Wednesday, 31 December 2014

အနော်ရထာ စက်မှုဇုန်အတွင်းရှိ ကျူးကျော်တဲ ၅၀၀ ကျော်ကို ဘက်ဟိုးနှစ်စီးနှင့် လူအင်အား ၃၀၀ ခန့်က ဖျက်ဆီးရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

လှိုင်သာယာမြို့နယ် အနော်ရထာ စက်မှုဇုန်အတွင်းရှိ ကျူးကျော်တဲ ၅၇၀ ခန့်ကို ဘက်ဟိုးနှစ်စီး အပါအ၀င် လူအင်အား ၃၀၀ ခန့်ဖြင့် ဒီဇင်ဘာ ၃၁ ရက်၊ နံနက် ၅ နာရီခန့်က လာရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ အိမ်ရာဝင်းအတွင်း ကျူးကျော်နေထိုင်သူများထံမှ သိရသည်။

ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ အနော်ရထာ စက်မှုဇုန်ဝင်းအတွင်းရှိ ၀ါဝါ၀င်းကုမ္ပဏီပိုင် မြေပေါ်တွင် ကျူးကျော်တဲ ဆောက်လုပ်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းတဲများကို ယခုတစ်ကြိမ် ဖျက်ဆီးမှု အပါအ၀င် သုံးကြိမ်လာရောက် ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“အိမ်ငှားခလေး သက်သာလို သက်သာငြားဆိုပြီး အများဆောက်နေလို့ လာဆောက်နေတာပါ။ အပိုင်နေဖို့လည်း မရည်ရွယ်ဘူး။ ညကတည်းက ဖျက်မယ်လို့ အသံကြားလို့ တစ်ညလုံး ထိုင်စောင့်နေကြပေမယ့် မနက်မိုးလင်းခါနီးမှ ဘက်ဟိုးတွေရော၊ ဦးထုပ်နီနဲ့ အရပ်ဝတ်လူတွေရော ရောက်လာပြီး အကုန်ဖျက်သွားတာပဲ။ အရင်ငှားထားတဲ့ အိမ်ကလည်း ပြန်အပ်ထားတော့ ဘယ်မှာသွားနေရမှန်း မသိဘူး” ဟု ကျိုက်လတ်မြို့မှ ပြောင်းရွှေ့လာသည့် ကလေးသုံးယောက်မိခင် ဒေါ်စန်းစန်းမော်က ပြောကြားသည်။

လာရောက်ဖျက်ဆီးသူများသည် ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာမှ မဟုတ်ဘဲ ကုမ္ပဏီဘက်မှ နေ့စားကြေး တစ်သောင်းဖြင့် ငှားရမ်းထားသူများဖြစ်ပြီး လေးခွများဖြင့် ပစ်ခတ်ခြင်း၊ ငှက်ကြီးတောင်ဓားများ ကိုင်ဆောင်ကာ လာရောက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ကျူးကျော်နေထိုင်သူများက ပြောပြသည်။

ထို့ပြင် ယင်းသို့ဖျက်ဆီးစဉ် အမျိုးသားကြီးတစ်ဦးသည် ၎င်း၏ပစ္စည်းများ ရွှေ့ပြောင်းရန်အတွက် အိမ်အတွင်းသို့ ၀င်သည်ကို လာရောက်ဖျက်ဆီးသူများက ၀ိုင်းဝန်းရိုက်နှက်ကာ ဆေးခန်းသို့ခေါ်ဆောင်သွားကြကြောင်း ကျူးကျော်တဲနေထိုင်သူ မဝေက ပြောကြားသည်။

“မနက်လေးနာရီခွဲလောက်ကပဲ လူတွေအများကြီးက ၀င်လာပြီး ရှိတာတွေ ဖျက်ပစ်၊ အားလုံးကို ဖျက်ဆိုပြီး ငှက်ကြီးတောင်တွေ၊ လေးခွတွေနဲ့ ၀င်လာတယ်။ ခေါင်းကွဲတဲ့လူလည်း ရှိတယ်။ ပြီးတော့ ဒဏ်ရာရတဲ့ လူတွေရောပဲ။ ဘက်ဖိုးတွေလည်း ထိုးချတယ်။ တကယ်ကို ဂျပန်ခေတ်တုန်းက အတိုင်းပါပဲ။ အရမ်းကို အကြမ်းဖက်တဲ့ပုံ ဖြစ်ပါတယ်။ ပြီးတော့ သူတို့က ဆဲဆိုပြီး တွေ့သမျှကို ဖျက်တော့တာပါပဲ” ဟု အသက် ၈၀ အရွယ် ဒေါ်တင်ရီက ဆိုသည်။ အဆိုပါ အိမ်ရာဝင်းအတွင်း၌ ကျူးကျော်တဲစုစုပေါင်း ၄၀၀၀ ခန့် ရှိကြောင်းသိရပြီး ဒီဇင်ဘာ ၁၅ ရက်ညပိုင်းက တစ်ကြိမ်၊ ဒီဇင်ဘာ ၁၆ ရက်ညပိုင်းက တစ်ကြိမ် လာရောက်ဖျက်ဆီးခဲ့ပြီး ဒုတိယအကြိမ် ဖျက်ဆီးမှုတွင် ကျူးကျော်တဲများကို မီးရှို့ခြင်း၊ ဆိုင်ကယ်မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

“အန်တီတို့က သူများမြေမှာနေတာ ဖယ်ပေးရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့လည်း သူတို့ကို ခွင့်တောင်းပြီး တစ်နှစ်လောက် ခဏနေရဖို့ ပြောတာပါ။ အန်တီတို့မှာက တကယ်ကို နေစရာ မရှိတာပါ။ ပြီးတော့ သူတို့က ဥပဒေအရ အရေးယူမယ်ဆိုပြီး ဆိုင်းဘုတ်ထောင်ထားပြီး အခုလို ဥပဒေမဲ့ လုပ်တာတော့ မကောင်းပါဘူး။ ပြောင်းစေချင်တယ်ဆိုရင် သတိပေးစာ ထုတ်ပေါ့၊၊ ခုလို လုပ်တာတော့ အရမ်းကို ဆိုးလွန်းပါတယ်” ဟု ဒေါ်ရင်ရင်ခိုင်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ၀ါဝါ၀င်းကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဒေါ်မိုးမိုးမြင့်အား ဆက်သွယ်မေးမြန်းရာ ၎င်းက “အလုပ်မအားသေးတဲ့အတွက် ဆောရီးပါ” ဟုသာ ပြောကြားခဲ့ပြီး တခြားပြန်လည် ဖြေကြားခြင်း မရှိဘဲ ဖုန်းချသွားခဲ့သည်။

(အနော်ရထာ စက်မှုဇုန်အတွင်းရှိ ကျူးကျော်တဲ ၅၀၀ ကျော်အား ဖျက်ဆီးထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))

eleven

No comments:

Post a Comment