ရန်ကုန် နိုဝင်ဘာ ၁ဝ
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အဓိကကျသည့် ငလျင်ကြောနှစ်ခုအနက် တစ်ခုဖြစ်သော အယ်လ်ပိုက် (Alpide) ငလျင်ကြောပေါ်၌ တည်ရှိပြီး ငလျင်ပြင်းထန်ဇုန်တွင် ပါဝင်နေသဖြင့် သတိပြုရန် လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ အယ်လ်ပိုက် (Alpide) ငလျင်ကြောသည် အနောက်ဘက် မြေထဲ ပင်လယ်ဒေသ မြောက်ပိုင်းမှ စတင်ကာ အရှေ့ဘက် လားရာဖြစ်သော တူရကီ ၊ အီရန်၊ အာဖဂန်နစ္စတန် ၊ဟိမဝန္တာ၊ မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံတို့အထိ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ထင်ရှားသည့် ပြတ်ရွေ့များမှာ နိုင်ငံ အနောက်မြောက်ဘက်ရှိ အမည်မရှိသော ပြတ်ရွေ့များ၊ အနောက်ဘက် ကဘော်တောင်ကြား တစ်လျှောက်ရှိ ကဘော်ပြတ်ရွေ့၊ စစ်ကိုင်းပြတ်ရွေ့နှင့် နောင်ချိုမြို့ အနောက်ဘက်ရှိ ကျောက်ကြမ်းပြတ်ရွေ့တို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ (မြောက်ပိုင်း) မြစ်ကြီးနားမြို့မှ အစပြု၍ စစ်ကိုင်း၊ ဂန့်ဂေါတောင်တန်း၏ အနောက်ဘက်ခြမ်း၊ ပဲခူးရိုးမ၏ အရှေ့ဘက်ခြမ်း တို့ကိုဖြတ်၍ မုတ္တမ ပင်လယ်ဝအထိ ကီလိုမီတာ ၁ဝဝဝ ခန့် ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့သည် အလျားလိုက် ပြတ်ရွေ့ဖြစ်ကာ တစ်နှစ်ပျမ်းမျှ ၁၈ ဒသမ ၅ မီလီမီတာခန့် ရွေ့လျားလျက် ရှိကြောင်း ဘူမိဗေဒ ပညာရှင်များ၏ လေ့လာချက်အရ သိရသည်။
ထိုသို့ အင်အားပြင်းထန်သည့် ငလျင် လှုပ်ခတ်လာနိုင်၍ ကြိုတင် ကာကွယ်မှုများ ပြုလုပ်သင့်ပြီး အဆောက်အအုံများကိုလည်း ငလျင်ဒဏ် ခံနိုင်သည့် ပုံစံဖြင့် ဆောက်လုပ်ရန် လိုအပ်ကြောင်း၊ ငလျင်နှင့် ပတ်သက်၍လည်း အသိပညာပေး အစီအစဉ်များ၊ လက်ကမ်း စာစောင်များကို ဖြန့်ဝေနေလျက်ရှိပြီး သက်ဆိုင်ရာ ဦးစီးဌာနများနှင့်လည်း ပူးပေါင်း၍ သုတေသန အစီအစဉ်များနှင့် လေ့လာချက်များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြဝတီ
No comments:
Post a Comment