ်အသည်းလုပ်ငန်းဆောင်တာ အားနည်းကြောင်း ဖော်ပြသည့်  အင်ဇိုင်းနှစ်မျိုး မြင့်တက်နေသော်လည်း ယင်းမှာ ဆေးကြောင့် လား၊ အခြား ကျန်းမာရေးပြသနာကြောင့်လားဆိုသည်ကို ဝေခွဲမရသေးကြောင်း ပါမောက်္ခဘန်ဘန်းက ဆိုသည်။ ဇွန် (Ref;DM) (၆-၁၂-၂၀၁၄ ရက်ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာမှ)