Sunday, 30 November 2014

နှမြောတွန့်တိုသော သူဌေးကြီး

သာဝတ္ထိပြည်ဝယ် ကုဋေလေးဆယ် ကြွယ်ဝသော အာနန္ဒာသူဌေး ရှိ၏၊ သူသည် အလွန်နှမြောတွန့်တိုပြီး ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုကို လုံးဝစိတ်မကူးပေ။ သူ၏ တဦးတည်းသောသား မူလသိရီကို ပေးကမ်းစွန့်ကြဲမှု မပြုမိရန် ၁၅-ရက် တကြိမ် သတိပေးလေ့ရှိ၏၊ သူ၏သား မသိအောင်ပင် ရွှေအိုးငါးလုံးကို ကွယ်ဝှက်မြှုပ်ထား၏၊ ထိုအာနန္ဒာသူဌေး ကွယ်လွန်သောအခါ စဏ္ဍာလ (သူတောင်းစား) တဦး၏ ၀မ်းတွင် ပဋိသန္ဓေယူ၏၊ သူမွေးဖွားသည်မှစ၍ တမျိုးလုံး ဆင်းရဲပင်ပန်း ဖြစ်ကြသည်၊ အရွယ်ရောက်လတ်သော် သူ၏ အမေက ခွက်တလုံးပေးကာ အိမ်မှ ထွက်ခွါသွားစေလေသည်၊ တောင်းခံ၍ရသမျှနှင့် မ၀တ၀ စားသောက်နေရရှာသည်၊ တနေ့သော် မူလသိရီ အိမ်ရှေ့သို့ ရောက်သွားသည်၊ ထိုအခါ ယခင်ဘ၀က သားတော်ခဲ့သည်ကို သတိရလာပြီး အိမ်ဝင်းထဲဝင်သွားလေသည်၊ သူ၏ဆိုးဝါးသော ရုပ်အဆင်းကိုမြင်သော မြေးသည် ကြောက်လန့်၍ ငိုယိုရာ အစောင့်အရှောက်များက သူ့အား ရိုက်ပုတ် နှင်ထုတ်ကြသည်၊ ထိုအချိန် မြတ်စွာဘုရား ကြွရောက်လာ၍ မူလသိရီ သူဌေးအား "ဤစက်ဆုပ်ရွံရှာဖွယ် သူတောင်းစားသည် သင်၏ ဖခင် အာနန္ဒာ သူဌေးပင်ဖြစ်၏" -ဟု မိန့်ဆိုသည်၊ "အာနန္ဒာသူဌေး သင်မြှုပ်ခဲ့သော ရွှေအိုးငါးလုံးကို ပြလိုက်ပါ"-ဟု မိန့်တော်မူသည်။ သူပြသောနေရာတွင် တူးဖော်ရာ ရွှေအိုးများ ရရှိသဖြင့် မူလသိရီသူဌေး ယုံကြည်သွားကာ မြတ်စွာဘုရားအား ဆည်းကပ်ကိုးကွယ်ရာ အောက်ပါဂါထာကို ဟောတော်မူသည်။ ( ပါဠိဂါထာ ) ပုတ္တာမ`တ္ထိ ဓန`မတ္ထိ ၊ ဣတိ ဗာလော ၀ိဟညတိ ။ အတ္တာ ဟိ အတ္တနော နတ္ထိ ၊ ကုတော ပုတ္တာ ကုတော ဓနံ ။ ( မြန်မာပြန် ) လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏။ ဥစ္စာတို့သည်လည်း ရှိကုန်၏-ဟု (စွဲလမ်းမှုတဏှာဖြင့်) ဆင်းရဲပင်ပန်းရ၏။ အမှန်သော်ကား မိမိပင်သော်လည်း မိမိအတွက် အားထားရာ မဖြစ်နိုင်။ သားသမီး ပစ္စည်းဥစ္စာတို့သည် အဘယ်မှာ အားထားမှီခိုရာ ဖြစ်နိုင်ကုန်အံ့နည်း။ ( ဆောင်ပုဒ် ) သမီးသားနှင့်၊ စီးပွားဥစ္စာ၊ တွယ်တာကြောင့်ကြ၊ လူ့ဗာလသည်၊ သောကမှုပွေ၊ ဆူဆူဝေ၏။ အိုနာသေများ၊ အနီးပါးဝယ်၊ ထင်မှားယူဆ၊ အတ္တသည်ပင်၊ မရှိအင်ကြောင့်၊ ဘယ်တွင်ဥစ္စာ၊ အားကိုးရာသား၊ ရှိနိုင်ငြားအံ့။ ( ဗာလ၀ဂ်-အာနန္ဒသေဋ္ဌိ ၀တ္ထု )

Friday, 28 November 2014

အင်အား ၅ ရစ်ခ်ျတာစကေးရှိ ငလျင်ကြောင့် သမ္မတဦးသိန်းစိန် ထီးတော်တင်လှူပူဇော်ထားသည့် စစ်ကိုင်းမြို့မှ လေးကျွန်းမာရ်အောင်ဘုရား အပါအ၀င် စေတီသုံးဆူ၏ စိန်ဖူးတော်များ မြေခ

Published on: November 28, 2014 Written by:  မင်းသန့် ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်မြေခသွားသော လေးကျွန်းမာရ်အောင်ဘုရားအား နိုဝင်ဘာ ၂၈ ရက်က ဖူးတွေ့ရစဉ် နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက ပြင်ဦးလွင်မြို့ အရှေ့မြောက်ဘက် လေးမိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ထီးတော်တင်လှူပူဇော်ထားသည့် လေးကျွန်းမာရ်အောင်ဘုရား အပါအ၀င် စေတီပုထိုးသုံးဆူ၏ စိန်ဖူးတော်များ မြေခခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတောင်ခြေ သရက်ပင်ဆိပ်အနီး သောတာပန်ရပ်ရှိ လေးကျွန်းမာရ်အောင်ဘုရားမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာအတွင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်ပြိုပျက်ကျခဲ့ရာ ၂၀၁၃ ခုနှစ် သြဂုတ် ၁၈ ရက်က နိုင်ငံတော်သမ္မတဦးသိန်းစိန်က စိန်ဖူးတော်ပြန်လည်တင်လှူ ပူဇော်ထားကြောင်း သိရသည်။ ထို့အတူ ပန်းပဲတန်းရပ်ရှိ ဆင်များရှင်ဘုရားနှင့် မြို့သစ်ရပ်ရှိ မရှိခဏဘုရားများ၏ စိန်ဖူးတော်များလည်း ငလျင်ဒဏ်ကြောင့် မြေခမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်မြေခသွားတဲ့ ဘုရားသုံးဆူလုံးက ၂၀၁၁ ငလျင်တုန်းကလည်း မြေခခဲ့ဖူးပါတယ်။ ဆင်များရှင်ဘုရားက အရံစေတီရဲ့ စိန်ဖူးတော်မြေခတာဖြစ်ပြီး ဘုရားကြီးရဲ့ စိန်ဖူးတော်ကတော့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ငလျင်ပြီးကတည်းက ပြန်လည်တင်လှူရခြင်း မရှိသေးပါဘူး။ လေးကျွန်းမာရ်အောင်ဘုရားက သမ္မတကြီးကိုယ်တိုင် စိန်ဖူးတော်ပြန်လည်တင်လှူ ပူဇော်ထားတာပါ” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောကြားသည်။ ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်မြေခသွားခဲ့သော လေးကျွန်းမာရ်အောင်ဘုရားအား နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် “ငလျင်ဒဏ်ကြောင့် ဘုရားစိန်ဖူးတော်က အင်္ဂါထောင့်မှာကျပြီး မြေခသွားတာပါ။ ဘုရားမကိုဋ်တော်လည်း တောင်ဘက်ကို အနည်းငယ်စောင်းသွားတယ်။ ဖြစ်ပြီးပြီးချင်း ဆရာတော်အရှင်ဆေကိန္ဒကိုယ်တိုင် ရောက်လာပြီး စိန်ဖူးတော်ကို စိစစ်သိမ်းဆည်းသွားတယ်။ ထီးတော်ပြန်လည်တင်လှူဖို့အတွက်ကို မနက်ဖြန် (နိုဝင်ဘာ ၂၉ ရက်)မှာ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်လာရောက်ပြီး ဆရာတော်နဲ့ ညှိနှိုင်းမှုလုပ်သွားဖို့ ရှိပါတယ်” ဟု လေးကျွန်းမာရ်အောင်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးကျော်လှက ပြောကြားသည်။ လေးကျွန်းမာရ်အောင် မြတ်စွာဘုရားကြီးကို ကောဇာသက္ကရာဇ် ၁၀၇၆ ခုနှစ်တွင် နန်းတက်သော အင်းဝဘုရင် မှန်နန်းရှင်သီရိ ပ၀ရဓမ္မရာဇာဓိပတိဘွဲ့အမည်ခံ တနင်္ဂနွေမင်းတရားကြီးက ကောဇာသက္ကရာဇ် ၁၀၈၆ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၂၂ ပေရှိပြီး လိုဏ်ဂူအတွင်းရှိ ကျောက်ဆင်းတုရုပ်ပွားတော်မှာ ဉာဏ်တော် ၁၂ တောင်၊ ပုလ္လင်တော် သုံးတောင်နှင့် ဘီလူး ၉၉ ယောက်၊ မဟာရံတံတိုင်းသုံးထပ်တို့ဖြင့် တည်ထားကိုးကွယ်ထားကြောင်း သိရသည်။ နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီ ၄၇ မိနစ် ၄၆ စက္ကန့်တွင် လှုပ်ခတ်ခဲ့သောငလျင်မှာ မန္တလေးမြို့ မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် ၃၀ အကွာ (ပြင်ဦးလွင်မြို့၏ အရှေ့မြောက်ဘက် လေးမိုင်အကွာ)ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ အင်အား ၅ ရစ်ခ်ျတာစကေးရှိကြောင်း မန္တလေးမြို့ မြေငလျင်စခန်းက ထုတ်ပြန်ခဲ့ပြီး ငလျင်ဒဏ်ကို ပြင်ဦးလွင်၊ မန္တလေးအနီးဝန်းကျင်နှင့် စစ်ကိုင်းမြို့တို့တွင် သိသာစွာခံစားခဲ့ရကြောင်း သိရသည်။ eleven

Thursday, 27 November 2014

၆ပွင့်ဆိုင် တွေ့ဆုံမှုကို မြန်မာသမ္မတ ဦးသိန်းစိန် ယတိပြတ်ငြင်းပြီ

ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဟာ လက်တွေ့မကျတာကြောင့် မဖြစ်နိုင်ဘူးလို့ မြန်မာသမ္မတ ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၂၇ရက်နေ့မှာ တရားဝင် ငြင်းဆိုလိုက်ပါတယ်။ လေးပွင့်ဆိုင် တွေ့ဆုံမှုကို ငြင်းဆန်ခဲ့တဲ့ သမ္မတက ၆ပွင့်ဆိုင် တွေ့ဆုံမှုကိုရော ဘာအကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာလဲ။ ပြည်ထောင်စုလွှတ်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ချဉ်းကပ်ပုံဟာ လူပုဂ္ဂိုလ်ကို အခြေခံပြီး စဉ်းစားတာဖြစ်တာကြောင့် အုပ်ချုပ်ရေးအစိုးရအဖွဲ့ရဲ့ ချဉ်းကပ်ပုံဖြစ်တဲ့ အဖွဲ့အစည်းတွေကို အခြေခံပြီး စဉ်းစားမှုနဲ့ ကွာခြားတာကြောင့် ၆ပွင့်ဆိုင် တွေ့ဆုံမှုကို လက်မခံဘူးလို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ဝါရှင်တန်အခြေစိုက်RFA ရေဒီယိုကို ပြောဆိုခဲ့ပါတယ်။ ၆ပွင့်ဆိုင်ထဲမှာ ပါဝင်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်ကို တိုင်းရင်းသားပါတီထဲကတစ်ယောက် ရွေးချယ်တာဟာ ကွဲပြားခြားနားတဲ့ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုနိုင်ဖို့ဆိုတာ တစ်ယောက်တည်းက မဖြစ်နိုင်တာကြောင့် ဒီလိုပြောဆိုမှုတွေဟာ လက်တွေ့နဲ့ သိပ်ပြီး မနီးစပ်ဘူးလို့ ဦးရဲထွဋ်က ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တစ်ယောက်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံကြဖို့ နိုဝင်ဘာ ၂၅ရက်နေ့မှာ တိုက်တွန်းခဲ့ပြီး တစ်ရက်အကြာ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး အင်အားစုအားလုံး ပါဝင်တဲ့ တွေ့ဆုံမှုကိုသာ ဆက်လုပ်သွားမယ်လို့ ရန်ကုန်မှာ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် နိုဝင်ဘာ ၂၆ရက်နေ့က ယတိပြတ်ပြောဆိုအပြီး သမ္မတရဲ့ ၆ပွင့်ဆိုင် တွေ့ဆုံမှုကို ငြင်းပယ်တဲ့ တရားဝင် သဘောထား ပေါ်ထွက်လာတာဖြစ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ၂ဝ၁၁ခုနှစ် သြဂုတ် ၁၈ရက်နေ့မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ မြန်မာသမ္မတဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို နှိမ်ချတဲ့အနေနဲ့ လေးပွင့်ဆိုင်တွေ့ဆုံမှုကို ပယ်ချခဲ့အပြီး တစ်နှစ်အကြာမှာ လွှတ်တော်က တရားဝင်တိုက်တွန်းတဲ့ ၆ပွင့်ဆိုင် တွေ့ဆုံမှုကိုပါ ယတိပြတ် ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ် ၇ဝနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု ပျက်ပြားခဲ့တဲ့တစ်ရက်တည်းမှာပဲ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ငြင်းပယ်မှုဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားကိုပါ ရောင်ပြန်ဟပ်နေတယ်လို့ သေချာပေါက် မပြောနိုင်သေးပေမယ့် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်ကို ရွေးချယ်ခဲ့မှုအပေါ် ဒီတစ်ယောက်တည်းက တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်ဆိုတာကိုလည်း သွယ်ဝိုက်ပြီး ငြင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ kamayut

လက်သမား ပုံပြင်

အသက်ကြီးကြီးနဲ့ လက်သမားတစ်ယောက်ဟာ အလုပ်က အနားယူဖို့ အဆင်သင့် ဖြစ်နေပါပြီ … အိမ်ဆောက်တဲ့ လုပ်ငန်းကို အနားယူပြီးတော့ သူ့ရဲ့ မိန်းမ … သူရဲ့ မိသားစုနဲ့ပဲ လက်ကျန်ဘဝကို အေးအေးဆေးဆေး နေတော့မယ့် အကြောင်း သူရဲ့ အလုပ်ရှင် ကန်ထရိုက်ကို ပြောပြပါတယ် … သူက အလုပ်ကိုတော့ သတိရနေမှာ ဖြစ်ပေမယ့် သူက အနားယူဖို့ လိုအပ်နေပါပြီ … သူရဲ့အလုပ်ရှင်က တားချင်ပေမယ့်လည်း မတားနိုင်တော့ပါဘူး …  အလုပ်ရှင်က ပုဂ္ဂိုလ်ရေးအရ ညှာတာထောက်ထားပြီး အိမ်တစ်လုံးပဲ နောက်ဆုံး ဆောက်ပေးဖို့ သူ့ကို သွားပြောတဲ့အခါ စိတ်မကောင်းဖြစ်ရတယ် … လက်သမားက ဆောက်ပေးမယ်လို့ ပြောပေမယ့်လည်း သူက အလုပ်ဆက်လုပ်ဖို့ စိတ်မဝင်စားတော့တာကို မြင်သာ ထင်သာ ရှိလှပါတယ် … ။ အိမ်ကို ဆောက်တဲ့အခါလည်း ခပ်ညံ့ညံ့လက်ရာနဲ့ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကိုပဲ သုံးပြီး အဲဒီ အိမိကို ဆောက်ခဲ့တယ် … အဲဒီလို လုပ်လိုက်တာဟာ သူ့အတွက် ကံမကောင်းမှု တစ်ခုလို့ အဲဒီတုန်းက သူမသိခဲ့ဘူး … ဒီလိုနဲ့ လက်သမားက အိမ်ကို လျော့ရိလျော့ရဲ့ နဲ့ဆောက်လိုက်တာ ပြီးသွားတဲ့အခါမှာ အလုပ်ရှင် ကန်ထရိုက်က အိမ်ကို လာစစ်တယ် … ပြီးတော့ အိမ်သော့ကို လက်သမားရဲ့ လက်ထဲကို ထည့်ပြီးတော့ “ ဒါဟာ မင်းရဲ့ အိမ်ပဲ ” “မင်းအတွက် ငါ့ရဲ့ လက်ဆောင်” လို့ အလုပ်ရှင်ကန်ထရိုက်က ပြောလိုက်ပါတယ် … a အဲဒီ အချိန်မှာတော့ လက်သမားဟာ ရှော့(ခ်) ရသွားတယ် … အရမ်းလည်း ရှက်မိသွားတယ် … တကယ်လို့သာ သူနောက်ဆုံး ဆောက်ခဲ့ရတဲ့ အိမ်ဟာ သူ ပိုင်ဆိုင်ရမယ့် အိမ်လို့ သိခဲ့မယ်ဆိုရင် ဒီထက် ကောင်းအောင် ဆောက်ခဲ့မှာပေါ့ အကောင်းဆုံးလက်ရာနဲ့ အကောင်းဆုံးပစ္စည်းတွေ သုံးပြီး ဆောက်ခဲ့မှာပေါ့ … ခုတော့ သူဖြစ်သလို ဆောက်ခဲ့တဲ့ အိမ်မှာပဲ သူနေရတော့မယ် … ဘာမှ ပြင်လို့ မရတော့ဘူး … ပုံပြင်လေးက ဒီမှာပဲ အဆုံးသတ်သွားပါတယ် … အွန်လိုင်းမှာ ဒီပုံပြင်ကို ဖတ်ပြီးတဲ့ အခါ ကျွန်တော့် ခံယူချက်နဲ့ အရမ်းတိုက်ဆိုင်နေလို့ ပြန်မျှဝေလိုက်ပါတယ် … ကျွန်တော့် wall မှာ တင်ထားတဲ့ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “အကောင်းဆုံးလုပ်ပါ … ဒါပေမယ့် မမျှော်လင့်ပါနဲ့” နဲ့ ထပ်တူကျတယ်လို့ ခံစားရပါတယ် … ရချင်လို့လုပ်တာ မဖြစ်ပါစေနဲ့ … ဆိုလိုတာက အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး မဖြစ်ပါစေနဲ့ … ဒါပေမယ့် ကျွန်တော်တို့က ခက်သားဗျ … ဘုရားသွားပြီး ဆီမီး၊ ပန်း၊ ရေချမ်း လောက် ပူဇော်တယ် တောင်းတဲ့ဆုက ဇောတိက၊ ဇဋိလ သူဌေးလောက် ဖြစ်နေတယ် …. ။ ကျွန်တော့်တို့ ဘဝတွေဟာ ကျွန်တော်တို့ ဖန်တီးတဲ့ အတိုင်း ရရှိနေကြတာပါ …. ။ လက်သမား နေရာက စာဖတ်သူများ စဉ်းစားကြည့်ပါ … အစောကြီးကတည်းက ဒီအိမ်ကို သူရမယ် မှန်းသိရင် အခုလုပ်နေတဲ့ပုံစံမျိုး လုံးဝ လုပ်မှာ မဟုတ်ပါဘူး … သေချာပါတယ် … အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ပါလိမ့်မယ် … ဒါဟာ ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ကျွန်တော်တို့ ဘဝပါပဲ … ဘဝမှာ တစ်ရက်တည်းပဲ နေရတော့မယ်ဆိုရင်တောင် မှ အဲဒီ တစ်ရက်ကို ဂုဏ်သိက္ခာရှိရှိနဲ့ လိပ်ပြာသန့်သန့် ရှင်သန်လိုက်ပါ … ကိုယ့်ဘဝရဲ့ အကောင်းအဆိုး အကြောင်းအကျိုးကို ကိုယ်ကိုယ်တိုင် က ဖန်တီးခဲ့တယ် ဆိုတာ စာဖတ်သူများ အကြွင်းမဲ့ ယုံကြည်လိုက်ပါ …. ဒီထက်ပိုပြီး ရှင်းလင်းအောင် ပြောရရင် ဒီနေ့ ကြုံတွေ့နေရတဲ့ ကောင်းကျိုး ဆိုးကျိုးတွေဟာ အတိတ်က ကံ တနည်းပြောရင် အလုပ်တွေကြောင့်ပါ … အဲဒီလိုပဲ မနက်ဖြန်မှာ ကြုံတွေ့ရမယ့် ကောင်းကျိုး ဆိုးပြစ်တွေဟာ ဒီနေ့လုပ်နေတဲ့ အလုပ်တွေ (ဝါ) ကံတွေကြောင့် ဆိုတာ မိတ်ဆွေ ယုံကြည်လိုက်ပါ … ဒီစကားတွေဟာ ကျွန်တော်ပြောတာ မဟုတ်ပါဘူး … မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ဟောကြားခဲ့တာပါ … ဒါကြောင့် “ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ … ဒါပေမယ့် … မမျှော်လင့်ပါနဲ့” ကိုယ်လုပ်လိုက်တဲ့ အကောင်းအဆိုး အကြောင်းအကျိုး အားလုံးကို ကိုယ်တိုင် ခံစားရမှာ သေချာပါတယ် … Credit-original writer The express Time

ဒေါ်စု ဖိတ်ကြားမှု တပ်မတော် အမတ်တွေ လက်မခံ

27.11.2014 21:12 မိုးဇော် လွှတ်တော် တက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်များ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို တွေ့ဆုံဖို့ ဖိတ်ကြားတာကို အချိန်နီးကပ်ပြီး စီစဉ်ဖို့ အခက်အခဲရှိ တာကြောင့် နောက်တကြိမ် လွှတ်တော် အစည်းအဝေး ကျမှ တွေ့ဆုံဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေဖက်က ဒီကနေ့ ပြန်ကြား ပါတယ်။ ဒီတွေ့ဆုံပွဲဟာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေကို NLD ပါတီက ပထမဆုံးအကြိမ် ဖိတ်ကြားတာလည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။ ဒီကနေ့ညနေမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံညစာစားဖို့အတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၇၀) ဦးကို မနေ့ နေ့ခင်းပိုင်းက ဖိတ်စာပေး ဖိတ်ကြားခဲ့ တာဖြစ်ပါတယ်။ ဒီဖိတ်ကြားချက်အပေါ်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေဖက်က အကြောင်းပြန်ကြားတာကိုတော့ NLD ပါတီ နေပြည်တော် ကိစ္စဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးအောင်က အခုလို ပြောပါတယ်။ "ကျနော်တို့ ဖိတ်တာ ရက်ကပ်သွားတဲ့အတွက် နက်ဖြန်ဆိုလည်း လွှတ်တော်ကပြီးပြီ။ ဒီနေ့တစ်ရက်တည်း ကျနော်တို့က ကပ်ပြီး ဖိတ်တဲ့အတွက် သူတို့မှာစီစဉ်ရတာ အတော့်ကိုခက်ခဲပါတယ်တဲ့။ နဂိုကလည်း Program တွေရှိတော့ အဲတော့ နောက် ၁၂ ကြိမ်မြောက်ကျမှပဲ ကျနော်တို့ ဒီ ထမင်းစားပွဲအတွက် စီစဉ်ကြရအောင်ပါ အဲဒီလိုပြန်ပါတယ်။ စာနဲ့လည်း အကြောင်းပြန်ပါတယ်။ နှုတ်ကလည်း ရှင်းပြပါတယ်။" ဒီလိုတွ့ဆုံဖို့ ဖိတ်ကြားတာဟာ သီးခြားဆွေးနွေးဖို့ ရှိတာကြောင့်လားဆိုတဲ့ အမေးကိုတော့ ဒေါက်တာမျိုးအောင်က အခုလို ဖြေကြားပါတယ်။ "မရှိပါဘူး။ အလွတ်သဘောပါပဲ။ ပထမဦးဆုံးအကြိမ်တွေ့တဲ့ ညစာစားပွဲ သဘောမျိုးပါပဲ ထားပါတော့" ဗုဒ္ဓဟူးနေ့ ဖိတ်ကြားစဉ်ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ မတွေ့ဆိုတာကို အထက်ကို တင်ပြရမှာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြန်ကြားခဲ့တာလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က ပြည်ထောင်စုလွှတ်တော်က တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အမျိုးသမီးကိုယ်စားလှယ်တွေနဲ့ သီးခြားစီတွေ့ဆုံတာမျိုး ရှိခဲ့ဖူးပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို အခုလို ဖိတ်ကြားချိန် ဟာ ပြည်ထောင်စု လွှတ်တော်မှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ)ကို NLD ပါတီက ပြင်ဆင်ဖို့ တောင်းဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေက ဒါကို မပြင်ဆင်ဖို့ ဆွေးနွေးခဲ့တာတွေ ရှိနေချိန်လည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ဥပဒေမူကြမ်းကို နောက်တကြိမ်ကျင်းပမယ့် (၁၂) ကြိမ်မြောက် လွှတ်တော်မှာ တင်သွင်းဖို့ ရှိနေပါတယ်။ မကြာမီရက်တွေ အတွင်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၂ဦး ၊ ဒေါ်အောင်ဆန်းစုကြည် ၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တဦးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပါဝင်တဲ့ (၆) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ရှိနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ voa

Tuesday, 25 November 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ခြောက်ပွင့်ဆိုင် ဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော် အတည်ပြု

Wednesday, November 26, 2014 လက်ရှိဖြစ်ပေါ်နေသော နိုင်ငံ့အရေးများကို တွေ့ဆုံဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး ဖြစ်သည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်မည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ ကို စောလျင်စွာတွေ့ဆုံရန် အရေးကြီးအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် အမှတ် ၁၀ ကိုယ်စားလှယ် ဦးမြင့်ထွန်းက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းသော်လည်း စနစ်ကျသော အချိန် Time Frame ပါဝင်ခဲ့ခြင်း မရှိပေ။ ဘာလို့ ခြောက်ပွင့်ဆိုင် အဆိုရှင် ဦးမြင့်ထွန်းက ၁၄ ပွင့်ဆိုင် တွေ့ဆုံမှုသည် လူဦးရေများပြားသဖြင့် အရေးကြီးသည့် Key Players (အဓိကကျသည့် ပုဂ်္ဂိုလ်များ) ပထမဦးစွာ တွေ့ဆုံဆွေးနွေးခြင်းသည် ထိရောက်လျင်မြန်မည်ဟု ယူဆသဖြင့် ယခု ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို တင်သွင်းခြင်းဖြစ်သည်ဟု လွှတ်တော်အပြီးတွင် ပြော ကြားသည်။ အသက် ၆၄ နှစ်အရွယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက “တိုင်းပြည်မှာ အန်ကယ်တို့ ငယ်ငယ်ကတည်းက အခုလိုတွေ့ဆုံ ဆွေးနွေးတာတွေမရှိလို့ အခုလို တဒိန်းဒိန်းပစ်နေကြတာ” ဟု ပြောကြားသည်။ ၎င်းက တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များထဲမှ တစ်ဦးသာပါဝင်သည့် အတွက် ကျန်လွှတ်တော် ပြင်ပပါတီများ၊ တိုင်းရင်းသား လက်နတ်ကိုင် အဖွဲ့အစည်းများကို အဆိုပါပုဂ်္ဂိုလ်ကပင် ပြန်လည်ရှင်း လင်းပြ ရန် လိုအပ်မည်ဟု ပြောကြားသည်။ ၎င်းက “ဒီတိုင်းရင်းသားက လူကြီး တွေနဲ့တွေ့၊ ဆွေးနွေး၊ ကျန်တဲ့တိုင်းရင်းသား တွေကို ပြန်ရှင်းပြ၊ အဲဒီ လို တဖြည်းဖြည်းချင်းသွားရပါမယ်” ဟု ဆိုသည်။ ခြောက်ပွင့်ဆိုင်သည် ဖွဲ့စည်းပုံပေါ် သက်ရောက်နိုင်ခြောက်ပွင့်ဆိုင်ဆွေးနွေးမည့် ပုဂိ္ဂုလ် ခြောက်ဦးသည် ယနေ့ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမှုပြီးဆုံးထားသည့်ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲသည့် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟုလည်း အဆိုရှင် ဦးမြင့်ထွန်းက ပြောသည်။ ၎င်းက “ပါတယ်၊ ပါတယ်၊ လူကြီး ခြောက်ယောက်က သက်သက်ဆွေးနွေး၊ မူကြမ်းရေးတဲ့သူတွေက သက်သက်ဆွေးနွေးပေမယ့် သက်ရောက်မှု ရှိမယ်” ဟု ပြောကြားသည်။ ၎င်းက ခြောက်ပွင့်ဆိုင်က လူကြီးများ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးမူ ကြမ်းရေးဆွဲမည့်သူများ ပူးပေါင်းလိုက်ပါက Result (ရလဒ်) ကောင်းများ ထွက်မည်ဟုလည်း မှတ်ချက်ပြုသည်။ တိုးတက်မှုလို့မြင်တဲ့ ဒေါ်အောင်ဆန်း စုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခြင်းကို တိုးတက်မှုဟု ယူဆကြောင်း လွှတ်တော်အပြီးတွင် သတင်းထောက်များကိုပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က “အန်တီ အနေနဲ့ ငြင်းပယ်စရာအကြောင်း ဘာမှမရှိပါဘူး။ ဒါတိုးတက်မှုလို့ပဲ ဒီ လိုမြင်တယ်။ ဘာပဲပြောပြော ဒီိကိစ္စမှာလွှတ်တော်က သဘောတူညီနိုင်တယ်ဆိုတာ ကောင်းတာပေါ့” ဟု ပြောကြားသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်က သမ္မတအိမ်တော်တွင် ကျင်းပခဲ့သည့် ပုဂိ္ဂုလ် ၁၄ ဦးပါ ငါးပွင့်ဆိုင် ဆွေးနွေးပွဲအစား လေးပွင့်ဆိုင် သာကိုင်စွဲသည်ဟု ပြောကြားထားသော်လည်း ယခုခြောက်ပွင့် ဆိုင်ဆွေး နွေးပွဲကိုလည်း ငြင်းပယ်စရာမရှိဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုရှင်ဦးမြင့်ထွန်းက ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ ကိုယ်တိုင်က လက်ခံ ခြင်း၊ အရည်အချင်းများစွာရှိခြင်း စသည့် အချက်ပေါင်းများစွာကြောင့် ပါတီများထဲမှတစ်ဦးတည်း ရွေးချယ် ခြင်းဖြစ်သည်ဟု ဆိုသည်။ ကိုယ်စားပြုမှုအခက်အခဲရှိမလား မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက ယခင်ငါးပွင့်ဆိုင်ဟုခေါ်သော လူပုဂ္ဂိုလ် ၁၄ ဦး တွေ့ဆုံမှုသည် အဖွဲ့ကို ကိုယ်စားပြု၍ တက်ရောက်ခြင်းဖြစ်သော်လည်း ကိုယ်စားပြုတစ်ယောက်စီသာ တက် ရောက်ခွင့်ရသည့်အတွက် ကိုယ်စားပြုမှုအခက်အခဲရှိနိုင်သည်ဟု သုံးသပ်သည်။ ၎င်းက “တိုင်းရင်းသားထဲက ရွေးရင်လက်နတ်ကိုင်ထဲက ရွေးမလား၊ လွှတ်တော် ပြင်ပက ရွေးမလား၊ လွှတ်တော်ထဲက ရွေးမလား။ ကိုယ်စားပြုမှုအခက်အခဲ ရှိနိုင်ပါတယ်” ဟု ဆိုသည်။ ယင်းခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦး သာရွေးချယ်မည်ဆိုသော်လည်း အခက်အခဲ ရှိမည်မဟုတ်ဟု တိုင်းရင်းသားကိုယ် စားလှယ်များက ပြောကြားသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက “အခုအဆိုကို ထောက်ခံပါတယ်။ တိုင်း ရင်းသားတစ် ယောက်ရွေးရ တာလည်း သိပ်ခက်မယ်မထင်ပါဘူး” ဟု ပြောသည်။ သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကမူ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက တိုင်းရင်းသား ကိုယ်စားလှယ်များကို ဖိတ်ကြားကာ လွှတ်တော်ကိုယ်စားလှယ်၊ သို့မဟုတ် ပါတီခေါင်းဆောင်ထဲမှ မည်သို့ရွေးချယ်မည်ကို မေးမည် ထင်သည်ဟု ပြောသည်။ စစ်မှန်တဲ့ တွေ့ဆုံမှုဖြစ်ဖို့ လိုတယ် ပြီးခဲ့သည့်အောက်တိုဘာ ၃၁ ရက်က သမ္မတအိမ်တော်တွင်တွေ့ဆုံစဉ်က ပါဝင်ခဲ့သူအချို့ကမူ မည်ကဲ့သို့သော တွေ့ဆုံဆွေးနွေးမှုမျိုးကိုမဆို တိုင်းပြည်အတွက်ဆိုပါက လက်ခံသော်လည်း စစ်မှန်သည့်တွေ့ဆုံ မှု မျိုးဖြစ်ရန်လိုသည်ဟု သတိပေးသည်။ အဆိုပါ ငါးပွင့်ဆိုင်တွင် ပါဝင်ခဲ့သူ ဖယ်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့မှ ဦးခင်မောင်ဆွေက “တစ်ဦး တစ်ယောက် အတွက်ဆိုရင် အဆင်ပြေဘူး၊ နိုင်ငံအတွက်ဆိုရင်တော့ ထောက်ခံပါတယ်” ဟု ပြော ကြား သည်။ ပြည်ထောင်စုလွှတ်တော်က ယခု ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲကျင်းပရန် ဆုံးဖြတ်ခြင်းသည် သမ္မတက လေးပွင့်ဆိုင် တွေ့ဆုံရန် ငြင်းဆိုမှု ကို ခြောက်ပွင့်ဆိုင်ဖြင့် ထပ်မံကြိုးပမ်းခြင်းဖြစ်မည်ဟု ယူဆကြောင်း ဦးခင်မောင်ဆွေက ပြောသည်။ ဖက်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့သည် ၁၁ ပါတီပါဝင်သော အဖွဲ့ဖြစ်ပြီး ကရင်ပါတီ နှစ်ပါတီ၊ ချင်းပါတီ တစ်ပါတီ စုစုပေါင်း သုံးပါတီပါဝင်ပြီး ကျန်ပါတီများမှာ ပြည်မမှ ဖြစ်သည်။ ခြောက်ပွင့်ဆိုင်နဲ့ အပြီးအပြတ်ဖြစ်မလား ငါးပွင့်ဆိုင်တွင်ပါဝင်ခဲ့သူ ကျားခေါင်း ပါတီဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ ပါတီတွဲဖက်အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ခြောက်ပွင့် ဆိုင်ဖြစ်စေကာမူ မည်သည့်တွေ့ ဆုံဆွေးနွေးမှုမျိုးကိုမဆို ၎င်းတို့ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ပြဿနာမရှိကြောင်း ပြောကြားသည်။ ၎င်းက “တစ်ခုရှိတာက ခြောက်ပွင့်ဆိုင်နဲ့တင် နိုင်ငံရေးပြဿနာတွေ အပြီးအပြတ် ဖြစ်မလား” ဟု မေးခွန်း ထုတ်လိုက်သည်။ တိုင်းရင်းသားပါတီ ရှစ်ပါတီဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော် လည်း လက်ရှိတွင် လွှတ်တော်ပြင်ပပါတီများအဖြစ် ရပ်တည်နေကြခြင်းဖြစ် သည်။ အဆိုရှင် ဦးမြင့်ထွန်းကမူ လူများများတွေ့ပါက တွေ့ဆုံချိန်နည်းပါးခြင်း၊ များစွာညှိနှိုင်းရခြင်းများ စသည် တို့ကြောင့် အလုပ်မဖြစ်နိုင်ဟု သုံးသပ်သဖြင့် ယခုကဲ့သို့ ခြောက်ပွင့်ဆိုင်တင်ခြင်းဟု ဆိုသည။ ““အရေးကြီးတဲ့သူတွေ မြန်မြန်တွေ့၊ များများတွေ့၊ ပြီးရင် သူတို့ကတစ်ဆင့် ပြည်သူကို ချပြရင်နားလည် သွားမှာပါ” ဟု ပြောကြားခဲ့ သည်။ ခြောက်ပွင့်ဆိုင်တွင် ပါဝင်ရန် အဆိုပြုခံထားရသူ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည်လည်း စဉ်းစားနိုင်လိမ့်မည် ဟု ဦးမြင့်ထွန်းက ပြောသည်။ မဇ္ဈိမ

ဟောင်ကောင် ဆန္ဒပြနေရာ အချို့အား အာဏာပိုင်များ ရှင်းလင်းစဉ် လူ ၈၀ ဦးခန့် ဖမ်းဆီးခံရ

Wednesday, November 26, 2014 ဟောင်ကောင်၊ နိုဝင်ဘာ ၂၅။ ဟောင်ကောင်ဒေသ မောင်ကော့အရပ်ရှိ ဒီမိုကရေစီ တောင်းဆိုသူများ၏ ဆန္ဒပြနေရာများကို အာဏာပိုင်များ က ရှင်းလင်းလျှက်ရှိရာ ဖယ်ရှားပေးရန် ငြင်းဆန်သူ ၈၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ရဲများက ငရုပ်ကောင်းရည်များဖြင့် လူအပ်စုကို ဖြန်းခဲ့ကြောင်း သိရသည်။ မောင်ကော့ အရပ်တွင်နေထိုင်ကြသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များက ယင်း ဆန္ဒပြနေရာများကို ဖယ်ရှားပေးရန် တိုင်ကြားမှုများ ရှိခဲ့ပြီးနောက် တရားရုံးက သပိတ်စခန်းများကို ဖယ်ရှားရေးအတွက် အမိန့်တစ်ရပ် ထုတ်ပြန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်ဆန္ဒပြသူများသည် လာမည့် ၂၀၁၇ ခုနှစ် မြို့တော်အုပ်ချုပ်ရေး အကြီးအကဲကို လွတ်လပ်စွာရွေးချယ်ခွင့်ရရေး အတွက် တောင်းဆို၍ ပြီးခဲ့သည့်အောက်တိုဘာလ အစောပိုင်းကတည်းက အဓိကလမ်းများတွင် သပိတ်စခန်းများ ဖွင့်လှစ်ဆန္ဒပြခဲ့ကြသည်။ သို့သော် ပေကျင်းအစိုးရက တင်မြှောက်ထားသည့် ကော်မတီမှ ရွေးချယ်ပေးသူများကို မဲပေးရွေးချယ်ရမည်ဟု တရုတ်အစိုးရ ကပြောကြား ထားသည်။ နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သည့် ဆန္ဒပြနေရာ ရှင်းလင်းမှုများတွင် စီးပွားရေးအချက်အချာနေရာနှင့် ခရီးသွားဒေသ တစ်ခုဖြစ်သော အာဂိုင်လမ်းနှင့် နာသာလမ်း ၀န်းကျင်နေရာကို အဓိက ရှင်းလင်းနေခြင်းဖြစ်သည်။ “လမ်းတွေကို ပိတ်ဆို့သိမ်းပိုက်ထားသူတွေအနေနဲ့ အခုချိန်မှာ သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ထွက်ခွာသွားသင့်ပါပြီ။ ဒီလိုမှ မဟုတ်ရင်တော့ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်တွေအဖြစ် သတ်မှတ်ရပါလိမ့်မယ်” ဟု ယင်းလမ်းနေရာကို ရှင်းလင်းဖယ်ရှားရန် တရားရုံးအမိန့်စာရရှိထားသည့် ဘတ်စ်ကား ကုမ္မဏီတစ်ခုမှ ရှေ့နေတစ်ဦးဖြစ်သည့် မာဂီ ချန်းကပြောကြားခဲ့သည်။ “ကျွန်တော်တို့ အစစ်အမှန်ရွေးကောက်ပွဲတွေ လိုချင်တယ်၊ အစစ်အမှန် မဲပေးပိုင်ခွင့် အလိုရှိတယ်” ဟု ဆန္ဒြ့ပသူအချို့က လည်း အော်ဟစ်ပြော ကြားခဲ့ကြသည်ဟု သိရသည်။ အနည်းငယ်သော ဆန္ဒပြသူများကလည်း လက်သုံးချောင်းထောင်ပြသည့် အမူအရာ ကို ပြသ ခဲ့ကြသည်ဟု South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။ အဆိုပါ သင်္ကေတသည် Hunger Games ရုပ်ရှင်စီးရီးတွင် အာဏာပိုင်များကို ဆန့်ကျင်တော်လှန်သည့် အထိမ်းအမှတ်တစ်ခုပင်ဖြစ်ပြီး ယင်းသည် ထိုင်းနိုင်ငံရှိအစိုးရဆန့်ကျင် ဆန္ဒပြသူများအကြားတွင်လည်း ကျော်ကြားသည်။ တရားရေးဌာန ၂၀ ဦးပါ အဖွဲ့တစ်ခု သည် ဒေသ စံတော်ချိန် ၁၀ နာရီခွဲခန့်တွင် ဆန္ဒပြနေရာများကို စတင်ရှင်းလင်း ခဲ့ကြခြင်းဖြစ်သည်။ အဖြူရောင် ခေါင်းဆောင်းများနှင့် လက်အိတ်များ ၀တ်ဆင်ထားသော အလုပ်သမားများသည်လည်း ယင်းသပိတ်စခန်းများရှိ သစ်သာပြား များနှင့် အခြားအကာအရံပစ္စည်းများကို ဖယ်ရှား၍ လော်ရီကားများဖြင့် သယ်ဆောင်သွားကြသည်ကို တွေ့ရသည်။ ယင်းအချိန်တွင် ရဲများစွာ သည်လည်း အသင့်အနေအထားတွင်ရှိနေခဲ့ကြပြီး ဆန္ဒပြသူများဘက်မှ တစ်စုံတစ်ရာခုခံမှု ရှိခဲ့ပါက ၀င်ရောက်ဖြေရှင်းရန် လုပ်ပိုင်ခွင့်လည်း ရရှိထား သည်ဟုသိရသည်။ ဆန္ဒပြနေရအား ရှင်းလင်းမှုတွင် တားဆီးသူများအား ဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - AFP Ref: BBC Mizzima

ရန်ကုန်မြို့အတွင်း ညဥ့်အချိန်၌ ဆိုင်ကယ်အစီး ၂၀ ကျော်နှင့် ပြိုင်ကားတစ်စီး အုပ်စုဖွဲ့မောင်းနှင်နေမှုကို ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ပြိုင်ကားအား ဖမ်းမိ

Published on: November 26, 2014 ဝေဇယန္တာလမ်းမပေါ်တွင် အုပ်စုဖွဲ့မောင်းနှင်နေသည့် ဆိုင်ကယ်များကို နိုဝင်ဘာ ၂၅ ရက်ည ၁၀ နာရီဝန်းကျင်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်) ရန်ကုန်မြို့အတွင်း ညဥ့်အချိန်၌ ဆိုင်ကယ်အစီး ၂၀ ကျော်နှင့် ပြိုင်ကားတစ်စီးတို့ အုပ်စုဖွဲ့ကာ မောင်းနှင် နေမှုကို နိုဝင်ဘာ ၂၅ ရက် ညဥ့်ဦးပိုင်းက ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ပြိုင်ကားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။ ရန်ကုန်မြို့တွင်း ည ၉ နာရီဝန်းကျင်တွင် မော်ဒယ်မြင့် မော်တော်ဆိုင်ကယ်အစီး ၂၀ ကျော်နှင့် ပြိုင်ကားတစ်စီး၊ ကိုယ်ပိုင်ယာဉ်နှစ်စီးတို့သည် ဦးချစ်မောင်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဝေဇယန္တာလမ်း၊ မြောက်ဥက္ကလာလမ်းမြ ကီးနှင့် သုဓမ္မာလမ်းမကြီးတို့အား အုပ်စုဖွဲ့ကာ မောင်းနှင်နေမှုကို ပြည်သူတစ်ဦးက အရှေ့ပိုင်းရဲတပ်ဖွဲ့ဝင် ရုံးသို့ သတင်းပေးခဲ့ရာမှ ယင်းအဖွဲ့ထဲမှ ပြိုင်ကားတစ်စီးအား ပိတ်ဆို့ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ပိတ်ဆို့ဖမ်းဆီးရမိခဲ့သော ပြိုင်ကားသည် အမှတ် (၃) လမ်းမကြီး မင်္ဂလာဒုံမြို့နယ် နီလာရိုးမ စက်သုံးဆီဆိုင်ရှေ့အနီး၌ စက်ချို့ယွင်း၍ရပ်ခဲ့ရာမှ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်မှူးအပါအ၀င် ရဲတပ်ဖွဲ့ဝင်များက ည ၁၀ နာရီ ၄၅ မိနစ်တွင် ပိတ်ဆို့ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြိုင်ကားအား ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်စီးဂျာကင်တစ်ထည်၊ ဆိုင်ကယ်ဦးထုပ်နှစ်လုံး၊ စကားပြောစက်တစ်လုံး၊ ဘက် ထရီအပိုတစ်ခု၊ ၀ီးတက်တစ်ခု၊ ကားသော့တစ်ချောင်း၊ အချက်ပြမီးတုတ်တစ်ချောင်း၊ နီကွန်ကင်မရာကြီးတစ် လုံး၊ ဖလပ်မီးနှစ်ခုနှင့် အားသွင်းခွက်သုံးခုတို့အား ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ မြို့နယ်မှူးက ပြောကြားသည်။ အမှတ် (၃) လမ်းမပေါ်တွင် ဖမ်းဆီးရမိသော ပြိုင်ကားအား တာဝန်ရှိသူများက ရှာဖွေနေစဉ် “ကားကတော့ လိုင်စင်ရှိတယ်။ ကားပေါ်မှာပါတာကတော့ နှစ်ယောက်ပါ။ သူတို့ကားက စက်ချို့ယွင်းလို့ ရပ်ခဲ့တဲ့အချိ န်မှာ ဖမ်းဆီးရမိခဲ့တာပါ။ ရှေ့က ဆိုင်ကယ်အစီး ၂၀ ကျော်ကိုတော့ ဖမ်းဆီးရမိတဲ့ နှစ်ယောက်စီကနေတစ်ဆင့် ပြန် ခေါ်ခိုင်းထားပါတယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲကိုတော့ အခုစစ်ဆေးနေတုန်းပါ။ အခု ဆိုင်ကယ်အဖွဲ့ထဲက တစ်ယောက်ကိုတော့ခေါ်ပြီး ထောက်ကြန့်ရဲစခန်း အမှတ် (၄) နယ်မြေရဲကင်းမှာ စစ်ဆေးနေတယ်” ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ မြို့နယ်မှူးက ပြောကြားသည်။ ယင်းဆိုင်ကယ်အဖွဲ့အား မျက်မြင်တွေ့ရှိသူတစ်ဦးက “ဒီအဖွဲ့တွေကို မြကျွန်းသာကန်ပေါင်မှာ တွေခဲ့တာပါ။ ဆို င်ကယ်အကြီး ၂၀ လောက်နဲ့ ပြိုင်ကားလည်းပါတယ်။ နောက်ပြီး ဓာတ်ပုံတွေရိုက်နေကြတယ်။ သိပ်မကြာဘူး ပြန်မောင်းထွက်သွားကြတယ်။ Rolling Stone Yangon group စာတမ်းပါ ဂျာကင်ဆင်တူ ၀တ်ထားတွေ့ရပါတယ်” ဟု ပြောကြားသည်။ ဖမ်းဆီးရမိခဲ့သောပြိုင်ကားကို ထောက်ကြန့်အမှတ် (၄) နယ်မြေရဲကင်း၌ ယာယီထိန်းသိမ်းထားပြီး ကားပေါ်ပါနှစ် ဦးမှာ တာမွေမြို့နယ်၌ နေထိုင်သူများဖြစ်ကြောင်း သိရသည eleven

Monday, 24 November 2014

ရည်းစားနဲ့ပြတ်သွားလို့ လမ်းမှားမရောက်စေချင်ဖူး 

-----------———----------- တချို့တွေရှိတယ် ၊၊ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပစ်သွားလို့ စိတ်ညစ်ပြီး အရက်တွေသောက်ကြတယ် ၊၊ club တွေတက် , မကောင်းတာတွေအကုန်လုပ် , သောက်စားမူးရူးပြီး ရန်တွေဖြစ် , အဲ့လိုနဲ့ ကိုယ့်ဘဝကို အနစ်မွန်းခံကြတယ် ၊၊ တချို့ကျတော့လည်း တမှိုင်မှိုင် တတွေတွေနဲ့ , အလုပ်လည်းမလုပ်နိုင် မစားနိုင် မသောက်နိုင် မအိပ်နိုင်နဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်ကြတယ် ၊၊ တချို့ကျတော့လည်း ခံပြင်းလွန်းလို့ သူ့ထက်သာတဲ့လူရှာပြမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုမဆင်ခြင်ပဲပျက်စီးသွားတဲ့လူတွေလည်းရှိတယ် ၊၊ တကယ်တမ်းတော့ အဲ့ဒါတွေက တင်္ဒဂရူးသွပ်ခြင်းပဲ  အချစ် ဆိုတာ ဘဝမှာ အရေးမပါဖူးလို့မဆိုလိုဖူး ချစ်ပါ ကြိုက်ပါ ဒါပေမယ့် သတိလေးရှိကြပါ ကိုယ့်ချစ်သူနဲ့ပြတ်လို့ ကိုယ့်ဘဝပျက်မသွားအောင်တော့နေကြပါ ၊၊ ကိုယ့်ချစ်သူက ကိုယ့်ကိုထားသွားတယ်ဆိုပါတော့ .. အရင်ဆုံးအဖြေကိုရှာကြည့်ပါ  ဘာကြောင့်လဲ ?  ရုပ်ရည်ကြောင့်လား ကိုယ်ကအပြင်အဆင်မတတ်လို့လား ဒါဆို သူ့ဘက်က ကျေနပ်စေလောက်မယ့် အနေအထိုင် အပြင်အဆင်မျိုးကိုပြောင်းလဲကြည့်လိုက်ပါ  ဒါမှမဟုတ် ငွေရေးကြေးရေးကြောင့်လား ဒါဆိုရင် ကိုယ့်ဘက်က အများကြီးကြိုးစားလို့ရနေနိုင်တာပဲ အလုပ်တွေကြိုးစားလုပ် သူ့ကိုတင့်တောင့်တင့်တယ်ထားနိုင်ပြီ သူစိတ်ကျေနပ်စေနိုင်လောက်မယ့်အခြေအနေရောက်ပြီဆိုမှ သူ့ကိုပြန်ဖွင့်ပြောပြီးညှိနှိုင်းယူလို့ရတာပဲ အဲ့ဒါတွေမှမဟုတ်လို့ သူကအကြောင်းပြချက်မရှိပဲလမ်းခွဲသွားတာဆိုရင်တော့  မင်းဘက်က သစ္စာဆိုတာကိုမသိတဲ့လူကိုမေ့ပစ်ဖို့သင့်ပါပြီ ၊ မင်းဘက်ကမပြတ်သားနိုင်လို့ သူ့ကိုအတင်းလိုက်တွယ်ကပ်နေရင်လည်းတချိန်မှာ မင်းပဲပြန်ခံစားရလိမ့်ဦးမှာပဲ ..  မင်းကိုအပေါ်ယံချစ်ပြီး ခဏတာအပျော်တွဲသွားတဲ့လူမျိုးကိုမေ့ပစ်နိုင်အောင်ကြိုးစားပါ .. ပြီးတော့ ကိုယ့်ကိုယ်ကိုအရည်အချင်းရှိအောင်နေပြီး တချိန်မှာ လက်တွဲရမယ့် အနာဂတ်ကဖူးစာသစ်အတွက် (မင်းကိုဘယ်လိုမှလက်တွဲမဖြုတ်နိုင်ဖို့အတွက်) ကိုယ့်ဘက်ကအရည်အချင်းပြည့်ပြည့်ဝဝနဲ့ဘဝသစ်တခုကိုထူထောင်နိုင်ဖို့ကြိုးစားပါ .. မင်းရဲ့ကြိုးစားမှုက တချိန်ချိန်မှာ မင်းကိုရောင်ပြန်ဟပ်စေမှာပါ  Credit- Original writer

Sunday, 23 November 2014

၂၀၁၅ တွင် NLD အနိုင်ရရှိပါကလည်း လက်တွဲသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောကြား

Monday, November 24, 2014 ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့ပါကလည်း တပ်မတော်အနေနှင့် ဥပဒေနှင့်အညီ လက်တွဲသွားမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များထံမှ သိရသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ဒုတိယအကြိမ်မြောက် တွေ့ဆုံစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “၂၀၁၅ မှာ NLD ဘက်က အများစု အနိုင်ရရှိသွာလို့ NLD က အစိုးရ ဖွဲ့နိုင်ခဲ့ရင် တပ်မတော်အနေနဲ့ NLD နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မလားလို့ မေးတဲ့အခါ သူတို့အနေနဲ့ ဥပဒေအရပဲ သွားမယ်။ ဖြစ်အောင်လက်တွဲပြီး လုပ်ရမှာပဲပေါ့နော်။ ဥပဒေနဲ့အညီ ဖြစ်လို့ရှိရင် ရလဒ်ကိုလည်း လက်ခံရမှာပဲ။ ကျီးရိုသေ၊ ဘုတ်ရိုသေ ဖြစ်ဖို့လိုတယ်။ အခြေအနေဆိုး ဖြစ်သွားတာကိုလည်း အဖြစ်မခံဘူး၊ အဲဒီလိုပြောတယ်” ဟု ပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ရှင်းလင်းပြောဆိုသည်။ ယင်းအပြင် တပ်မတော်အနေနှင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့် လမ်းကြောင်းမှ နောက်ပြန်လှည့်မည် မဟုတ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ရှိအတိုင်း ဆက်လက်တည်ရှိနေလိုသော ဆန္ဒရှိသော်လည်း လူထု ဆန္ဒသဘောထားအရ ပြင်ဆင်မည် ဆိုပါက ဆန္ဒခံယူပွဲ ပြုလုပ်ကာ ပြင်ဆင်မည်ကို လက်ခံမည်ဟု ပြောဆိုကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးရဲမင်းဦးက ဆိုသည်။ ယင်းအပြင် တပ်မတော်အနေနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်စေရန် ဆန္ဒရှိသဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ အားလုံးကို သတိဖြင့် စောင့်ကြည့်သွားမည်ဟု ကာကွယ်ရေးဦးစီးချုပ်က အဆိုပါ တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် လေးပွင့်ဆိုင် ဆွေးနွေးရေးမှာ ကျဉ်းမြောင်းနေပြီး တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုသည့် ခေါင်းဆောင်များ ပါဝင်မှသာ ပိုမိုအကျိုးရှိမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့က VOA အသံလွှင့်ဌာနနှင့် သီးသန့်တွေ့ဆုံစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သေးသည်။ ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့၏ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး တပ်မတော်နှင့် သတင်းမီဒီယာများအတွက် ကောင်းမွန်သည့် ဆက်ဆံရေးလမ်းကြောင်း တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လိုသည့် အချက်များနှင့် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း စာနယ်ဇင်းကောင်စီက ထုတ်ပြန်ထားသည်။ The Voice Weekly

မိဘတိုင်း သတိထားပါ

~~~~~~~~~~~~~ သားသမီးတိုင်းအတွက် မိဘမေတ္တာဆိုတာ မရှိမဖြစ် လိုအပ်နေတဲ့ အရိပ်စစ်တစ်ခုပါ ။ ဘာလို့ လည်းဆိုတော့ မိဘရဲ့မေတ္တာသည်သာ တကယ့်အနှိုင်းမဲ့အရာ၊ စစ်မှန်တဲ့အရာပါ ။ မိဘရဲ့မေတ္တာအရိပ်အောက်မှာနေရတဲ့အချိန်သာ လျှင် သူတို့ လေးတွေရဲ့ ဘ၀ဟာ အလုံခြုံဆုံးနဲ့  အနွေးထွေးဆုံး အချိန်ဖြစ်နေလို့ ပါပဲ ။ ဒါကြောင့် မိမိရဲ့ ရင်သွေးအပေါ်မှာ မိဘတိုင်း ချစ်ရာမရောက်၊ နစ်ရာရောက်မည့်အရာတွေကို ဂရုစိုက်ပြီး ပြင်ကြဖို့ လိုအပ်ပါတယ် ။ လက်ဦးဆရာဖြစ်တဲ့ မိခင်နဲ့ ဖခင်ဟာ ဘ၀မှာ အနှိုင်းမဲ့ဆရာသမားတွေပါပဲ ။ True Man https://www.facebook.com/zarnibwar427

ရေတစ်ပေါက်လို လူ

*************** လူတစ်ယောက်ဟာ အခြားသူကို ပြောင်းလဲပေးမယ်ဆိုတဲ့စိတ် ရှိတယ်ဆိုရင် မိမိကိုယ်ကို အရင်ဆုံး ပြောင်းလဲပစ်ရပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့အတွေ့ အကြုံ၊ ဖြစ်ပျက်မှုကို အခြေခံပြီး အခြားသူတွေကိုလည်း ကောင်းကောင်းပြောင်းလဲနိုင်မှာ ဖြစ်ပါ တယ်။ သူများတွေ ဘယ်လိုပဲ အမှားဘက်ကို လမ်းလွဲနေနေ ကိုယ်က အမှန်တရားကို ချစ်တတ်ဖို့ ပဲ လိုပါတယ်။ ငါတစ်ယောက်လည်း ကောင်းနေတော့လည်း အလကားပါပဲ။ အခြားသူတွေကြားမှာ ငါပဲ ဘေးထွက်နေတော့မှာပေါ့။ ငါလည်း ရေလိုက် ငါးလိုက် နေ လိုက်တာကောင်းပါတယ်ဆိုတဲ့ အတွေးမျိုး မထားပါနဲ့ ။ ရေတစ်ပေါက်ဟာ ခန္ဓာကိုယ်ကြီးမားတဲ့ သတ္တ၀ါတွေအတွက် မပြောပလောက်ပေမယ့် သေးငယ်တဲ့ ပုရွဲဆိတ်လို သတ္တ၀ါမျိုးတွေ အတွက် အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးကို ဖြစ်စေပါတယ်။ ဒီရေပေါက်လေးတွေ အများကြီး စုရာကနေ မြစ်တွေ၊ချောင်းတွေ ဖြစ်သွား တာကိုလည်း အမှတ်ယူသင့်ပါတယ်။ ထိုနည်းတူ လူတစ်ယောက်ကို ငါကောင်းလည်း တပါးသူတွေကမှ မကောင်းတာ နောက်ဆုံး ငါပဲ အရှုံးဖြစ်တာပဲလို့ မတွေးပါနဲ့ ။ တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံးကို မပြောင်းလဲနိုင်သေးပေမယ့် ကိုယ့်ရဲ့ မိသားစု၊ကိုယ့်ပတ်ဝန်းကျင်ကိုတော့ ကောင်းကောင်းပြောင်း လဲနိုင်မှာ ဖြစ်ပါတယ်။ မိသားစုနဲ့ ပတ်ဝန်းကျင်ဟာ မိမိကို တန်ဖိုးရှိတဲ့ လူတစ်ယောက် အဖြစ် သတ်မှတ်ပါလိမ့်မယ်။ ဒါကြောင့် မိမိကိုယ်ကို ရေတစ်ပေါက်လို လူ အဖြစ် ခံယူပြီး ကောင်းရာတွေ မိမိနဲ့ အတူ စုလာအောင် ကြိုးစားပါ။ အချိန်တွေများများ ရင်းလိုက်တဲ့ အခါ မြစ်တွေ၊ချောင်းတွေရဲ့ ရေပမာဏနဲ့ တူညီတဲ့ လူ့ ပတ်ဝန်းကျင်ကြီးကို စည်းရုံးနိုင်ပါလိမ့်မယ်။ မိမိကိုယ်ကိုကောင်း အောင် ဆောက်တည်ပါ၊ ရေတစ်ပေါက်လို လူဖြစ်ပါစေ။ True Man https://www.facebook.com/zarnibwar427

ပေါင်းစပ်နိုင်မှ ဘ၀လှမယ်

^^^^^^^^^^^^^^^ ယုံကြည်မှုနဲ့ ကြိုးစားအားထုတ်မှု ပေါင်းစပ်နိုင်မှ ခိုင်မာတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်လာပါလိမ့်မယ်။ ယုံကြည်မှုရှိသော်လည်း ကြိုးစား မှုမပါခြင်းဟာအိပ်နေရင်း အိမ်မက် မက်တတ်တဲ့သူတစ်ယောက်လိုပဲ အိပ်ယာနိုးတာနဲ့ မေ့မေ့ပျောက်ပျောက်နေမိမှာပါ။ ယုံကြည်မှုက  ခံယူချက်ကောင်းနဲ့  ထပ်ပြီး ပေါင်းစပ်မှ မှန်ကန်တဲ့ ရည်မှန်းချက်တစ်ခု ဖြစ်သွားတာပါ။ ကြိုးစားအားထုတ်မှုရှိပေမယ့် မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်းဟာ ဖိုးလမင်းကြီးဆီက ထမင်းဆီစမ်းနဲ့ ရွှေလင်ဗန်းကို ငိုယိုပြီးတောင်း နေတဲ့ကလေးငယ် အဖြစ်လိုပဲ၊ ဘယ်လောက် ကြိုးစားပါစေဦး ဘာမှ ရလာမည်မဟုတ်ပေ။ ကြိုးစားမှုကို ခွန်းအားနဲ့ ပေါင်းစပ်ရတယ်။  ဒါမှ စွမ်းအားဆိုတာ ဖြစ်လာမှာပေါ့။ ဘ၀က သီးစုံဖျော်ရည်တစ်ခွက် လိုပါပဲ။ လိုအပ်တဲ့ အသီးပေါင်းစုံတွေ၊ သကြားတွေ အချိုးညီညီ ပေါင်းပြီး ဖျော်နိုင်မှ အရသာရှိတဲ့ ဖျော်ရည်တစ်ခွက်ဖြစ်လာတယ်။ ဒီလိုပဲ ယုံကြည်မှု၊ ကြိုးစားမှု၊ ခံယူချက်၊ ခွန်အား စတာတွေကို သူ့ နေရာနဲ့ သူ ညီမျှစွာ ပေါင်းစပ်  အသုံးပြုနိုင်မှ ကျေနပ်စရာကောင်းတဲ့ ဘ၀တစ်ခု ရလာမှာ ဖြစ်ပါတယ်။ True Man https://www.facebook.com/zarnibwar427

မြန်မာခရီးစဉ်အတွင်း အိုဘားမား၏ ပြောစကားများ

‘‘ကျွန်တော် ဒီကိုကားစီးလာတော့ လူတိုင်းမှာ ဆဲလ်ဖုန်းတစ်လုံးစီ ရှိနေတာ သတိထားမိတယ်။ တချို့လူတွေဆို အင်္ကျီမပါဘူး။ ဒါပေမဲ့ စမတ်ဖုန်းတော့ ကိုင်ထားတယ်’’ —ရန်ကုန်မြို့၊ စိန်ရတုခန်းမတွင် ပြောဆိုခဲ့သည့် စကား ‘‘မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ အားလုံးရဲ့ စုပေါင်းဆွေးနွေးမှုတွေက အကောင်းဆုံးဖြစ်ခဲ့ပြီး ရလဒ်ကောင်း တချို့ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ ပြည်သူအားလုံး တကယ်တမ်းလိုအပ်မယ့် စစ်မှန်တဲ့ဒီမိုကရေစီစနစ်မျိုး ပီပြင်လာဖို့အတွက်တော့ နောက်ထပ် သီးခြားတွန်းအားပေး လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်’’ — မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ပြောဆိုခဲ့သည့် မှတ်ချက်စကား ‘‘ကျွန်တော်ကတော့ လူတစ်ယောက်ဟာ သူ့ရဲ့ ကလေးတွေက ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကြောင့် သမ္မတအဖြစ် ရွေးကောက်ခံခွင့် မရှိအောင် ကန့်သတ်တားမြစ်ထားတယ်ဆိုတဲ့ သတ်မှတ်ပြဋ္ဌာန်းချက်မျိုးကို လုံးဝနားမလည်နိုင်ပါဘူး။ ဒီကိစ္စက ကျွန်တော့်အတွက်တော့ အဓိပ္ပာယ် မရှိသလိုပဲ’’ — ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ခွင့်မရနိုင်သည့်အပေါ် မှတ်ချက်စကား ‘‘ခင်ဗျားဟာ မြန်မာပြည်သူလူထုကိုယ်စား အနာဂတ် ဒီမိုကရေစီအတွက် ဆက်ပြီးထောက်ခံအားပေးနေမယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ခင်ဗျားဟာ အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ လက်တွဲဖော်တစ်ယောက်အဖြစ် ရှိနေမယ်ဆိုတာကိုလည်း ကျွန်တော်သိတယ်’’ — ဒေါ်အောင်ဆန်းစုကြည်အား ချီးကျူးပြောဆိုခဲ့သည့်စကား ‘‘‘ကျွန်တော်တို့အနေနဲ့ အပြောင်းအလဲတွေက ခက်ခဲတယ်ဆိုတာကို သဘောပေါက်ပါတယ်။ ပြီးတော့ အမြဲတမ်း လမ်းကြောင်းအဖြောင့်အတိုင်း မသွားနိုင်ဘူးလေ။ ကြိုးကြိုးစားစား လုပ်ဆောင်ရမယ့်ကိစ္စတွေ ရှိနေသေးတယ်ဆိုတာ မြင်သာနေပါတယ်။ ရှေ့ဆက်ပြီးလည်း ခက်ခဲတဲ့ ရွေးချယ်မှုတွေ ကြုံလာရဦးမှာပဲ။ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေဟာ ပြီးပြည့်စုံတယ်တော့ မရှိသေးဘူး။ အဲဒီလိုပဲ လက်တွေ့ဖြစ်မြောက်ဖို့ မျှော်လင့်ချက် မရှိတော့တာလည်း မဟုတ်ဘူး။ တိုးတက်ဖြစ်ထွန်းမှု တော်တော်များများဟာ လုံလောက်တဲ့ မြန်ဆန်မှုမရှိဘူး။ လုံလောက်တဲ့ တွင်ကျယ်ပျံ့နှံ့မှုမရှိဘူး’’ — မြန်မာ့နိုင်ငံရေးအပြောင်းအလဲ နှေးကွေးနေမှုအပေါ် မှတ်ချက်စကား ‘‘ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ နေ့သစ်တစ်ခုဆီ ရောက်ရှိလာမယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်’’ — နေပြည်တော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည့်စကား ‘‘ဒါဟာ ဒီမိုကရေစီဖော်ဆောင်ရေးမှာ အကြီးအကျယ် မတည်မငြိမ် ဖြစ်စေမယ့် အကြောင်းကိစ္စတစ်ခုပါ။ တရားဝင် အစိုးရတစ်ရပ်မှာ ပြည်သူလူထု အားလုံးအတွက် အခြေခံအားဖြင့် တူညီမျှတတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေ ရှိနေလိမ့်မယ်လို့ ကျွန်တော်က ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ရိုဟင်ဂျာတွေကိုဖြစ်စေ၊ တခြား လူနည်းစု ဘာသာကွဲတွေကိုဖြစ်စေ ခွဲခြားဆက်ဆံခြင်းမျိုးဟာ မြန်မာအနေနဲ့ နှစ်ကာလရှည် ကိုယ့်ကို အများမြင်စေချင်တဲ့ နိုင်ငံမျိုးမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်’’ — ဘင်္ဂါလီ (ရိုဟင်ဂျာ)အရေးကို ညွှန်းဆိုခဲ့သည့်စကား ‘‘ဒီဒေသ၊ ခင်ဗျားတို့ဒေသရဲ့ အနာဂတ်ကို စစ်အာဏာရှင်၊ ဒါမှမဟုတ် စစ်တပ်ရဲ့အလိုအတိုင်း ဖော်ဆောင်ရမှာ မဟုတ်ဘူး။ ဒီဒေသရဲ့ အနာဂတ်ကို စွန့်ဦးလမ်းပြသူတွေ၊ တီထွင်ဖန်တီးသူတွေနဲ့ အိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်သူတွေက ဖန်တီးရမှာဖြစ်တယ်’’ — ရန်ကုန်မြို့၊ စိန်ရတုခန်းမတွင် ပြောဆိုခဲ့သည့်စကား ‘‘ကျွန်တော်တို့ချင်း အမြင်ကွဲလွဲခဲ့တဲ့ အချိန်တွေရှိလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို ဘယ်တုန်းကမှ မသက် ရောက်ခဲ့ဘူး။ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လုပ်ဆောင်နေသူတွေကြားထဲမှာ ပြဿနာတစ်ခုခု ရှိလာမှာကို ကျေးဇူး ပြုပြီး မစိုးရိမ်ကြပါနဲ့။ ကျွန်တော်တို့အားလုံးဟာ တူညီတဲ့ တန်ဖိုး၊ တူညီတဲ့ အခြေခံအယူအဆတွေကို ယုံကြည်ကြပါတယ်’’ —ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သတင်းထောက်များကို ပြောဆိုခဲ့သည့်စကား ‘‘ဒီနေရာမှာ နောက်ဆုံးတစ်ကြိမ် ရပ်နေခဲ့တုန်းက မြန်မာပြည်သူတွေကို ရည်စူးပြီး ကတိစကားတစ်ခွန်း ကျွန်တော်ပြောခဲ့တယ်။ တကယ်လို့ ပြုပြင်ပြောင်းလဲမှုကဏ္ဍမှာ တိုးတက်မှုတွေ ဆက်ရှိနေမယ်ဆိုရင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေက အားကောင်းလာစေမယ် ဆိုတာပါ။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ အပြောင်း အလဲတွေ အောင်မြင်ရေးအတွက် စွမ်းသမျှအားလုံး လုပ်ဆောင် သွားမှာပါ။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကျွန်တော်တို့တွေဟာ ဒီကတိ စကားနဲ့ပတ်သက်ပြီး ကောင်းကောင်းအကောင်အထည်ဖော် ဆောင် ရွက်နိုင်ခဲ့ပါတယ်’’  —ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သတင်းထောက်များကို ပြောဆိုခဲ့သည့်စကား

ဆယ်ကျော်သက်များ အရပ်မရှည်ရခြင်းမှာ အောက်ပါ အချက်များကြောင့် အဓိက ဖြစ်သည်။

မျိုးရိုးကြောင့် အရပ်ပုခြင်း ပစ်ဂမီလူမျိုး ကပ္ပလီ ကျွန်းသားများမှာ အရပ် ၅ ပေထက် ပို၍မရှည်ပါ။ ကြီးထွား ဟော်မုန်း မထွက်ရှိခြင်း ဦးနှောက်အောက် အကျိတ်မှ ကြီးထွား ဟော်မုန်း မထွက်ရှိသဖြင့် အရိုးများ ရှည်မလာခြင်း ဖြစ်သည်။ ကိုယ်ခန္ဓာ အချိုးအစား အနေဖြင့် ပုသူများဖြစ်သည်။ ကြီးထွားဟော်မုန်း အထွက် များလျှင် အရပ် ၇ ပေ၊ ၈ ပေကျော်အထိ ရှိလာပြီး လူ့ဘီလူးကြီးအသွင် ဖြစ်တတ်သည်။ ကျောက်ကပ် ရောဂါရှိလျှင် ထုံးဓာတ်နည်းသော ဒေသရှိ ခန္ဓာကိုယ်မှ ထုံးဓာတ်လျော့ နေသူများ ဥပမာ- ကပ္ပလီများသည် ဆယ်ကျော်သက် လွန်ပြီးလျှင် အရပ် ထွက်မလာတော့ပါ။ ကျောက်ကပ် ရောဂါရှိလျှင် ခန္ဓာကိုယ်မှ ထုံးဓာတ် လျော့နေသူများမှအပ အခြား ရောဂါရှိသူများ ဥပမာ- အမျိုးသားများတွင် အမျိုးသမီး ခရိုမိုဇုန်း ပိုများခြင်း၊ အမျိုးသမီး များတွင် အမျိုးသား ဟော်မုန်းခရိုမိုဇုန်း ပိုများခြင်း၊ အရိုးရင့်၍ အရပ်ပုရောဂါနှင့် ကစုန်းရောဂါ စုတို့ဖြစ်သည်။ နေ့စဉ် တစ်နာရီ လေ့ကျင့်ခန်း (အပြေးလမ်းလျှောက်၊ စက်ဘီးစီး) လုပ်စေခြင်း အပြင် သက်ဆိုင်ရာ ဟော်မုန်း ကျွေးလျှင် နှစ်နှစ်ကြာသော် အရပ် ရှည်လာမည်ဖြစ်သည်။ အချို့မှာ ဘာရောဂါမျှ မရှိဘဲ မလှုပ်ရှားခြင်း၊ မစားမသောက်ခြင်းကြောင့် သန်မာ ထွားကျိုင်းမှု နည်းပါးကာ အရပ်မထွက်ခြင်း ဖြစ်သည်။ (နေ့စဉ် တစ်နာရီ လေ့ကျင့်ခန်း၊ အပြေး လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းများ ပြုလုပ်သင့်သည်။ အသက်ရှူ လေ့ကျင့်ခန်း လုပ်ကာ အစာအာဟာရ ပြည့်ဝအောင် စားသုံးသင့်သည်။) ဆယ်ကျော်သက် အမျိုးသမီးများတွင် မစားမသောက်လျှင် သွေးအားနည်းကာ ရာသီသွေး ပုံမှန်မလာခြင်း၊ ရာသီသွေးအလာ နည်းခြင်းများကြောင့် အရပ်ပုတတ်သည်။ (အားကစား လုပ်စေခြင်း၊ အစားအသောက် စားစေခြင်းနှင့် စိတ်အပန်း ဖြေစေခြင်းဖြင့် အရပ် ထွက်လာနိုင်သည်။) အမျိုးသားများ အသက် ၁၉ နှစ်ကျော် သည်အထိ အသံမသြ၊ အမျိုးသားတစ်ဦး ကဲ့သို့ ဟန်ပန်မထွက်၊ နောက်ကျလျှင် ဟော်မုန်း တစ်လတစ်ခါ ထိုးပေးရသည်။ အမွေး အမှင်များပေါက်ကာ အမျိုးသားကြီးများ ဖြစ်လာနိုင်သည်။  ကျန်းမာရေးနှင့် ညီညွတ်သော ခန္ဓာကိုယ် အချိုးအစား (ဘီအမ်အိုင်) ရှိရမည်။ ဘီအမ်အိုင် ဆိုသည်မှာ ခန္ဓာကိုယ် အလေးအချိန် (ကီလိုဂရမ်) ကို အရပ်အမြင့်မီတာ (နှစ်ထပ်ကိန်း) နှင့် စားလျှင်ရသော ရလဒ်ဖြစ်ပြီး သာမန် ၁၈ ဒသမ ၅ မှ ၂၄ ဒသမ ၉ အတွင်း ရှိရမည်။ ကျန်းမာရေးနှင့် အသက်ရှင်ခြင်းကို ဖြစ်စေသည့် ကစီဓာတ်၊ အသားဓာတ်နှင့် အဆီဓာတ်တို့ ပြည့်စုံလုံလောက်စွာ စားသုံးရန်လိုသည်။ အင်အားဖြစ်စေသည့် ကစီဓာတ် ကဲသော အစာများမှာ ကောက်ပဲသီးနှံများ၊ ဆန်၊ ဂျုံ၊ ပြောင်းနှင့် ကစီဓာတ် ပေါကြွယ်သည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စားသုံးသင့်သည်။ အသားဓာတ် သို့မဟုတ် ပရိုတိန်းဓာတ် စားရမည်။ သစ်သီးများမှာ ငှက်ပျောသီး၊ ပိန္နဲသီး၊ မာလကာသီး၊ သရက်သီးနှင့် သင်္ဘောသီးများ ပါဝင်သည်။ အဆီဓာတ်မှာ မပြည့်ဝဆီ (မြေပဲ၊ နှမ်း၊ နေကြာဆီ) နှင့် အခြား ဟင်းသီးဟင်းရွက်များ ပါဝင်သည်။ အဆီဓာတ်သည် ခန္ဓာကိုယ်မှ ရရှိသော ကယ်လိုရီထဲတွင် အနည်းနှင့်အများ ပါဝင်သဖြင့် အဆီစား၍ အဝလွန်ခြင်းမဖြစ် အောင် မျှတစွာ စားသုံးရပါမည်။ Credit to Original Writer

Gandhi ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိတယ် 

" ကျွန်ုပ် ရဲ့ စိတ် ကို သူတစ်ပါးရဲ့ ညစ်ပေတဲ့ ခြေထောက်တွေနဲ့ ဖြတ်သန်း လျှောက်လှမ်းသွားမှာကို ခွင့်မပြုပါဘူး " တဲ့  တခါတလေ ကိုယ့်စိတ်ထဲက နှလုံးသား အဖြူရောင်ဟာ  တစ်ပါးသူရဲ့ ညစ်ပေမည်းညစ်တဲ့ အပြုအမူ ၊ စိတ်ဓါတ်တွေကြောင့်  ညစ်ပေသွားတတ်တယ် သူတစ်ပါးရဲ့ လုပ်ရပ်တွေကြောင့် သင့်စိတ်ကို ဒေါသထွက်ခွင့်မပြုပါနဲ့  သူတစ်ပါးရဲ့ ရက်စက်မှုကြောင့် သင့်စိတ်ကို ပူလောင်ခွင့်မပြုပါနဲ့  သူတစ်ပါးရဲ့ လှောင်ရယ်မှုကြောင့် သင့်စိတ်ကို ညှိုးနွမ်းခွင့်မပြုပါနဲ့ သူတစ်ပါးရဲ့ နှိမ့်ချမှုကြောင့် သင့်စိတ်ကို နိမ့်ကျခွင့်မပြုပါနဲ့  နောက်ဆုံး သူတစ်ပါးရဲ့ ယုတ်ညံ့တဲ့ ခြေထောက်တွေရဲ့နင်းဖြတ်မှုကြောင့် သင့်ရဲ့ဖြူစင်တဲ့နှလုံးသားတွေ ညစ်ပေခွင့်မပြုပါနဲ့ ။  credit-Original writer

Friday, 21 November 2014

အသည်းကွဲဖူးလား ဖြေပါ

21/11/2014 အသက် (၂၆) နှစ်သာ ရှိသေးသောယဉ်သူ အေးအဖို့ အသည်း ကွဲတာထက်ပိုသော ပြင်းထန် သည့် ခံစားချက်ဆိုတာမျိုး မကြုံဖူးခဲ့ပါ။ သုံးနှစ်ကြာတွဲလာသော ရည်းစားနှင့် အကြောင်းမတိုက်ဆိုင်လို့ ပြီးခဲ့သည့် တစ်ပတ်ကလမ်းခွဲလိုက်သည်။ ထို့နောက်ပိုင်း သူ့မှာ မစားနိုင် မသောက်နိုင်။ အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်သလို အိပ်လည်း မပျော် နိုင်ပါ။ သူ့အတွက် ကမ္ဘာကြီးက ပြီးဆုံးသွားပြီဟုသာ ထင်မိသည်။ ‘‘ဘယ်လိုပြောမလဲ ကိုယ် တိုင်ကြုံဖူးမှ သိရတာမျိုး ရင်ထဲ မှာ နာကျင်ပြီး အနာဂတ်ပျောက် နေသလိုလို ရင်ဘက်ထဲမှာလည်း အစိုင်အခဲကြီး ဖြစ်နေသလိုလိုနဲ့ ဘာမှ လုပ်ချင်စိတ်ကို မရှိတာ’’ သူ့အဖြစ်ကို သူငယ်ချင်း တွေကို ပြောပြတော့ သူတို့က ပို လွန်းသည်ဟု ဆိုကြသည်။ အချိန် ကြာလာတော့ တဖြည်းဖြည်း သက်သာလာသော်လည်း တစ်ပတ်လောက်တော့ ပြင်းပြင်းထန်ထန် ခံစားရသည်ဟုဆိုသည်။ ကျန်းမာရေးလည်း ထိခိုက်ခဲ့သည်။ တကယ်တော့ ကမ္ဘာကြီးပေါ်က ချစ်တတ်သော လူသားများအကြားမှာ အသည်းကွဲဖူးသူ မရှိသလောက်ရှားသည်ဟုဆိုသည်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ခံစားမှုဖြစ်ကာ အသည်းကွဲရသည်။ အသည်းကွဲသူများထဲမှာ ယဉ်သူအေးတို့လို သာမန်မိန်းကလေးတွေက အစ ဝေလမင်းသမီး ဒိုင်ယာနာတို့လို၊ ဟောလိဝုဒ်မင်းသမီး နစ်ကိုးလ်ကစ်မန်းတို့လို အကျော်အမော် တွေလည်း ပါဝင်သည်။ မင်းသားတွမ်ခရုစ်နှင့် ကမ္ဘာသိလမ်းခွဲပြတ်စဲပြီးနောက်မှာ မင်းသမီး နစ်ကိုးလ်ကစ်မန်းက သူ၏အသည်းကွဲမှုကို အောက်ပါအတိုင်း အတိအလင်း ၀န်ခံခဲ့ပါသည်။ ‘‘ကျွန်မအတွက် အနာဂတ်မှာ ဘာရှိသလဲ မသေချာတော့သလိုပဲ။ ပြီးတော့ အရင်လိုအကောင်းမြင်ပြီး ဘ၀ကိုပြန်ရပ်တည်နိုင်မလား။ မနက်တွေမှာ စိတ်ပျက်လက်ပျက်နဲ့ နိုးထလာရမလား မသိတော့ဘူး။ ကျွန်မအဖေက ပြောတယ်။ အသည်းကွဲတယ်ဆိုတာ မလုပ်သင့်တာတို့၊ လုပ်သင့်တာတို့ အဲဒီလိုအရာမျိုး မဟုတ်ဘူး။ သူ့ဟာသူဖြစ်လာတာမျိုး တဲ့။ အမေရိကန်ဆေးသုတေသနပညာရှင်များက အသည်းကွဲခြင်းကို အပိုလုပ်သည်ဟု မထင်ပါ။ အသည်းကွဲခြင်းသည် ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေတတ်သည်ဟု သတိပေးထားပါသည်။ တချို့ ငယ်ရွယ်သူများတွင် စိတ်ပိုင်းဆိုင်ရာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်အထိ စိတ်ရောဂါများ ဖြစ်လာနိုင်ပါသည်။ ဆေးပညာရှင်များ၏ နောက်ဆုံးလေ့လာတွေ့ရှိချက်များအရ အသည်းကွဲရာမှ ရရှိသောစိတ်ခံစားမှုကြောင့်ဦးနှောက်ကိုထိခိုက်ပြီး ကျန်းမာရေး ထိခိုက်စေသည်ဟုဆိုပါသည်။ သူတို့လေ့လာတွေ့ရှိချက်တွေအရ အသည်းကွဲရာမှ ဖြစ်ပေါ်နိုင်သော ရောဂါဝေဒနာအမျိုးမျိုးရှိသည်ဟု ဆိုသည်။ ပထမဆုံး လေ့လာတွေ့ရှိချက်အရ နှလုံးခုန်မြန်ပြီး နှလုံးပုံမှန်မဟုတ်သည့် ဝေဒနာဖြစ်လာနိုင်သည်ဆိုသည်။ ထို့အပြင် အအိပ်ပျက်၊ အစားအသောက်ပျက်ရာမှ အအေးမိခြင်းနှင့် တုပ်ကွေးလို ရောဂါမျိုးဖြစ်နိုင်၏။ အစာပုံမှန်မစားရာက အစာအိမ်နာနိုင်ခြင်းဖြစ်သည်။ ထို့အပြင် အိပ်မပျော်သည့် ရောဂါလည်း စွဲကပ်နိုင်သည်ဟု ဆိုပါသည်။ တစ်ဦးနှင့်တစ်ဦး ခံစားရပုံချင်း မတူကြ။ စိတ်အစွဲအလမ်းကြီး သူက ပိုခံစားရပြီး ပိုအထိနာတတ် ပါသည်။ တချို့ကတော့ ကိုယ်အလေးချိန် ကျဆင်းတတ်ပါသည်။ ‘‘ငယ်ငယ်တုန်းကတော့ ငယ်ရည်းစားက သစ္စာဖောက် သွားတော့ အတော်အသည်းကွဲ သွားဖူးတယ်။ ပေါင်ချိန် ၁၅ ပေါင် လောက်ကို ထိုးကျသွားတယ်။ ကိုယ့်ကိုယ်ကိုယ် မနည်းပြန်ထိန်း သိမ်းလိုက်ရတယ်’’ ဟု အသက် (၄၂) နှစ်အရွယ် အမျိုးသားတစ် ဦးက ပြောသည်။ အမေရိကန်နိုင်ငံ မေရီလန်း ပြည်နယ် ဂျွန်ဟော့ကင်းတက္က သိုလ်က အမျိုးသမီးများသည် အမျိုးသားများထက် အသည်း ကွဲသည့်ဒဏ်ကို ပိုခံစားရသည် ဟု ဆိုသည်။ အမျိုးသမီးများက ချစ်သူကြောင့် အသည်းကွဲရာမှ နှလုံးရောဂါအထိ ဖြစ်လာနိုင် သည်ဟု ၎င်းတို့က ထောက်ပြ သည်။ သို့သော်လည်း ထိုနှလုံး ရောဂါမျိုးက အချိန်ဖြင့် ကုစားက ပြန်လည်ကောင်းမွန်လာသော ရောဂါမျိုးဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ယခုနောက်ပိုင်း တွင် ရောဂါတစ်ခုမဟုတ်သော် ငြားလည်း ငယ်သူများမှာ ဖြစ် လေ့ရှိသော အသည်းကွဲရောဂါ တစ်ခုကို ကုစားဖို့ ကျန်းမာရေး ပညာရှင်များက ကုထုံးနည်းတွေ ဖော်ထုတ်တင်ပြခဲ့ပါသည်။ ထိုအ ထဲတွင် ဒေါက်တာ ဖိလစ်ဆိုသူ က အသည်းကွဲလျှင် ပထမဆုံး လုပ်ရမည်မှာ ရည်းစားဟောင်း နှင့် ပတ်သက်တာ အားလုံးကို သံ ယောဇဉ်မထားဘဲ လက်စတုံးပစ် ရမည်ဟုဆိုသည်။ တစ်ချိန်တည်းမှာ ကျန်းမာ ရေးလေ့ကျင့်ခန်း၊ ယောဂနှင့် တ ရားထိုင်ခြင်းစသည့် အသက်ရှူ လေ့ကျင့်ခန်းနှင့် ခန္ဓာကိုယ်ဖိစီးမှု သက်သာစေသည့် လေ့ကျင့်ခန်း များကို လုပ်ပေးရမည်ဟု ဆိုပါ သည်။ ‘‘ဓာတ်ပုံတွေ၊ စာတွေ၊ အ မှတ်တရတွေ အားလုံး လက်စ ဖျောက်ပစ်ပါ။ အီးမေးလ်တို့ဆို ရင်လည်း အကုန်ဖျက်ပစ်။ သူ့ကို ပြန်သတိရစရာတွေ၊ တမ်းတစ ရာတွေ အကုန်ဖျောက်ပစ်လိုက်၊ ဖေ့စ်ဘွတ်ခ်မှာလည်း ဘလော့ သာထားလိုက်’’ ဟု သူက ပြော သည်။ ထို့အပြင် သူငယ်ချင်းများ နှင့် ပျော်ပျော်ရွှင်ရွှင်နေခြင်း၊ လည်ပတ်ခြင်း၊ လူ့အသိုင်းအ၀ိုင်း နှင့် ပုံမှန်ရောရောထွေးထွေးနေ ကာ လှုပ်ရှားသွားလာပေးရမည် ဟု စိတ်ပညာရှင်များက အသည်း ကွဲသူများအား အကြံပေးထား၏။ သီချင်းများကို အားရပါးရ ဆိုပြီးလည်း ပေါက်ကွဲပစ်လိုက်နိုင် သည်။ သီချင်းဆိုရာမှာတော့ ကြေ ကွဲစိတ်မချမ်းမြေ့ဖွယ်ရာ သီချင်း မျိုးထက် တက်ကြွမြူးကြွသည့် သီချင်းမျိုးတော့ ရွေးချယ်သီဆိုရ မည်ဖြစ်ပါသည်။ နောက်ထပ်သူတို့ အကြံပေး ထားသည်က အသည်းကွဲပါက အိပ်ရာထဲ ခွေမနေမိစေဖို့ ဖြစ် ပါသည်။ ထို့ကြောင့် ကော်ဖီတို့ လို ကဖင်းဓာတ်ပါသော အရာ များကို ရှောင်ပါ။ ညဥ့်နက်ရုပ်သံ ကြည့်ခြင်းကိုရှောင်ပြီး ပုံမှန်အိပ် ရာဝင်ရန် ကြိုးစားပါဟု ဆေး ပညာရှင်များက တိုက်တွန်းအကြံ ပြုထားပါသည်။ စိတ်ပညာရှင် များကတော့ အသစ်တစ်ဖန်ပျော် ရွှင်မှုနှင့် စတင်နေထိုင်ခြင်းက အ သည်းကွဲသူများအတွက် အကောင်း ဆုံးဟု ဆို၏။ ကိုယ့်ကိုယ်ကိုယ် အားပေးမြှင့်တင်ကာ တောက်ပ သော အနာဂတ်ကို စိတ်ကူးယဉ် မျှော်မှန်းရမည်ဖြစ်သည်ဟု စိတ် ရောဂါပညာရှင် ဒေါက်တာဟုခ်ျ ဝေလ်ဘန်က ကျန်းမာရေးရုပ်သံ တစ်ခုမှာ အကြံပြုထားသည်။ ‘‘လက်ရှိဘ၀က ရုန်းထွက် ပါ။ ကိုယ့်ရှေ့မှာ အနာဂတ်ကို စိတ်ကူးယဉ်ပါ။ အပြင်မှာ ဘာ တွေဖြစ်နေလဲ စိတ်သစ်လူသစ်နဲ့ လေ့လာပါ’’ ထို့အပြင် ကိုယ့်ရည်းစား ဟောင်းကပဲ ကိုယ့်ကို တကယ် ချစ်နိုင်သူ၊ သူ့နေရာမှာ မည်သူမျှ အစားမထိုးနိုင်။ သူကသာ အ ကောင်းဆုံးဟုဆိုသည့် အတွေး အခေါ်များထဲ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်မထားရဟု သူကဆို သည်။ စကြ၀ဠာထဲမှာ နေထိုင် သော လူဦးရေ ခြောက်ဘီလီယံထဲ မှာ ကိုယ်နှင့်ထိုက်တန်သူ ကိုယ့် ကို မေတ္တာစစ်နှင့် ချစ်မည့်သူတွေ ရှိနေသေးကြောင်းလည်း သတိရ သင့်ပါသည်။ ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး ဂွက်နက်ပက်ထရိုကမူ ခဏခဏလည်း အသည်းကွဲသလို အသည်းကွဲတာကိုလည်း အောင် မြင်စွာ အကြိမ်ကြိမ် ကုစားနိုင်ခဲ့ သူဟု မေးမြန်းခန်းတစ်ခုမှာ ပြော ကြားဖူးသည်။ သူ့နည်းကတော့ ရှင်းရှင်း လေးဖြစ်ပါသည်။ ‘‘အသည်းကွဲတာကို ကုစား ဖို့လား။ တကယ်တော့ လွယ်လွယ် လေး။ နောက်ရည်းစားတစ် ယောက် မြန်မြန်သာ ကောက် ထားလိုက်ပါ။ ခဏလေးကို အ ဆင်ပြေသွားမယ်’’ Credit to 7day

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း နဲ့ ဗွီအိုအေ သီးသန့် တွေ့ဆုံ မေးမြန်းခန်း (အပြည့်အစုံ)

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကို ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းက နေပြည်တော် လွှတ်တော်မှာ သွားရောက် တွေ့ဆုံမေးမြန်း မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြင်ဆင်မှုတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ နှစ်ဆန်းပိုင်းမှာမှ ဖွဲ့စည်းမယ့် လွှတ်တော်အသစ်မှာ အတည်ပြုပေးရမယ်ဆိုတဲ့အကြောင်း ဗွီအိုအေကို သီးသန့် ထပ်မံ ရှင်းလင်းခဲ့ပါတယ်။ အရေးကြီးတဲ့ ပြင်ဆင်မှုတွေဖြစ်တဲ့အတွက် ဥပမာအားဖြင့် ပြည်နယ် အစိုးရ၀န်ကြီးချုပ်ခန့်အပ်မှုမျိုး၊ တရားသူကြီးအဖွဲ့ ရွေးချယ်မှုမျိုး စတဲ့ ကိစ္စမျိုးတွေမှာ အခု လွှတ်တော်သက်တမ်းအတွင်းရုတ်တရက်ပြင်ဆင်လိုက်ရင် လက်ရှိ အစိုးရတရားရေး ကဏ္ဍစတာတွေမှာရှုပ်ထွေးမှုတွေ ဖြစ်လာလိမ့်မယ်လို့ သူရဦးရွှေမန်းက ပြောပါတယ်။ လက်ရှိ လွှတ်တော်တွင်း ဆွေးနွေးနေတဲ့ထဲမှာ ပုဒ်မ (၅၉) (စ) ပြင်ဆင်ရေးပါ တပါတည်းပါတာမို့ အကယ်၍ ပြင်ဆင်ရေး အတည်ပြုခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒုတိယသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခွင့် သမ္မတအဖြစ် ရွေးချယ်ခံခွင့် ရှိမရှိ ဆိုတာတွေကိုပါ နောက်လာမယ့် လွှတ်တော်အသစ်အစပိုင်းမှာ တပါတည်း အတည်ပြုပေးဖို့ရနိုင်မှာ ဖြစ်တယ်လို့ပြောပါတယ်။ ဗွီအိုအေ ဌာနမှူးဦးသန်းလွင်ထွန်းက နေပြည်တော်လွှတ်တော်မှာ သွားပြီး တွေ့ဆုံမေးမြန်းခဲ့တာပါ။ ဦးသန်းလွင်ထွန်း။ ။ မင်္ဂလာပါ ဥက္ကဋ္ဌကြီး ခင်ဗျာ။ အခု လာမယ့် ၂၅ ရက်နေ့ အထိ အရေးတကြီး ဆွေးနွေးနေကြတဲ့အကြောင်းအရာက ဒီ လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရေးမှာ အဓိကကျတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ အကြိတ်အနယ် ညှိနှိုင်းနေကြတဲ့ အကြောင်းအရာလေးတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌကြီးကိုယ်တိုင်လည်း သတင်းစာရှင်းလင်းပွဲတခုမှာ ဒီပြင်ဆင်မှုတွေဟာ ၂၀၁၅ ရွေးကောက်ပွဲ အပြီး လာမယ့် လွှတ်တော် သက်တမ်းကျမှ အကောင်အထည်ပေါ်လာမယ်ဆိုတဲ့ သဘောမျိုးကို အပြင်ဘက်မှာ နားလည်မှုတွေ ရှိနေပါတယ်။ အဲဒီတော့ အဲဒီကိစ္စကို ဥက္ကဋ္ဌကြီး အနေနဲ့ အရင်ဆုံး နည်းနည်းလေး ရှင်းပြပါလားခင်ဗျ။  သူရ ဦးရွှေမန်း။ ။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ၂၀၀၈ ခုနှစ် မေလမှာ Referendum (ပြည်သူ့ဆန္ဒခံယူပွဲ) လုပ်ပြီး အတည်ပြုခဲ့တယ်။ ဒီဥပဒေဟာ ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ပြီး ရွေးကောက်ပွဲပေါ်က ရလဒ်တွေကို မူတည်ပြီး ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကျင်းပတယ်။ အဲဒီ ပြည်ထောင်စုလွှတ်တော် ကျင်းပတဲ့အချိန်ကျမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက အသက်ဝင်ပါတယ်။ အဲဒါကြောင့် အခု လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များဟာ ဒီလ ၂၅ ရက်နေ့မှာ ဆွေးနွေးပွဲ ပြီးဆုံးမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စက ဥပဒေကြမ်းပြုစုရေးကိစ္စ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းပြုစုရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ နဲ့ အညီ လွှတ်တော်ကိုတင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီအပိုင်းကတော့ လာမယ့် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ လွှတ်တော်တွင်းမှာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဦးသန်းလွင်ထွန်း။ ။လွှတ်တော်ထဲမှာ မဲခွဲကြမယ်ဆိုတဲ့သဘောပေါ့။  သူရဦးရွှေမန်း။ ။ မဲခွဲကြမယ်။ မဲခွဲကြမယ်။ အဲလိုမဲခွဲပြီးတော့ ရလာမယ့် အဖြေပေါ်မူတည်ပြီးတော့ တချို့ဥပဒေတွေဟာ လွှတ်တော်တွင်းနဲ့ပဲ ပြီးသွားမယ်။ တချို့ ဥပဒေတွေကတော့ လူထုဆန္ဒခံယူပွဲ ဆက်လက်လိုအပ်မယ်။ အဲဒီအပိုင်းကျတဲ့ အခါကျတော့ လာမယ့် ၂၀၁၅ မေလ အတွင်းမှာ အပြီးလုပ်မယ်လို့ လျာထားသတ်မှတ်တယ်။ အဲဒီက ထွက်ပေါ်လာတဲ့ ပြဌာန်းချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အတည်ဖြစ်သွားပြီ။ သို့ရာတွင် ဒီအတည်ဖြစ်ပေမယ့် အသက်ဝင်လှုပ်ရှားဖို့ကတော့ ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်များ ပြန်လည်ဖွဲ့စည်းပြီး ပထမဆုံးအကြိမ်၊ ပထမဆုံးရက် လွှတ်တော် ကျင်းပတဲ့အချိန်မှာ အသက်ဝင်သွားမယ်။ အသက်ဝင်သွားတဲ့အတွက် အဲဒီအတိုင်းပဲ နောက်ဆက်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ပြီးတော့ စောင့်ထိန်းလိုက်နာမှာ ဖြစ်ပါတယ်။ ဦးသန်းလွင်ထွန်း။ ။ကျနော် ဒီနေရာမှာ နားလည်တဲ့အချက်က လွှတ်တော်တွင်း ပြင်ဆင်မှုတွေနဲ့ပတ်သက်လို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပထမဦးဆုံး အကြိမ် လွှတ်တော်ခေါ်တဲ့အခါမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၁ ဖေဖော်ဝါရီလမှာ ပထမဆုံးအကြိမ် လွှတ်တော် ခေါ်တဲ့အချိန်မှာ လွှတ်တော်ရဲ့ ပထမဆုံးလုပ်ငန်းက ဒီ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုလိုက်တဲ့၊ အသက်ဝင်တယ်ဆိုတဲ့အချက် ရှိတယ်လေ။ ဒါပေမယ့် ဒီရှိပြီးသား ဥပဒေ တခုကို ပြင်ဆင်တဲ့ကိစ္စက ဘာကြောင့်မို့ အခုလက်ရှိ ဥပဒေပြုနေတဲ့လွှတ်တော်အတွင်းမှာပဲ အသက်ဝင်လှုပ်ရှားမှု မဖြစ်နိုင်တာလဲ ဆိုတာလေးကို အဲဒါလေးကို ကျနော်သိပ်မရှင်းဘူး။ ဘာကြောင့်မို့လို့ နောက်လွှတ်တော်အထိ စောင့်ရမှာလဲ။  သူရဦးရွှေမန်း။ ။ ဟုတ်တယ်။ အကယ်လို့ ဒီကိစ္စက အခုလို မေးမှလည်း ပိုရှင်းလိမ့်မယ်။ တချို့လည်း လွယ်လွယ်နဲ့ မသိနိုင်ဘူး။ ဆိုကြပါစို့။ အကယ်လို့ ခုနက ၂၀၁၅ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ပြီးတဲ့နောက်ပိုင်းမှာ ပြီးတာနဲ့ ချက်ချင်းကြီး ဒီဟာ အသက်ဝင်လှုပ်ရှားမယ်ဆိုရင် ဒီနေ့ မဏ္ဍိုင်ကြီး သုံးရပ် ဖွဲ့စည်းထားတာ ရှိတယ်။ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် ရှိတယ်။ အဲဒီမဏ္ဍိုင်ထဲမှာ ဆိုကြပါစို့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လိုက်တဲ့အခါမှာ ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်များသည် တိုင်းဒေသကြီးလွှတ်တော်က ရွေးချယ်တဲ့ဟာကို သမ္မတကနေပြီးတော့ အတည်ပြုတယ်ဆိုရင် ခုန ပြုပြင်ပြောင်းလဲတာမှာ ဒါပါသွားရင် အဲဒီအတိုင်း လိုက်နာကျင့်သုံးရမယ်ဆိုရင် ဒီနေ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေဟာ ဒီနေ့ လူတွေ ဖြစ်မှာ မဟုတ်တော့ဘူး။  အဲဒီအတိုင်းပဲ၊ အစိုးရအဖွဲ့ထဲမှာလည်း ပြောင်းလဲလိုက်တဲ့အပေါ် မူတည်ပြီးတော့ ဆိုကြပါစို့ အကယ်လို့ ပြင်ဆင်ရေးမှာ အောင်မြင်သွားမယ်ဆိုရင် ၀န်ကြီးများသည် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ရမယ်ဆိုတဲ့ ပြောင်းလဲမှုပါသွားရင် ဒီနေ့ လက်ရှိ ရှိနေတဲ့ ၀န်ကြီးတွေဟာ တမျိုးတမည်တွေ ဖြစ်သွားနိုင်တယ်။ အဲဒီအတိုင်းပဲ၊ ဒီနေ့ လွှတ်တော်တွင်းမှာ ဆွေးနွေးနေကြတဲ့ တရားသူကြီးချုပ်များကိုလည်း လွှတ်တော်က ရွေးချယ် တာဝန်ပေးတဲ့ သူများ ဖြစ်ရမယ်ဆိုလို့ရှိရင် အကုန်လုံး ကမောက်ကမ ဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာကို အသက်ဝင်လှုပ်ရှားမယ်ဆိုလို့ ရှိရင် မဏ္ဍိုင်ကြီး သုံးရပ် အတွင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပြီးတော့မှ တိုင်းပြည်အတွက် အန္တရာယ် ဖြစ်နိုင်ပါတယ်။ ဦးသန်းလွင်ထွန်း။ ။သဘောကတော့ လွှတ်တော်တွင်း ပြင်ဆင်မှုတွေဟာ တခြားအုပ်ချုပ်ရေး မဏ္ဍိုင်ကိုပါ သွားပြီးတော့ သက်ရောက်မှုတွေ ရုတ်ချည်းဖြစ်လာနိုင်တဲ့ အနေအထားကို ကာကွယ်ဖို့အတွက် ဒါ နောက်ထပ် လွှတ်တော်အသစ်တက်လာတဲ့အချိန်ရောက်မှ အတည်ပြုပေးမယ်၊ နောက်ထပ် အစိုးရဖွဲ့စည်းနိုင်မယ့် အချိန်မျိုးမှာမှ အတည်ပြုပေးမယ်ဆိုတဲ့ သဘောမျိုးပေါ့။  သူရ ဦးရွှေမန်း။ ။အဓိက မဏ္ဍိုင်ကြီး သုံးရပ်ပေါ့။ မဏ္ဍိုင်တခုတည်းမဟုတ်ဘူး။ ဒီဥပဒေပြုရေး မဏ္ဍိုင်မှာလည်း အပြောင်းအလဲ ရှိနိုင်တယ်။ အဲဒီအတိုင်းပဲ နောက်တခါ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် ၊ မဏ္ဍိုင်ကြီး သုံးရပ်မှာ အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့ အတွက် အဲဒီလိုသာ ပြောင်းလဲသွားမယ်ဆိုရင် ဒီနေ့ နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို တမျိုး ထိခိုက်သွားနိုင်တယ်။ ဦးသန်းလွင်ထွန်း။ ။ဒီအချိန်မှာ လူထု အဓိက စိတ်ဝင်စားနေတဲ့ အချက်က ဒီ ၄၃၆ ကို ပြင်ပြီးပြီ ဆိုရင် အခုရှိနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကြီးဟာ ပြုလွယ် ပြောင်းလွယ် ပြင်ဆင်လွယ်တဲ့ ဥပဒေတရပ် ဖြစ်လာပြီ။ အဲဒီအခါကျလို့ ရှိရင် နောက်ထပ် အရေးကြီးတဲ့ အချက်အလက်၊ ဥပဒေကြောင်းအရ ပြင်ဆင်မှုတွေမှာ အားလုံးစိတ်ဝင်စားနေတာက ၅၉(စ)၊ ၅၉ (စ) ဆိုလို့ ရှိရင် ဒါကို ပြင်ဆင်မှသာ နိုင်ငံတော် အကြီးအကဲ၊ နိုင်ငံတော် အကြီးအကဲ အလောင်းအလျာဖြစ်တဲ့ ဒုတိယသမ္မတတွေကို ရွေးကောက်ပေးရမယ့် အနေအထား။ အဲတော့ အခုလာမယ့် ၄၃၆ မှာ အခု ပြင်ဆင်နေတဲ့ အကြောင်းအရာတွေကို လာမယ့် လွှတ်တော် ပထမ သက်တမ်းကျတော့မှ စတဲ့ အခါကျတော့မှ အတည်ပြုပေးရမယ်ဆိုလို့ ရှိရင်၊ အဲဒီအချိန်မှာ ၅၉ (စ) ကို မပြင်ပေးနိုင်ဘူးဆိုလို့ရှိရင် လူထု စိတ်ဝင်စားနေတဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခွင့်ဆိုတာက ဘယ်အချိန်မှာ ဖြစ်မှာလဲ။ အဲဒီတော့ ပထမလွှတ်တော်သက်တမ်းအတွင်းမှာ ဒီလို အစိုးရကို နာမည်စာရင်း မပေးခင် ကာလအတွင်းမှာ ၅၉(စ) ပြင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။  သူရ ဦးရွှေမန်း။ ။ အခု ဒီနေ့ လွှတ်တော်တွင်းမှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ပတ်သက်လို့က ၄၃၆ တခုတည်းကို ဆောင်ယူတာ မဟုတ်ဘူး။ ခုနက ပြောတဲ့ ၅၉ (စ) စသဖြင့် ပုဒ်မတွေ အများကြီး ဆောင်ယူတာ ဖြစ်ပါတယ်။ ဒါကို ဒီတပတ် လွှတ်တော်မှာ ဥပဒေကြမ်း ပြုစုပြီးတော့ အဆုံးအဖြတ် ပေးတဲ့ နေရာမှာ ၄၃၆ လည်း ပါတယ်။ ၅၉ (စ) လည်း ပါတယ်။ ဦးသန်းလွင်ထွန်း။ ။တပါတည်း ပါသွားတာပေါ့။ သူရ ဦးရွှေမန်း။ ။တပါတည်း ပါတယ်။ အဲတော့ တချို့က ပြောနေကြတယ်။ ၄၃၆ တခုပဲ အာရုံစူးစိုက် ပြင်မယ်ဆိုတဲ့အခါမှာ ၄၃၆ ပြင်လို့ မရဘူးဆိုရင် ဘာလုပ်မလဲ။ ပြင်လို့ ရခြင်း မရခြင်းက လောလောဆယ် ဖြစ်ချင်တဲ့ဆန္ဒပဲ ရှိတယ်။ ဖြစ်လာမယ် မဖြစ်လာဘူးဆိုတာက လွှတ်တော်က ခုနက မဲပေး ဆုံးဖြတ်တဲ့အခါကျမှ ပေါ်လာမှာ။ ဒါကြောင့်မို့လို့ ခုနက ပြင်ဆင်တဲ့နေရာမှာ ၄၃၆ တခုတည်း ဦးတည်ဆောင်ရွက်တယ်ဆိုပေမယ့် ကျန်တဲ့ အရေးကြီးတဲ့ ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာတွေ ပြင်ဖို့ တပါတည်း ဆောင်ရွက်နေတယ်။  ဦးသန်းလွင်ထွန်း။ ။ ဒါပေမယ့် ကျနော် နားလည်ထားသလောက်ကတော့ ၄၃၆ က အင်မတန် အရေးကြီးပါတယ်။ ၄၃၆ ကြောင့်ပဲ လွှတ်တော်ရဲ့ ဥပဒေတွေဟာ ပြင်မလွယ် ဆင်မလွယ် ပြဿနာတွေ ဖြစ်နေရတာပါ။ အထူးသဖြင့် ၇၅ ရာခိုင်နှုန်း ကိစ္စ၊ နောက်ပြီးတော့ တဆင့်ပြီးတဆင့် တင်ရမယ့် ကိစ္စတွေဟာ မဖြစ်နိုင်သလောက် ဖြစ်နေတာကိုး။ အရေးကြီးတဲ့အချက်တွေ ပြင်ဆင်ရေးဟာ မဖြစ်နိုင်သလောက် ဖြစ်နေတယ်။ အထူးသဖြင့် ဥက္ကဋ္ဌကြီးလည်း ဟိုတနေ့က ပြောခဲ့ပါတယ်။ တပ်မတော်ရဲ့အမတ်ဦးရေဟာ - ၂၅ ရာခိုင်နှုန်းသော အမတ်ဦးရေရဲ့ ထောက်ခံမဲတမဲမှ မရခဲ့ဘူးဆိုလို့ရှိရင်၊ ၄၃၆ မပြင်ပဲ ၅၉ (စ) ပြင်ဖို့ လုပ်နေတယ်ဆိုလို့ ရှိရင်၊ တပါတည်း အကုန်လုံး ဆုံးရှုံးသွားမှာပဲ မဟုတ်တော့ဘူးလား။ ဘယ်လိုလုပ် ဒီဟာတွေဟာ ပြင်ဖို့ ဖြစ်လာနိုင်မှာလဲ။ သူရ ဦးရွှေမန်း။ ။ ၄၃၆ ကလည်း ၄၃၆ အပိုင်းပဲ။ ၅၉ (စ) ကလည်း ၅၉ အပိုင်းပဲ။ ၄၃၆ ကို အောင်မြင်အောင် ဆောင်ရွက်မယ်ဆိုလို့ ရှိရင်လည်း လွှတ်တော်တွင်းမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ၇၅ ရာခိုင်နှုန်း အပါ၊ ၅၉ (စ) လည်း ၇၅ ရာခိုင်နှုန်း အပါ၊ ဒါကြောင့်မို့လို့ တပါတည်းပဲ ဆောင်ရွက်ပါတယ်။ ဒါကြောင့်မို့ ၄၃၆ တခုတည်း ဆောင်ရွက်မယ်ဆိုရင် အဲဒါ တခုတည်း ပြီးတဲ့နောက်ပိုင်းမှာ အဲဒါပြီးဖို့ ဆိုရင်လည်း Referendum (လူထု ဆန္ဒခံယူပွဲ) လုပ်ရဦးမှာ။ ၄၃၆ ကို ပြောင်းချင်တယ်။ ပြောင်းချင်တယ်ဆိုလို့ ရှိရင် အောင်မြင်သွားပြီ။ အောင်မြင်သွားတဲ့အခါမှာ Referendum လုပ်ရဦးမှာ၊ Referendum လုပ်ပြီးသွားရင် Referendum က သတ်မှတ်ထားတဲ့ ဆန္ဒမဲရတော့မှ ၄၃၆ က အတည်ဖြစ်မှာ။ အဲဒီတော့ အဲဒီ လုပ်ငန်းစဉ်နဲ့ အတူတူ တပါတည်း ဆောင်ရွက်တာ ဖြစ်ပါတယ်။  အဲဒီမှာ ခုနက မေးခွန်းနဲ့ တဆက်တည်း ပြောပါမယ်။ လွှတ်တော်များ ပြန်လည်ဖွဲ့စည်းတဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲ ပြီးလို့ လွှတ်တော်များ ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ လွှတ်တော်တွေ ပေါ်ပေါက်လာပြီ။ အဲဒီ လွှတ်တော်တွေ ပေါ်ပေါက်လာတဲ့အခါမှာ အကယ်လို့ ၅၉ (စ) ကို ပြင်နိုင်တယ်ဆိုရင် အဲဒီမှာ ပြင်ထားလိုက်တဲ့အတွက် လွှတ်တော် ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ အစိုးရဖွဲ့စည်းလိုက်တယ်ဆိုလို့ ရှိရင် အကယ်၍ အဲဒီ ပုဂ္ဂိုလ်ဟာ ခုနပြောတဲ့ ၅၉ (စ) ပြင်ထားတာနဲ့ ညီညွတ်သွားတယ်ဆိုရင် အစိုးရအဖွဲ့မှာ ထိုက်သင့်တဲ့နေရာ- ပြောမယ်ဆိုရင် ဒုတိယ သမ္မတ၊ အဲဒီကတဆင့် သမ္မတ ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်။ ဒါကြောင့်မို့ အခုလုပ်ဆောင်ချက်ဟာ ရည်မှန်းချက်ကို အတိအကျထားပြီးတဲ့အခါမှာ အောင်မြင်မယ်ဆိုလို့ ရှိရင် ၄၃၆ တင် မကဘူး ကျန်တဲ့ ဥပဒေတွေကိုပါ တခါတည်း ပြင်ဆင်ပေးပြီးတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပြီး ဖြစ်ပေါ်လာမယ့် လွှတ်တော်တွေက ဆက်စပ်ပြီးတော့ အစိုးရအဖွဲ့ ဖွဲ့စည်းတာ၊ တိုင်းဒေသကြီး အစိုးရဖွဲ့စည်းတာ၊ တိုင်းဒေသကြီး လွှတ်တော် ဖွဲ့စည်းတာ၊ တိုင်းဒေသကြီးမှာ ရှိတဲ့ တရားရေးမဏ္ဍိုင်တွေ ဖွဲ့စည်းတာ၊ ပြည်ထောင်စုမှာရှိနေတဲ့ တရားရေးမဏ္ဍိုင်နဲ့ အကျူံးဝင်အောင် လွှတ်တော်တွင်းမှာ ဆွေးနွေးနေပါတယ်။  ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ ဒါကြောင့်မို့လို့ ဥက္ကဋ္ဌကြီးက ပြီးခဲ့တဲ့ရက်က တပ်မတော်ရဲ့အခန်းကဏ္ဍနဲ့ တပ်မတော်အပေါ် သြဇာရှိတဲ့ သမ္မတကြီးရဲ့ အခန်းကဏ္ဍ၊ ဒီလို ပြုပြင်ပြောင်းလဲရေးမှာ အရေးကြီးတယ်ဆိုတဲ့အကြောင်း ထည့်သွင်းပြောဆိုသွားတာလို့ ကျနော် ယူဆပါတယ်။ အဲတော့ အဲဒီ အကြောင်းကိုမရှင်းခင်မှာ ကျနော် နည်းနည်းလေး ထပ်မေးချင်တာက ဒီအခု လက်ရှိ လွှတ်တော်ထဲမှာ ဆိုလို့ ရှိရင်လည်း ပြည်ခိုင်ဖြိုးပါတီရဲ့ အများစုပေါ့နော်။ ကျနော် မှတ်မိသလောက်ဆိုရင်တော့ ၅၄ ရာခိုင်နှုန်း ရှိမယ် ထင်ပါတယ်။ ၅၄ ရာခိုင်နှုန်းသော ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်တွေကရော အခု အများစု အထူးသဖြင့် NLD ပါတီနဲ့ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တင်ပြနေတဲ့ ၄၃၆ ပြင်ဆင်ရေး အဆိုပြုချက်တွေ အပေါ်ကို ရာနှုန်းပြည့် ထောက်ခံမှုရော ရှိရဲ့လား။ ကျနော်တို့က ဟိုဘက်က ၂၅ ရာခိုင်နှုန်းကို မဲပြီး ပြောနေကြတယ်။ ဒီ ပြည်ခိုင်ဖြိုး ပါတီရဲ့ လွှတ်တော်အမတ်တွေထဲမှာ ၅၄ ရာခိုင်နှုန်းသော အမတ်တွေထဲမှာရော ရာနှုန်းပြည့် ထောက်ခံပေးမှာရော ရှိရဲ့လား။ သူရ ဦးရွှေမန်း။ ။ ဒီနေရာမှာ ပါတီရဲ့မူဝါဒနဲ့ပဲ ပြောရပါလိမ့်မယ်။ ပါတီရဲ့မူဝါဒက ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲနိုင်ဖို့ စပြီးတော့ အဆိုပြုတယ်။ ပြီးတဲ့ အခါမှာ ဒီအဆိုကို ထောက်ခံတယ်။ ထောက်ခံတဲ့အတွက် ဒီနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲဖို့အတွက် ကော်မတီတွေဖွဲ့၊ ပြီးတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေး။ ပါတီအနေနဲ့ အဓိက ပြောမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲဖို့လိုတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ ဟိုခေတ် ဟိုအခါတုန်းက အမှန်ဆုံးလို့ ပြောနိုင်တယ်။ ဒါပေမယ့် ဒီခေတ် ဒီအခါ ကျတဲ့အခါကျတော့ ဒီခေတ် ဒီစနစ်နဲ့ လျော်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ဖို့ လိုတယ်။ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းရမယ်၊ ပြင်ရမယ်။ ဘယ်အပေါ်မှာ ပြင်ရမလဲ။ ဦးတည်ချက်က ၃ ချက်ထားတယ်။ နံပတ် ၁- ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲတဲ့အခါမှာ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပိုကောင်းလာရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲတဲ့ အခါမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ပိုကောင်းလာရမယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲတဲ့အခါမှာ ဒီနေ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ပိုမြင့်လာရမယ်။ အဲလို ဆောင်ရွက်တဲ့အခါမှာ တချို့ ထားသင့်တာ ထားဖို့လိုမယ်။ ပြင်သင့်တာ ပြင်ဖို့လိုမယ်။ ဒါကြောင့် ဆက်ပြောမယ်ဆိုရင် ၄၃၆ ပြင်ဖို့ကိစ္စကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဒီလို သဘောထား ရှိတယ်။ ကျန်တဲ့ ဥပဒေ ပြောင်းလဲသင့် ပြောင်းလဲထိုက်တဲ့ ဥပဒေတွေကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောင်းလဲဖို့ စီမံဆောင်ရွက်နေတာတွေ ရှိတယ်။ နောက် မဲပေးတဲ့ကိစ္စ အပေါ်မှာ ပါတီရဲ့ မူဝါဒတွေ အပေါ်မှာ ပါတီဝင်များ လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာရမှာ ဖြစ်ပါတယ်။ ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ပါ။ အဲ့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စတွေ ကနေပြီးတော့ တခြားအရေးကြီးတဲ့ကိစ္စလေးတခုကို ကျနော်ေ ပြာင်းချင်ပါတယ်။ ဥက္ကဋ္ဌကြီးလည်း စောစောကပြောပါတယ်။ ငြိမ်းချမ်းရေး ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စက ပြည်တွင်းမှာတင်မကဘဲ ပြည်ပ နိုင်ငံတကာကပါ အထူးတလည် စောင့်ကြည့်နေရတဲ့ ကိစ္စ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေပေါ့နော်။ဒီအပစ်အခတ်ရပ်စဲရေး ကိစ္စတွေမှာ ပြီးခဲ့တဲ့လက လွှတ်တော်တွေမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် မဖြစ်မနေ ထိုးကြဖို့ကိစ္စ နည်းနည်းလေး တုံ့နှေးနေကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကြေညာချက်ထုတ်ပြီး တိုက်တွန်းထားတာ တွေ့ရတယ်။ ဒါပေမဲ့ နိုဝင်ဘာလ ၁၉ရက်နေ့က ဖြစ်ခဲ့တဲ့ ကချင်ပြည်မှာ ဖြစ်တဲ့တိုက်ပွဲသတင်းတွေပေါ့နော်။ အထူးသဖြင့် တပ်မတော်ကနေပစ်ခတ်မှုကြောင့် ကချင်အရာရှိငယ်တွေ၊ အရာရှိလောင်းတွေ သေဆုံးရတဲ့ကိစ္စ ဒီလိုပစ်ခတ်မှုတွေမှာ နှစ်ဖက် တိုက်ခိုက်မှုပေါ့နော် ဟိုဘက်က ပစ်တာလည်း ရှိမယ်။ ဒီဘက်က ပစ်တာလည်းရှိမယ်ဆိုပေမဲ့ ဒါတွေက ငြိမ်းချမ်းရေးအတွက် အင်မတန်ကို ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတွေပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လွှတ်တော်မှာတော့ ဒီကိစ္စမျိုးကို အရေးတကြီး အဆိုတင်သွင်းပြီးတော့ တိုက်တွန်းမှုတွေ နှစ်ဖက် အစိုးရ၊ တပ်မတော်၊ တဖက်က တိုင်းရင်းသားအဖွဲ့အစည်းတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့အကြောင်းတွေ ဆွေးနွေးတာပြောဆိုတာ လွှတ်တော်ရဲ့သဘောထား ရယူတာတွေ ကျနော် မတွေ့ရဘူးခင်ဗျ။ အဲ့တော့ အဲ့တာနဲ့တဆက်တည်းပဲ ဥက္ကဋ္ဌကြီးရဲ့လမ်းညွှန်မှုနဲ့ ဒီဘက် လွှတ်တော်ထဲမှာ အပစ်အခတ် ရပ်စဲရေးကိစ္စတွေကို ဘယ်လိုများ ဆောင်ရွက်နေသလဲဆိုတာလေးကို ကျနော် သိပါရစေ။ သူရဦးရွှေမန်း။ ။ သိတဲ့အတိုင်းပဲလေ။ လွှတ်တော်ထဲမှာ ဆွေးနွေးနေတာက ငြိမ်းချမ်းရေးပါတယ်။ တခြား တိုင်းပြည်တိုးတက်ရေး ဒီမိုကရေစီရေး လူ့အခွင့်အရေးကိစ္စတွေပါ ဆွေးနွေးနေတဲ့အတွက် ခုနကိစ္စများ အကယ်လို့ပေါ့လေ လွှတ်တော်ကိုလည်း တင်ပြလာမယ်ဆိုလို့ရှိရင် စဉ်းစားပေးရမှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ အဆို ဆိုတဲ့အခါမှာလည်း လွှတ်တော်ကိုလည်း တဦးကနေပြီးတော့ အနည်းဆုံးတင်ပြပြီးတော့ သက်ဆိုင်သူတွေ ထောက်ခံမှ ဒီအဆိုကို ဆက်ဆွေးနွေးရမှာပါ။ ဒီဟာကတော့ ဒီလိုကိစ္စမျိုးတွေမှာ မကြာမကြာဖြစ်တဲ့အတွက် မကြာမကြာ လွှတ်တော်က တိုက်တွန်းဆောင်ရွက်နေပေမဲ့ ဆက်ဖြစ်နေတယ်။ လွှတ်တော်လည်း စိတ်မကောင်းပါဘူး။ ပုဂ္ဂိုလ်ရေးအရလည်း စိတ်မကောင်းပါဘူး။ သို့သော်လည်း ဒီလိုဖြစ်တဲ့ကိစ္စတွေက သူ့အကြောင်းနဲ့သူ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်အနေနဲ့ ဒီလိုပစ်ခတ် တိုက်ခိုက်မှုတွေ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ဒေသမှာ ရှိတဲ့ပြည်သူတွေအတွက် လုံးဝကို မလိုလားအပ်တာ အမှန်ပဲ။ ဒါကြောင့်လည်း မိမိတို့ လွှတ်တော်အနေနဲ့ ဥပဒေပြုရေး၊ အချင်းချင်း ပြန်လှန်ထိန်းကျောင်းရေးဆိုတဲ့ အဓိကတာဝန်အပြင် ဒီကနေ့ လွှတ်တော်မှာ ဦးစားပေးဆောင်ရွက်နေတာ ခုနက ပြောတဲ့အချက်တွေ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြီးတဲ့အခါမှာ ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေးကို အလေးထားပြီး လွှတ်တော်က ဆောင်ရွက်လျက် ရှိပါတယ်။ ဦးသန်းလွင်ထွန်း။ ။ ဥက္ကဋ္ဌကြီးအနေနဲ့က အခုလွှတ်တော်မှာ ဥက္ကဋ္ဌနဲ့ နာယကကြီး အပြင်ကို အရင်ကလည်း စစ်ဖက်ဆိုင်ရာမှာ အဆင့်အမြင့်ဆုံး ရာထူးယူခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ အပစ်အခတ်ရပ်စဲရေးကိစ္စတွေမှာ ဥက္ကဋ္ဌကြီးရဲ့ သဘောထား ဘယ်လိုရှိပါသလဲ။ ဘာကြောင့်များ ဒီလိုတုံ့နှေးမှုတွေ ဘာကြောင့်များ ဒီလိုမပြေလည်မှုလေးတွေ ရှိနေတာလည်း ဆိုတာအပြင်ကို တကယ်လို့များ ဥက္ကဋ္ဌကြီးအနေနဲ့ ဒီအခြေအနေတွေကို ထဲထဲဝင်ဝင်ဦးဆောင်ရမယ့် အနေအထား ရောက်လာပြီ ဆိုလို့ရှိရင် ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်ချင်သလဲ သိချင်ပါတယ်။ သူရဦးရွှေမန်း။ ။ အသေးစိတ်တော့ မပြော-နိုင်ဘူး ပေါ့လေ။ ခုနက ဒါနဲ့ပတ်သက်လို့ အရင်လည်း အတွေ့အကြုံရှိခဲ့တဲ့အတွက် တချို့ကိစ္စတွေမှာ ဒီ့ထက်တော့ ပိုပြီး စွမ်းဆောင်နိုင်မယ်လို့ထင်တယ်။ ဒါ ကိုယ့်အထင်ပေါ့။ သို့သော်လည်း အဖြေရှိပေမဲ့လို့ တကယ်လက်တွေ့ကျတဲ့အခါကျတော့ လုပ်ဆောင်ချက်ကပဲ အဖြေပေးမှာပါ။ ဒါပေမဲ့ စိတ်ထဲမှာတော့ ရှိပါတယ်။ သို့ရာတွင် စိတ်ထဲရှိပေမဲ့လို့ ခုနက ပြောသလိုပေါ့ လုပ်နိုင်ခွင့်နဲ့ လုပ်ကိုင်နိုင်တဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ အောင်မြင်မှုအခြေအနေကတော့ လုပ်ပြီးမှ ပြောလို့ရတဲ့အနေအထားရှိပါတယ်။ ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အဲ့တော့ စောစောကမေးခွန်းကိုပဲ ပြန်ထပ်ဆက်ရမယ့် ဆိုရင်တော့ ဘာလဲဆိုတော့ ဒီမေးခွန်းမေးတဲ့အတွက် တချို့လည်း စိတ်အနှောင့်အယှက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခု ကချင်ကိစ္စမှာ အခုနောက်ဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှာဆိုလို့ရှိရင် လွှတ်တော်ထဲမှာ ဥက္ကဋ္ဌကြီးပြောသလို အဆိုတင်သွင်းလာသူရှိလာမယ်ဆိုရင် စဉ်းစားဆုံးဖြတ်ပြီးတော့ အဆိုပြုချက်တင်တာရှိနိုင်တယ် ဒါမှမဟုတ် အကြံပြုချက်တွေ ကြေညာချက်တွေ ထုတ်လာနိုင်တာတွေ ရှိတယ်။ ဒါပေမဲ့လည်း တင်တဲ့သူမရှိဘူး။ ဒါ တခြားအကြောင်းတွေနဲ့ အလုပ်များနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးအောင်သောင်းကိစ္စမှာဆိုရင် ဒါ အမေရိကန်ကနေပြီးတော့ Blacklist အမည်မည်းစာရင်းသွင်းပြီးတော့ ဒဏ်ခတ်လိုက်တဲ့ကိစ္စမှာ ဒါကို လွှတ်တော်မှာ အရေးတကြီး အဆိုတင်သွင်းပြီးတော့ တထိုင်တည်းမှာပဲ အားလုံး ကန့်ကွက်လိုက်ကြတယ်ဆိုတဲ့ကိစ္စမျိုးကျတော့ ဟို ကျနော်တို့ အပြင်အမြင်အရ ပြောရမယ်ဆိုလို့ရှိရင် ဒီလိုအမည်မည်းစာရင်း သွင်းခံထားရတဲ့သူတွေ ဆိုတာက လွှတ်တော်ထဲမှာပဲ ရှိနေတာပဲ။ နဂိုကတည်းကလည်း ရှိနေတယ်။ အလားတူပဲ အစိုးရအဖွဲ့တွေမှာလည်း ရှိနေကြတာပဲ။ ဒါပေမဲ့ ဦးအောင်သောင်းကို အခုလို လွှတ်တော်သက်တမ်းကာလမှာ အမည်မည်းစာရင်း အမည်တင်သွင်းခံရတယ်ဆိုပြီး လွှတ်တော်ကနေ အရေးတကြီး အဆိုတင်သွင်းပြီးတော့ ကန့်ကွက်လိုက်ကြတယ်ဆိုတော့ တကယ်တမ်းဖြစ်သင့်တာက ဘာကြောင့် ဒီလို ဗမာပြည်ရဲ့ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေတဲ့ အချိန်မှာ တဖက်ဖက်ရဲ့ နားလည် လွဲမှားမှုပဲ ဖြစ်မလား၊ ဒါမှမဟုတ် အမှန်တကယ် အချက်အလက်တွေ ပါသလားဆိုတာ လွှတ်တော်အနေနဲ့ စုံစမ်း ကြားနာမှု စုံစမ်းစစ်ဆေးမှု တခုခု မလုပ်သင့်ဘူးလား။ ဒါကို တခဲနက် ကန့်ကွက်လိုက်ကြတယ်ဆိုတာထက် ဘာကြောင့်လဲဆိုတော့ ဥက္ကဋ္ဌကြီးက ဒီကိစ္စတွေမှာ အခုလွှတ်တော်ထဲမှာ ဦးစီးပြီးတော့ ဆောင်ရွက်ပေးနေတဲ့သူမို့လို့ ကျနော်မေးတာပါ။ သူရဦးရွှေမန်း။ ။ မှန်ပါတယ်။ ဒီကိစ္စဟာ အချုပ်အခြာအာဏာပိုင်တဲ့ မြန်မာနိုင်ငံ။ အဲ့ မြန်မာနိုင်ငံထဲကမှ လွှတ်တော်ကိုယ်စားလှယ်။ လွှတ်တော် ကိုယ်စားလှယ်ထဲကမှ ကော်မတီဥက္ကဋ္ဌ။ အဲ့ သူ့ကို ဒီလိုဆောင်ရွက်လိုက်တဲ့ကိစ္စမှာ ဘာကြောင်းတွေဆိုတာ လွှတ်တော်က စုံစမ်းစရာအကြောင်းမရှိဘူး။ ဒါ လွှတ်တော်ရဲ့လုပ်ငန်းလည်း မဟုတ်ဘူး။ သို့သော် မြန်မာနိုင်ငံသားတစ်ယောက် လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်ကော်မတီဥက္ကဋ္ဌ တစ်ယောက် အမေရိကန်နိုင်ငံက ဒီလို၊ အမေရိကန်နိုင်ငံ သက်ဆိုင်ရာ အဖွဲ့အစည်းက ဒီလိုလုပ်လိုက်တဲ့အခါမှာ အချုပ်အခြာအာဏာနဲ့ လွှတ်တော်ကို တနည်းမဟုတ် တနည်း ထိခိုက်နိုင်တယ်လို့ ယူဆတယ်။ အဲ့လိုယူဆတဲ့အတွက် အဲ့လိုဟာကို လွှတ်တော်က ကန့်ကွက်တယ်။ အဲ့လိုပဲ ဒီလိုဖြစ်အောင် သတင်း ပေးသူကိုလည်း ရှုတ်ချတယ်။ ဒါသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ အခွင့်အရေး၊ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့အခွင့်အရေးကို မြန်မာနိုင်ငံမှာရှိတဲ့ လွှတ်တော်က ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ အဲ့သလိုဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ကောင်းလာမယ့်အခြေအနေမျိုးမှာ ဒီလိုလုပ်လိုက်တဲ့အတွက် အမေရိကန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးထိခိုက်မှာလည်း စိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ကန့်ကွက်တယ် ရှုတ်ချတယ်ဆိုတဲ့နေရာမှာ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မှာစိုးတယ်ဆိုတာလည်း ဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အဲ့လိုပဲ ထိထိရောက်ရောက် တန်ပြန်ဆောင်ရွက်တယ်လို့လည်း ပြောလို့ရပါတယ်။ အမှန်ကတော့ မြန်မာနိုင်ငံ အချုပ်အခြာ အာဏာကို မိမိတို့ မြန်မာနိုင်ငံသားတွေက အချုပ် အခြာအာဏာကို စောင့်ထိန်းပေးဖို့ လွှတ်တော်က ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဦးအောင်သောင်းဆိုတာနဲ့ မဟုတ်ပါဘူး။ မည်သည့်လွှတ်တော်ကိုယ်စားလှယ်မဆို မည်သည့်နိုင်ငံသားမဆို ဒါကြောင့် မိမိရဲ့ အချုပ်အခြာ အာဏာပိုင်အတွင်းမှာ ဒီလိုဖြစ်ပေါ်လာတဲ့ကိစ္စကိုတော့ မိမိတို့အနေနဲ့ ဘယ်တုန်းကမှ လက်ခံခဲ့တာမရှိပါဘူး။ ဦးသန်းလွင်ထွန်း။ ။ အဲ့တော့ ဒီပုံစံဆိုလို့ရှိရင် လွှတ်တော်ထဲမှာပဲ ရှိတဲ့ တခြား လွှတ်တော် ကိုယ်စားလှယ်တွေရှိပါသေးတယ်။ အမည်တွေတော့ ကျနော်လည်း အတိအကျ မမှတ်မိဘူးပေါ့။ ခေါင်းထဲ ချက်ခြင်း ထွက်လာတာဆိုလို့ရှိရင်တော့ ဦးခင်ရွှေတို့လိုရှိလိမ့်မယ်လေ။ သူတို့ဆိုလို့ရှိရင် အမည်မည်းစာရင်း တင်သွင်းခံထားရတာပဲ။ သူရဦးရွှေမန်း။ ။ ဘယ်သူလဲ။ ဘယ်သူလဲ။ ဦးသန်းလွင်ထွန်း။ ။ ဦးခင်ရွှေတို့။ သူရဦးရွှေမန်း။ ။ ဟုတ်ပြီ။ ဦးသန်းလွင်ထွန်း။ ။ အမည်မည်းစာရင်း တင်သွင်းခံထားရတဲ့သူတွေကို ဒါဆိုလို့ရှိရင်တော့ လွှတ်တော်ထဲနေပြီးတော့ ဒီကိစ္စတွေကို နောက်ဆက်တွဲ ကြားရမယ့် ပုံစံမျိုး ရှိနေတာပေါ့။ သူရဦးရွှေမန်း။ ။ မဆိုင်ပါဘူး။ အခုဟာကျတော့ သူတို့ရှိရင်ရှိနေမယ်။ ဦးအောင်သောင်းဆိုတဲ့သူတယောက်ကိုပဲ ကန့်ကွက်တယ်။ ပြီးတဲ့အခါမှာ ထုတ်ပြန်ကြေညာလိုက်တယ်။ ထုတ်ပြန်ကြေညာတဲ့အခါမှာ ထုတ်ပြန်ကြေညာချက်ကို ကြည့်မယ်ဆိုလို့ရှိရင် တော်တော်လေး ဆိုးဝါးပါတယ်။ နော်။ ဦးအောင်သောင်းကို ထိခိုက်တာထက် အဖွဲ့အစည်းကိုလည်း ထိခိုက်တယ်။ ပြီးတဲ့အခါမှာ လွှတ်တော်လည်း ထိခိုက်တယ်။ အဲ့ဒီ့ဟာသည် ထုတ်ပြန်ကြေညာချက်လေး သပ်သပ်မဟုတ်ဘဲနဲ့ အဲဒီကနေ အကြောင်းကြားစာအရ အခုလိုဆိုးဆိုးဝါးဝါးဖြစ်သွားတဲ့ သဘောရှိပါတယ်။ ဦးသန်းလွင်ထွန်း။ ။ ကျေးဇူးတင်ပါတယ်။ အဲဒီတော့ ဥက္ကဋ္ဌကြီးရဲ့ အခုလက်ရှိလုပ်ငန်းတွေအပြင်ပေါ့နော် လာမယ့် ရွေးကောက်ပွဲတွေလည်း နီးလာပါပြီ။ ရွေးကောက်ပွဲတွေမှာ ဥက္ကဋ္ဌကြီးအနေနဲ့ ပြည်ခိုင်ဖြိုးပါတီကို ပြန်လည် ဦးဆောင်ပြီးတော့ ရွေးကောက်ပွဲတွေ အပြီးမှာ ပြန်လည် ဦးဆောင်ရမှာပါပဲ။ အဲဒီအခါကျလို့ ရှိရင် ဥက္ကဋ္ဌကြီး နဂိုပြောကြားထားချက်အတိုင်းပါပဲ ရည်မှန်းချက် အနေနဲ့ နိုင်ငံတော် အကြီးအကဲ၊ သမ္မတအနေနဲ့ ရည်မှန်းချက် အနေနဲ့လည်း ဥက္ကဋ္ဌကြီး နေနဲ့ ပြေကြားထားပြီးသားပါ။ …ဆိုတော့ အဲဒီကိစ္စတွေမှာဆိုရင် တဖက်မှာဆိုရင်လည်း အနီးစပ်ဆုံး ပြောရမယ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် တို့လို ပုဂ္ဂိုလ်မျိုးတွေကလည်း နိုင်ငံတော် အကြီးအကဲ အဖြစ်မျိုးကို လိုချင်ပါတယ်။ လုပ်ဆောင်လိုတာမျိုးတွေကို ပြောကြားထားတွေရှိနေတော့ အခုလက်ရှိအချိန် ဖွဲ့စည်းပုံအရ ပြောမယ်ဆိုလို့ရှိရင် ဒုတိယသမ္မတတွေအဖြစ်ကို အရင်ဆုံး အမည်တင်သွင်းခံရဖို့ လုပ်ကြရမှာပေါ့။ လုပ်ကြရဖို့ဆိုရင် တပ်မတော်က တယောက် ရှိမယ်၊ တိုင်းရင်းသားတွေထဲက တယောက်ရှိမယ် ဆိုလို့ ရှိရင် ဥက္ကဋ္ဌကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က နောက်ထပ် ကျန်နေတဲ့တနေရာ ဒုတိယသမ္မတနာမည် တင်သွင်းခံရဖို့အရေးကို အပြိုင်အဆိုင်၊ တကယ်လို့ ပုဒ်မ ၅၉ (စ) ကို ပြင်ခဲ့တယ်ဆိုရင်ပေါ့ အပြိုင်အဆိုင် ကြိုးပမ်းကြရမယ့်ပုံ ရှိပါတယ်။ အဲဒီအတွက် ဥက္ကဋ္ဌကြီး နေနဲ့ ဘယ်လို သဘောရှိပါသလဲခင်ဗျ။ သူရ ဦးရွှေမန်း။ ။ ဘယ်လို သဘောရှိသလဲဆိုရင် ပြိုင်ဆိုင်ဖို့အတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြိုင်ဆိုင်မယ်။ ကျန်တဲ့ တခြားသူ ရှိမယ်ဆိုရင်လည်း ပြိုင်ဆိုင်မယ်။ ဒါက အခွင့်အရေးပါပဲ။ ပြိုင်ဆိုင်မှုအတွက် မိမိတို့ လိုလားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောမယ်ဆိုရင်လည်း အခု ပါတီချင်းပြိုင်ဆိုင်နေတာပဲ။ လူချင်းလည်း ပြိုင်ဆိုင်နေတယ်။ အဲဒီလို ပြိုင်ဆိုင်ဖို့အတွက် ဒီလို ရှိတဲ့နေရာမှာ တယောက်နဲ့တယောက် ရန်သူလို သဘောထား ဆောင်ရွက်မယ့်အချိန်လည်း မဟုတ်ဘူး။ ဟိုတုန်းကလို ပါတီချင်းအနေနဲ့လည်း အပြုတ်တိုက်ဖို့ အပြတ်ရှင်းတဲ့အချိန်လည်း မဟုတ်ဘူး။ ဒီဟာသည် ခေတ်စနစ်နဲ့ ပေါ်ပေါက်လာတဲ့ကိစ္စ ဖြစ်တယ်။ ပြိုင်ဆိုင်မှုအတွက် လိုလားတယ်။ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်တယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ခင်ခင်မင်မင်နေပြီးတော့ ဆောင်ရွက်တဲ့ နေရာမယ် နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် အားလုံး ပူးပေါင်း ဆောင်ရွက်မယ်။ သို့သော် ရွေးကောက်ပွဲဆိုရင် ပြိုင်မယ်။ အနိုင်ရအောင်။ အဲဒီအတိုင်းပဲ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်လာမယ့်ကိစ္စလည်း ပြိုင်မယ်။ ကောင်းသော ယှဉ်ပြိုင်ခြင်း၊ တရားသော ယှဉ်ပြိုင်ခြင်းအတွက် နှစ်ယောက်လုံးက သဘောတူပါတယ်။ VOA

အမေပေးသော နှလုံးသား

***************** သားသမီးတိုင်းအတွက် မိခင်ဟာ တန်ဖိုးသိပ်ကြီးလွန်းလို့ ဘယ်အရာနဲ့ မှ နှိုင်းလို့ မရပါဘူး။ မိခင်ဟာ အနီးကပ်နေရတဲ့သူ ဖြစ်တဲ့အတွက် ကိုယ် နှုတ် နှလုံး သုံးပါးကို သင်ကြားပြသပေးတဲ့ အိမ်တွင်း ယဉ်ကျေးမှု သင်တန်းကြီးပါပဲ။ သူမရဲ့ တစ်နေတာဟာ သားတွေ သမီးတွေရဲ့ ဝေယျဝေစ္စနဲ့ ပဲ ကုန်ဆုံးသွားတာပါ။ သား၊သမီးတွေရှိတဲ့ အိမ်က လေးဟာ သူ့ မအတွက် ပျော်စရာအကောင်းဆုံးကမ္ဘာလို့ လည်း မှတ်ယူထားသူပါ။ သတ္တ၀ါတိုင်းကို ချစ်တတ် ခင်တတ်အောင်၊ ရိုးရာယဉ်ကျေးမှုတွေကို တန်ဖိုးထားတတ်အောင်၊ ဘာသာတရားကို ရိုသေ ကိုင်းရှိုင်းတတ်အောင်၊ လူကြီးသူမတွေကို ဂါရဝေါစတရား ထားတတ်အောင်၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်အောင် စတဲ့ ချစ်ခြင်းတရားတွေ အများကြီးကို နှလုံးသားတစ်ခုအသွင် ဖန်ဆင်းပြီး မိမိ သား၊သမီးတွေရဲ့ ရင်ထဲကို ထည့်ပေးခဲ့တာပါ။ မိမိရဲ့ ချစ်ခြင်းတရားတွေနဲ့ ပတ်ဝန်းကျင်ကို ဖန်ဆင်းတတ်ဖို့ ၊ ချစ်ခြင်းတရားတွေနဲ့  အသက်ရှင်တတ်ဖို့ လည်း မိခင်ကပဲ အဓိက သင်ကြားပေးပါတယ်။ မုန်းအောင်မနေနဲ့  ချစ်အောင်နေဖို့ ကိုလည်း ဆုံးမ သွန်သင်ပေးပါတယ်။ ဘ၀ရဲ့ဆင်းရဲမှု၊ ပင်ပန်းမှု နဲ့ အခက်အခဲတွေ အားလုံးကိုလည်း အမေ့ရင်ခွင်က ချေဖျက်ပြစ်လိုက်နိုင်ပါတယ်။ ခွန်အားတွေနဲ့ ပြည့်နှက်နေတဲ့ အမေ့ရင်ခွင်ဟာ ရင်သွေးငယ်လေးတွေအတွက် အေးချမ်းတဲ့ကမ္ဘာကြီးပါ။ သား၊သမီးတွေရဲ့ အလိုဆန္ဒတွေကို စကားပြောစရာမလိုပဲ အလိုလို အသိနိုင်ဆုံးသော သူဟာ မိခင်ပါ။ သား၊သမီးတွေဟာ သူမရဲ့အစိတ်အပိုင်း လေး တွေအဖြစ် မှတ်ယူထားတဲ့သူပါ။ ဒါကြောင့်လည်း မိခင်ဟာ ကမ္ဘာပေါ်မှာမထင် ရှားပေမယ့် သား၊သမီးတွေရဲ့ရင်ထဲမှာ အခမ်းနားဆုံး ဖန်ဆင်းရှင်တစ်ဦး ဖြစ်ခဲ့တာပါ။ အမေပေးတဲ့ နှလုံးသားတစ်စုံဟာ ဘယ်လောက် မာကျောတဲ့ ကျောက်ဆောင်၊ ကျောက်သွားတွေပဲ ဖြစ်ဖြစ် ဖြိုချဖျက်ဆီးနိုင်လောက်အောင်ကို စွမ်းအားကြီးပါတယ်။ ဒီနှလုံးသားနဲ့ ပဲ လောကကြီးကို အလှဆင်နိုင်ပါတယ်။ သတ္တ၀ါအားလုံးကိုလည်း နွေးထွေးမှုတွေ ပေးနိုင်ပါတယ်။ အမေ့ရင်တွင်းက ပြောတဲ့ စကားကိုလည်း အလိုလို သိရှိနားလည်နိုင်တဲ့ တစ်ခုတည်းသော ဘာသာပြန်ကိရိယာဟာ အမေပေးတဲ့ နှလုံးသား တစ်စုံပါ။ True Man

သတင်းသမားများအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအား အရေးမယူ ပစ်ထားခြင်းများ အဆုံးသတ်ရေးဆိုင်ရာ နိုင်ငံတကာနေ့တွင် ခွင့်ပြုချက်တင်၍ ဆူးလေစေတီ၌ဆုတောင်းသော သတင်းသမားများကို ပုဒ်မ ၁၉ ဖြင့် သက်ဆိုင်ရာက အမှုဖွင့်

Saturday, November 22, 2014 ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်တွင် မီဒီယာဖိနှိပ်ချုပ်ချုယ်မှု ရပ်တန့်ပေးရေးနှင့် သတင်းသမားများ မတရားသဖြင့် အရေးယူမခံရရေးအတွက် ခွင့်ပြုချက်တင်၍ ဆူးလေဘုရားတွင် ဆုတောင်းခဲ့သော သတင်းသမားများအား ကျောက်တံတားမြို့မရဲစခန်းမှ ပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။ “ယခုလအတွင်း ဆူးလေစေတီမှ ဆုတောင်းပွဲပြုလုပ်ခဲ့သူတွေကို ပုဒ်မ ၁၉ နှင့် အမှုဖွင့်ထားတာ ဟုတ်ပါတယ်။ အမှုကိုတော့ ကျောက်တံတားရဲစခန်းကပဲ မနေ့ကဖွင့်ခဲ့တာ ဖြစ်မယ်ထင်တယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကြည်က နိုဝင်ဘာ ၂၁ ရက်တွင် The Daily Eleven သတင်းစာသို့ ဖြေကြားခဲ့သည်။ အဆိုပါဆုတောင်းပွဲကို နိုဝင်ဘာ ၂ ရက်တွင် ကျရောက်သည့် International Day To End Impunity (သတင်းသမားများအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအား အရေးမယူပစ်ထားခြင်းများ အဆုံးသတ်ရေးဆိုင်ရာ နိုင်ငံတကာနေ့တွင်) သတင်းသမားများအားလုံးအတွက် ပြည်တွင်းဂျာနယ်လစ်များနှင့် တက်ကြွလှုပ်ရှားသူ ၁၅၀ ခန့်က တီရှပ်အဖြူများ တူညီစွာဝတ်ဆင်၍ အော်ဟစ်ဆန္ဒထုတ်ဖော်ခြင်းမရှိဘဲ ဂျာနယ်လစ်များနှင့် တက်ကြွလှုပ်ရှားသူ ၁၅၀ ခန့်သည် သတင်းမီဒီယာအပေါ် ဖိနှိပ်မှု၊ ရာဇ၀တ်မှုများ ကျူးလွန်မှုများအတွက် တီရှပ်အဖြူများ တူညီစွာဝတ်ဆင်ကြပြီး ဆူးလေစေတီ တစ်ပတ်လှည့်လည်ကာ ဘုရားပေါ်တွင် ဆုတောင်းဝတ်ပြုခဲ့ကြခြင်းဖြစ်သည်။ “သတင်းထောက်တွေအများကြီး အသတ်ခံရတဲ့ နိုင်ငံတကာနေ့မှာ အစ်မတို့ သတင်းသမားတွေအနေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ သတင်းထောက်တွေ ပူပင်ဒုက္ခတွေ ကင်းဝေးအောင်လို့ ဘုရားမှာ ဆုတောင်းမေတ္တာပို့တာပါ။ မြန်မာနိုင်ငံမှာလည်း သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံနေရတယ်။ ဖမ်းဆီးထောင်ချခံရတဲ့ သတင်းထောက်မိသားစုဝင်တွေလည်း ပူဆွေးသောကရောက်ကြတယ်။ ဒီလိုအနေအထားတွေမှာ တရားဥပဒေဆိုတဲ့ အရာကလည်း မျှတတဲ့အနေအထားတွေ မရှိလာတဲ့အတွက် ယုံကြည်မှုတွေ မဲ့လာတယ်။ အခုလည်း ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒီလိုအခက်အခဲတွေရှိရင် ဘုရားမှလွဲပြီး ကိုးကွယ်ရာမရှိတဲ့အတွက် ဘုရားမှာဆုတောင်းတာကို တရားစွဲတယ်ဆိုတော့လည်း။ ထုံးစံအတိုင်း သတင်းထောက်တွေမို့လို့ အရေးယူတယ်လို့ ထင်မြင်မိပါတယ်” ဟု သမဂ္ဂသတင်းဂျာနယ်မှ သတင်းထောက်ချုပ် မရွှေမှုန်က ဆိုသည်။ ဆုတောင်းပွဲပြုလုပ်ရန်အတွက် သတင်းသမားများက သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်တောင်းခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး မှတ်ချက်ဟုဆိုကာ မလျှောက်ထားသည့် တာမွေမြို့နယ်ရှိ ဟစ်တိုင်နေရာသာပေးခဲ့၍ သတင်းထောက်များမှ ဘုရားဝတ်ပြု ဆုတောင်းခြင်းသာ ပြုလုပ်မည်ဖြစ်သောကြောင့် မြို့တော်ခန်းမရှေ့၌သာ ခွင့်ပြုပေးရန် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်းမရှိကြောင်း သိရသည်။  Eleven Media Group

၂၀၁၅ အကြို နိုင်ငံရေး အပေးအယူများ

Saturday, November 22, 2014 ရန်ကုန် (မဇ္ဈိမ)။ ။ မျက်မှောက် မြန်မာ့နိုင်ငံရေးအတွင်း ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာသည် စိတ်လှုပ်ရှားဖွယ်ရာများ သတင်းစကားများဖြင့် ပြည့်နှက်နေသော လဖြစ်သည်။ ပီအာရ်ကို ပြည်သူ့လွှတ်တော်တွင် မကျင့်သုံးရန် ဆုံးဖြတ်လိုက်သည်။ဖွဲ့စည်းပုံပြင်ဆင်ရေး အသံကျယ်လောင် နေချိန်တွင် ၂၀၁၅ အလွန် ရောက်မှ အတည်ပြုမည်ဟု ဆိုလာသည်။ ဆွေးနွေးခွင့်ပြုထားသည့် ပီအာရ်၊ ဆွေးနွေးဆဲ ပီအာရ်ကို အခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ မည်သည့်အချိန် ပေးပို့ မေးမြန်းသည်ကို မသိခဲ့ရဘဲ ဖွဲ့စည်းပုံနှင့် မညီဟု ဆိုလိုက်ခြင်းဖြင့် ၁၁၄ ရက် ကြာ ငြင်းခုံမှုများ အဆုံးသတ်သွားသည်။ ထို့အတူ စာတစ်တန်ပေတစ်တန်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ထုတ်ပြန် အသိပေးထားသော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလို ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းအဆုံးသတ်ရန် ညွှန် ကြားချက်ပျက်ပြယ်ပြန်သည်။ ဆွေးနွေးမှုများကို နိုဝင်ဘာ ၂၅ ရက်အပြီးသတ်ရန်၊ လူထု ဆန္ဒခံယူခြင်းကို ၂၀၁၅ မေလ နောက်ဆုံးထား ဆောင်ရွက်ရန်နှင့် အတည်ပြု ရန်ကိုမူ အထွေထွေရွေးကောက်ပွဲပြီးမှ လုပ် မည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ လွှတ်တော်တွင်း ပြောဆိုခြင်းမဟုတ်ဘဲ မီဒီယာတို့ မှ တစ်ဆင့်ဖြစ်၏။ “ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာတဲ့ အဖြေပေါ် မူတည်ပြီးမှ ဆောင်ရွက်ရမှာ”ဟု နိုဝင်ဘာ ၁၈ ရက်တွင်ပြောကာ ဖွဲ့ စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ် အချိန်ဇယားကို ရုတ်ခြည်း ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ထိုသူကား တပ်မတော်အစိုးရ လက်ထက် နံပါတ်-၃ ခေါင်းဆောင်ဟု လူသိများသူလက်ရှိ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းပင်။ လွှတ်တော်တို့၏ ကနဦးကာလလက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ယူစဉ် အလားတူ ဦးဆောင်ဆုံး ဖြတ်သည်ကို အမတ်တို့ ငြိမ်မခံခဲ့ကြ။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ အတွင်း ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်တစ်ခုကို ထိုအချိန်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် သူရဦးရွှေမန်း၏ အမတ်တို့က ပြင်းထန်စွာ ကန့်ကွက်ကြ သည်။ လွှတ်တော်က ပြဋ္ဌာန်းပြီးသောဥပဒေများ သမ္မတထံ မပို့မီအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ပေးပို့စိစစ် မည်ကို ဦးခင်အောင်မြင့်က အသိပေးရုံသာ ပေး၍ဖြစ်သည်။ ထို့နောက်တွင် ပြည်သူ့လွှတ်တော်က ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း၊ အမျိုး သား လွှတ်တော်ကအတည်ပြုကြောင်း အပြန်အလှန်ဆွေးနွေးကြပြီး “လွှတ်တော် နှစ်ရပ်စစ်ခင်းရင် ခင်းရပါေ” ဟူ၍ပင် အမတ်တို့အကြားကြုံးဝါးသည်အထိ ပဋိပက္ခ ပြင်းထန်ပါသည်။ ဗိုလ်ချုပ်အဆင့် တာဝန်ထမ်းဖူးသူ ဦးခင်အောင်မြင့်က အောက်တိုဘာ ၂၈ ရက် ပြည်ထောင်စုလွှတ်တော်၌ ကော်မရှင်ဖွဲ့စစ်ဆေးနိုင်ပြီး မှားယွင်းပါက အပြစ်ခံမည်ဟုဆိုမှ ပြေလည်သည်။ ထို့နောက် သုံးနှစ်ကျော်အကြာတွင် တပ်မတော်၌ ဗိုလ်ချုပ်ကြီးအဆင့်တာဝန် ထမ်းဖူးသူ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ အသိပေးချက်ဖြင့် နိဋ္ဌိတံသွားသော ပီအာရ်၊ မီဒီယာမှ တစ်ဆင့် ပြင် ဆင်ပြောဆိုသော ဖွဲ့စည်းပုံပြင်ရေးလမ်းညွှန်ချက်အသစ်တို့တွင်မူ မည်သူမျှ စောဒကမတက်ကြ။ သူသည် လွှတ်တော်အတွင်း အင်အားအကြီးဆုံး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ပီအာရ်အရေးတွင် အတိုက်အခံထောက်ခံမှုကို ပါးနပ်စွာရယူခြင်းဖြင့် ဆန့်ကျင်မှုများကို ရှောင်လွှဲနိုင်ခဲ့သည်ဟု သုံးသပ်သူတို့ ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူရဦးရွှေမန်း၏ ဖွဲ့စည်းပုံအရေး ပြောဆိုချက်သည် လုပ်ငန်းစဉ်သာဖြစ် ၍ လက်ခံသည်ဟု ပြောထားသည်။ သို့ သော် နာယက၏ အစီအမံသည် ဥပဒေကြောင်းအရ လွဲမှားသော လုပ်ငန်းစဉ် ဖြစ်နေ၍ နှုတ်ဆိတ်မနေသင့်ဟု ဝေဖန်သူတို့လည်း ရှိသည်။ ဆွေးနွေးမှုများအဆုံးသတ်ရမည့် ရက်သတ်မှတ်ခြင်းသည် သဘာဝကျသော်လည်း မဲပင်ပေးခွင့်မရှိသည့် နာယကက လူထုဆန္ဒခံယူပွဲပြုလုပ်မည့် အချိန်နှင့်ရှေ့လုပ်ငန်းစဉ်တို့ကို တစ်ပါတည်း ဆုံးဖြတ်ထားခြင်း မှာမူ ဥပဒေနှင့် မညီဟု NLD ဥပဒေအကြံပေးအဖြစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟောပြောမှု များလိုက်ပါ ဆောင်ရွက်ဖူးသူ ရှေ့နေဦးကိုနီ က ပြောသည်။ “ဘာတွေဆုံးဖြတ်မယ် ဆိုတာကို ကြိုသိနေသလား”ဟု ၎င်းင်းက မေးခွန်းထုတ်သည်။ NLD အပါအ၀င် မေးမြန်းမိသည့် အရေအတွက် အတန်ငယ်များသော အမတ်တို့က နာယကကို မဝေဖန်ေ သော်လည်း လုပ်ငန်းစဉ်အသစ်ကို တရားဝင် အသိမပေးသေးဟု ပြောသည်။ “လွှတ်တော်အတွင်းမှာပြောရမယ့် စကားကို ဘာကြောင့်သတင်းစာရှင်းပွဲ လုပ်သလဲ။ ပြင်ပမှာ ပြောခြင်းသည် နာယကတစ်ဦးအနေနဲ့ပဲ ဖြစ်နိုင်တယ်။ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌအနေနဲ့ ပြောတာလည်း ဖြစ်နိုင်တယ်။ ပုဂ္ဂလိကအနေနဲ့ ပြောတာ ဖြစ်နိုင်တာပေါ့””ဟု အမျိုး သားလွှတ်တော်အမတ် ဒေါက်တာ အေးမောင်က သုံးသပ်သည်။ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ သဘောတူညီချက် တစ်စုံတစ် ရာရှိပြီးဖြစ်သည်ဟု ယူဆသူတို့လည်းရှိသည်။ “အကြမ်းဖျင်း သဘောတူညီမှုတစ်ခု ယူထားတယ်လို့ နား လည်ထားတယ်”ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဥက္ကဋ္ဌ ဦးမြတ်သူက ဆိုသည်။ လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်ဖြစ်လာမည့် ပါတီကြီးနှစ်ခု၏ ဥက္ကဋ္ဌများက သမ္မ တ ဖြစ်လိုကြောင်းလည်း အကြိမ်ကြိမ်ထုတ်ပြော ထားသည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည်မှာမူလက် ရှိဖွဲ့စည်းပုံပါ သမ္မတ အရည်အချင်း သတ်မှတ်ချက်အရ ဖြစ်နိုင်ခြေ လုံးဝမရှိ။ ထိုအချိန်တွင် ဖွဲ့စည်းပုံပြင်ဆင်မှု အတည်ပြုရေးရက် ရွှေ့မည်ဟုပြောသော သူရဦးရွှေမန်းက ၂၀၁၅ အလွန် သမ္မတဖြစ်ရေးမျှော်လင့်သည်ဟု ထပ်မံပြောဆိုသည်။ လုပ်ငန်းစဉ်ထောက်ခံပါ သည်ဆိုသော ဒေါ်အောင်ဆန်းစုကြည် ကမူသမ္မတဖြစ်ခွင့်အလားအလာအပေါ် မှတ်ချက်မပြုသေး။ ၎င်းတို့ နှစ်ဦးအကြား ဖွဲ့စည်းပုံပြင် ရေးနှင့် ပီအာရ်စနစ်စွန့်လွှတ်ရေးတို့တွင် အပေးအယူရှိပြီးဖြစ်သည်ဟု သုံးသပ်သူ တို့လည်း ရှိသည်။ အချိုးကျကိုယ်စားပြု စနစ် ပီအာရ်ကို မပြောင်းလဲဘဲ မဲဆန္ဒနယ်အလိုက် မဲ အများဆုံးသူ အနိုင်ရစနစ် ဆက်လက် ကျင့်သုံးခြင်းဖြင့် NLDက လွှတ်တော်အတွင်း အင်အားကြီး ပါတီ ဖြစ်လာနိုင်ခြေရှိသည်ဟု သုံးသပ်သူတို့က ဆိုကြသည်။ ထို့ကြောင့် သူရဦးရွှေမန်းကပီအာရ် ကို ပျက်ပြယ်စေ၍ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ခွင့် မျှော်လင့်ချက် (၅၉-စ ပြင်ဆင်ခြင်း)ကို နောင်လာမည့် လွှတ်တော်သက်တမ်း ငါးနှစ်သို့ ရွှေ့ လိုက်ခြင်းဖြင့် အပေးအယူတည့်သွားသည်ဟု ယုံကြည်နေကြခြင်းပင်။ “လာမယ့် ရွေးကောက်ပွဲအပြီး ဦးရွှေမန်းကို သမ္မတအဖြစ်NLD က ထောက်ခံမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်လေ” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဦးရဲထွန်းက သုံးသပ်သည်။ Mizzima နေအိမ်အကျယ်ချုပ်မှလွတ်မြောက်အပြီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နေပြည်တော်ရှိ လွှတ်တော်ရုံး၌ တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

တယ်လီနော မိုဘိုင်းလ် ဆင်းကတ် သုံးစွဲသူများ သုံးစွဲမှု ပမာဏ အလိုက် နိုင်ငံတော်သို့ အခွန် ဖြတ်တောက် ပေးသွင်း သွားမည်

Saturday, November 22, 2014 တယ်လီနော မိုဘိုင်းလ်ဆင်းကတ် သုံးစွဲသူများ အနေဖြင့် သုံးစွဲမှုပမာဏ အလိုက် နိုင်ငံတော်သို့ အခွန် ဖြတ်တောက် ပေးသွင်းသွားမည် ဖြစ်ကြောင်း တယ်လီနော မြန်မာမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ ယင်းစနစ်ကို စတင်ပါက တရားဝင် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။ သုံးစွဲသူများ ပေးဆောင်ရမည့် အခွန်ကို ဖြတ်တောက်ကာ ပေးဆောင်သွားမည်ဟု ဆိုရာတွင် ဥပမာအားဖြင့် သုံးစွဲသူက ငွေဖြည့်ကတ် ၁ဝဝဝ ဖြည့်တင်း လိုက်ပါက ၉၅၂ ကျပ်သာ ဖုန်းတွင်း ရရှိသုံးစွဲနိုင်မည် ဖြစ်ပြီး ကျန်ငွေ ၄၈ ကျပ်ကို ၅ ရာခိုင်နှုန်း အခွန်အဖြစ် နိုင်ငံတော်သို့ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်သည် နိုင်ငံတော် အစိုးရမှ တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ အတွက် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံသည့် ဥပဒေအပေါ် လိုက်နာသွားခြင်း ဖြစ်ကြောင်း တယ်လီနော မြန်မာ၏ တရားဝင် အွန်လိုင်း စာမျက်နှာတွင် ရေးသား ဖော်ပြထားကြောင်း သိရသည်။ ''ဒါတွေကို သုံးစွဲသူတွေ ဘက်ကို ရှင်းလင်း ပြောပြပေးဖို့ ညွှန်ကြားထားတာ တစ်စုံတစ်ရာ မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီအပေါ်မှာ ကျွန်တော်တို့ ဘက်က သေချာပြီ ဆိုရင် သုံးစွဲသူတွေ ဆီကို မက်ဆေ့ခ်ျ ပို့ပေးသွားမှာပါ'' ဟု တယ်လီနော မြန်မာ၏ Customer Representative တစ်ဦးဖြစ်သူ ကိုသူရက ပြောသည်။ ''တယ်လီနော မြန်မာ အနေနဲ့ တင်သွင်း ထားတဲ့ ဟန်းဆက် မှန်သမျှရယ် ဆင်းကတ်တွေ အတွက်ပါ အခွန် ပေးဆောင်ထားပြီး သားပါ။ အခု ဟာက သုံးစွဲသူရဲ့ သီးခြား အခွန်ပဲ ဖြစ်ပါတယ်'' ဟု တယ်လီနော မြန်မာ၏ အရောင်း ဆိုင်ခွဲမှ တာဝန်ခံ တစ်ဦးက ပြောသည်။ မြ၀တီ

ဆောက်လုပ်ရေးစီမံကိန်းအတွင်းရှိ ပေ၂၀ မြင့်သော မြေသိုလှောင်ကန်မှ မြေကြီးများ လူသွားလမ်းပေါ်သို့ ကျွံကျမှုကြောင့် အလုပ်သမားနှစ်ဦး ဒဏ်ရာရ

ပန်းဘဲတန်းမြို့နယ် ၂၇ လမ်းနှင့် ဗိုလ်ချုပ် လမ်းထောင့်ရှိ ရွှေတောင်ဆောက်လုပ်ရေး မှ တာဝန်ယူဆောက်လုပ်နေသည့် ဗိုလ် ချုပ်ဈေးသစ် ဆောက်လုပ်ရေးစီမံကိန်းအတွင်း ရှိ ပေ ၂ဝ မြင့်သော မြေသိုလှောင်ကန်မှ မြေကြီးများ ၂၇ လမ်းပေါ်သို့ ကျွံကျမှု နိုဝင်ဘာ ၂ဝ ရက် ညနေ ၄ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။   ဆောက်လုပ်ရေးစီမံကိန်းအတွင်း လုပ်ငန်းလုပ်ဆောင်ရာမှ ရရှိသောမြေကြီးများကို အကျယ် ပေ ၄ဝ ၊ အမြင့် ပေ ၂ဝ ရှိ တစ်ဖက်ပွင့်ကန်ကြီးထဲသို့ ထည့်ထားရှိလေ့ရှိပြီး ယင်းမြေကြီးများမှာ များပြားလာ၍ ကာရံထားသည့် သံကိုယ်ထည်ပြိုကျကာ ၂၇လမ်းဘက်သို့ ကျွံကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   “ဝုန်းဆိုပြီး မြေကြီးတွေ ကျွံထွက်လာတာ အဲဒီထဲက အလုပ်သမားတစ်ယောက်က လမ်းဘက်ကို မြေကြီးတွေနဲ့အတူ ကျွံထွက်လာတယ်။ ကျန်တစ်ယောက်ကတော့ မြေ ကြီးတွေ တစ်ကိုယ်လုံးပိနေပြီး ကယ်ပေးပါလို့ အော်တယ်။ သူ့မှာ ခေါင်းပဲပေါ်တော့တယ်။ လမ်းမှာ တရားပွဲလုပ်နေတော့ အဲဒီကမိုက်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းက တာဝန်ရှိသူတွေ အော်ခေါ်ပြီးပြောရတယ်။  ဒါတောင် မိနစ် ၂ဝ ကျော်လို့ မီးသတ်ကား၊ အရေးပေါ်ကားလာမှ မြေကြီးပိနေတဲ့လူကို ဆယ်ထုတ်တယ်”ဟု ဖြစ်စဉ်ကိုမြင်တွေ့သည့် ၂၇ လမ်းနေ အမျိုးသမီးတစ်ဦးက ပြောပြသည်။   အဆိုပါ မြေကြီးကျွံကျမှုကြောင့် လမ်းပေါ်ရှိ ရခိုင်မုန့်တီဆိုင်နှင့် ကွမ်းယာဆိုင်တို့ကို မြေကြီးများပိသွားခဲ့ပြီး ဆိုင်ရှိလူများ ထိခိုက် ဒဏ်ရာမရရှိခဲ့ဘဲ ဆောက်လုပ်ရေးအလုပ်သမားနှစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။    “ပစောက်ပုံသဏ္ဌာန် တစ်ဖက်ပွင့် မြေကြီးထားတဲ့ သံကန်ပြိုကျတာပါ။ ဆောက်လုပ်ရေးကရိန်းကြောင့် ပြိုကျတာတော့ မဟုတ်ပါဘူး။ အခုကျွံကျတဲ့ကန်နဲ့ လမ်းဘေးမှာ ကာထားတဲ့နေရာနဲ့ကြားမှာ ပေ ၂ဝ ခြားပါသေးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ဆောက်လုပ်ရေး အလုပ်သမားနှစ်ဦးက အဲဒီနား လက်ဝင်ဆေးရင်း မြေကြီးပိသွားတာပါ။ တစ်ဦးကိုတော့ ဆေးရုံတင်ထားပါတယ်။ ဒါပေမဲ့ မစိုးရိမ်ရပါဘူး။ ကျန်တဲ့ထိခိုက်တာ ဘာမှမရှိပါဘူး။ အခုလမ်းပေါ်ကျတဲ့မြေကြီးတွေကို ပြန်သယ်နေပါပြီ”ဟု ပန်းဘဲတန်း မြို့နယ်ရဲစခန်းမှ ရဲအုပ်အဆင့် ရဲအရာရှိက ပြောကြားသည်။   အဆိုပါ မြေပြိုကျမှုကြောင့် လမ်းပေါ် ဖြတ်သန်းသွားလာခွင့်ကို ယာယီတားမြစ်ထားပြီး မြေပြိုကျမှုဖြစ်ပွားခဲ့သည့် အနီးဝန်းကျင်တွင် တရားပွဲကျင်းပလျက်ရှိကြောင်း သိရသည်။  Eleven Media Group

သစ်လုံးသယ်မော်တော်ယာဉ်သံကြိုးပြတ်၍ သစ်လုံးများ ပြုတ်ကျကာ အခြားယာဉ်ပေါ်ပိကျ

မိတ္ထီလာမြို့ ရန်ကုန်-မန္တလေး ကားလမ်း  မိုင်တိုင်အမှတ် (၃၃၆/ဝ) အနီးတွင် နိုဝင်ဘာ  ၁၉ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က သစ်လုံး သယ် မော်တော်ယာဉ်မှာ သံကြိုးပြတ်၍ သစ် လုံးများ ပြုတ်ကျကာ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မိတ္ထီလာမြို့ တောင်ဘက် ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၃၆/ဝ) အနီးတွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဇော်ဇော်အောင် (၃၃)နှစ် အမှတ်(၉) ရပ်ကွက် လပွတ္တာမြို့နေသူ မောင်းနှင်သည့် ယူဒီအမျိုးအစား အနက်ရောင် ၂၂ ဘီး မော်တော်ယာဉ် အမှတ် ၆ဂ/...ပေါ်တွင် တင်ဆောင်လာသော သစ်လုံးတန်ချိန် ၁၆ တန်ခွဲအား ချည်နှောင်ထားသည့် သံကြိုးပြတ်၍ ကားလမ်းဝဲဘက်ခြမ်းသို့ သစ်လုံးများပြုတ်ကျပြီး တိမ်းမှောက်စဉ် အဆိုပါလမ်းအတိုင်း ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှ ရဲအုပ်ကြည်ရှိန် မောင်းနှင်သည့် ဟာရီယာအမျိုးအစား အနက်ရောင် မော်တော်ယာဉ်အမှတ် 3D....ပေါ်သို့ သစ်လုံးသုံးလုံး ပိကျခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ရဲအုပ်ကြည်ရှိန်၊ ဇော်ဇော်အောင်နှင့် သစ်လုံးကားပေါ်တွင် လိုက်ပါလာသူ မခင်မြတ်ချို (၃၁)နှစ်၊ မောင်သူထက်နိုင်(၆)နှစ် တို့မှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ The Mirror Daily

Tuesday, 11 November 2014

လူ့ သက်တမ်း ၁၂၀ နှစ် ထိတိုင်အောင် ဘယ်လိုနေရမလဲ

သိပ္ပံ ပညာရှင်တွေဟာ လူတွေကို ထာဝရ အသက်ရှင်နေနိုင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ မပြောပြနိုင်ပေမယ့် လူ့ သက်တမ်း ၁၂၀ နှစ် ထိတိုင်အောင် ဘယ်လိုနေရမယ်ဆိုတာကိုတော့ ပြောပြလိုက်ပါတယ်။လေ့ကျင့်ခန်းများများ လုပ်ခြင်း ၊ ကျန်းမာစေသော အစားအစာများကို စားသုံးခြင်း နဲ့ ကိုလက်စထရော လျှော့ချဆေး (Statin) များ မှီဝဲပေးခြင်းတို့ဟာ အသက်ကြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေမယ့် အဓိက အချက်တွေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။ Longevity Science Panel ဆိုတဲ့ အဖွဲ့တစ်ဖွဲ့က အသက် ၁၁၀ ၀န်းကျင်ထိ အသက်ရှင်နေထိုင် နေတဲ့ လူအနည်းငယ်ကို သုတေသန ပြုလုပ်ခဲ့ပြီး ထို အသက် ၁၁၀ ၀န်းကျင်ရှိသူတွေဟာ အသက် ၁၂၀ ထိ နေထိုင်သွားနိုင်တာကို လည်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အသက်ကြီး အိုမင်းရင့်ရော်ခြင်းဟာ ဆဲလ် အစိတ်အပိုင်းတွေနဲ့ သက်ဆိုင်ပါတယ်။ ဆဲလ် အစိတ်အပိုင်းတွေမှာ ချို့ယွင်းချက်ရှိနေခြင်းဟာ အင်္ဂါ အစိတ်အပိုင်း ဖွံ့ဖြိုးခြင်း နဲ့ ပျက်စီးသွားတဲ့ ဆဲလ်တွေ ပြန်လည် အစားထိုးမှုတို့ကို ဦးတည်နေပါတယ်။ ထို ဆဲလ် အစိတ်အပိုင်းရဲ့ ချို့ယွင်းချက်တွေဟာ ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းတို့ ကြောင့် ဖြစ်ပွားလားတာဖြစ်ပြီး အစားကျူးခြင်းဟာလည်း ဆဲလ်အစိတ်အပိုင်းတွေကို အရှိန်မြန်စေတဲ့အတွက် ဆဲလ်သန္ဓေပြောင်းလဲမှုကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ Ref:dailymail.co.uk Trend Myanmar

Monday, 10 November 2014

၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း အပိုင်း (၇)

နေမင်း|November 10, 2014 | Hits:202 2    | |  Share on facebookShare on twitterShare on email သရုပ်ဖော်ပုံ စိုးဝင်းငြိမ်း ထောင်ပြင်ရှိ ဝန်ထမ်းအိမ်ရာမှ မိမိတို့ မိသားစုများ၏ လုံခြုံရေးကို စိုးရိမ်လာကြပြီး ဝန်ထမ်းအချို့က လုပ်ငန်းခွင်ကို စွန့်ခွာ၍ မိသားစုထံ ပြန်သွားကြ၏။ အကျဉ်းသားများ ကလည်း ထောင်တွင်း၌ ရှိသော ပစ္စည်းများကို စိတ်တိုင်းကျ သုံးစွဲကြ၏။ ဖျက်ဆီးကြ၏။ ဤသို့ဖြင့် အကျဉ်းဦးစီးဌာန၏ ဗဟိုပစ္စည်း သိုလှောင်ရုံမှ ပစ္စည်းများ ဖောက်ယူပြီး ဘူးမျှော်စင်မှ ဝန်ထမ်းအချို့နှင့် အပေးအယူ လုပ်၍ ခိုးထုတ်ကြ၏။ ဤသို့ဖြင့် အကျဉ်းဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနမှ ညွှန်ချုပ် ဗိုလ်မှူးကြီး ၂ ဦးသည် အင်းစိန်ထောင်ကို လည်းကောင်း၊ မြန်မာပြည်တွင်းမှ အခြားထောင်များကို လည်းကောင်း၊ ထောင်ဝန်ထမ်းကောင်းများကို လည်းကောင်း၊ ဖျက်ဆီး၍ မြန်မာနိုင်ငံနှင့် နိုင်ငံသားများအား လှိုင်းကြီးလေထန် ခရီးကြမ်းထဲသို့ ပထမဆုံး အဓမ္မ မောင်းထည့်ခဲ့သူများ ဖြစ်လာ ပါတော့သည်။ စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။ အထက်ပါ ဗိုလ်မှူးကြီး ၂ ဦး၏ အကျဉ်းထောင် ဖွင့်ပေးတော့မည့် ပဏာမဟန်ပြ စီမံချက်ကို အဟုတ်ထင်၍ ထောင် အနီးမှ စစ်ရေး၊ နိုင်ငံရေး အတွေ့အကြုံ ရှိသူများ ရိုးရိုးသားသား ကောက်ချက်ထုတ်၍ စာရေးသူအား သတင်းပေး သည်ကို စာရေးသူက ထောင်ဝန်ထမ်း မိသားစုများထံမှ ရသောသတင်းများနှင့် ပေါင်းစပ်ခန့်မှန်းပြီး အင်းစိန်ထောင် ဆူပူမှု ဖြစ်ပွား၍ လူ ၁၀ဝ၀ ကျော်ခန့် သေကျေဒဏ်ရာ ရနိုင်သည်ဟု ခရစ္စတိုဖာဂန်းနက်ထံ သတင်းမှားကို ပို့ခဲ့မိခြင်း ဖြစ်ပါသည်။ ခရစ္စတိုဖာဂန်းနက်က အသေအပျောက် ဒဏ်ရာရမှု စာရင်းများ၍ ၎င်းသတင်းကို ဘီဘီစီသို့ မပို့ရဲဘဲ အချိန်ဆွဲပြီး  သတင်း ခိုင်မာအောင် ထပ်မံ စုံစမ်းဖို့ စာရေးသူအား မေတ္တာရပ်ခံ၏။ မဆလ အစိုးရ၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ ည ၈းဝ၀ နာရီသတင်းတွင် အင်းစိန်ထောင် ဆူသည့်သတင်း ဦးဦးဖျားဖျား ထူးထူးခြားခြား လွှင့်ထုတ်ခဲ့သဖြင့်သာ စာရေးသူတို့က မိနစ် ၂၀ ခန့် နောက်ကျပြီးမှ ဘီဘီစီတွင် ထောင်ဆူသည့် သတင်းပါအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်ပါ သည်။ မြန်မာ့အသံ သတင်းကို နားထောင် သုံးသပ်ကြည့်သော အခါတွင် စာရေးသူ အနေဖြင့် အင်းစိန်ထောင်သတင်း နောက်ကွယ်၌ မဟုတ်တာတွေ ဖြစ်ကုန်တော့မည်ဟု သံသယ ဝင်စရာများ တသီတတန်းကြီးကို တွေးဆလာမိပါ သည်။ ဩဂုတ်လ ၂၇ ရက် နံနက်ပိုင်းတွင် သေနတ်ပစ်ခတ်သံများ ရပ်စဲသွားပြီးနောက် အခြေအနေကို စာရေးသူက ကိုယ်တွေ့ကြုံသူ အကျဉ်းသားများနှင့် ဝန်ထမ်းများအား အင်းစိန်ထောင်ထဲတွင် မေးမြန်းကြည့်ခဲ့ရာ အောက်ပါအတိုင်း အံ့ဩဖွယ်ရာ ထပ်မံသိရှိရပါသည်။ မည်သည့် လုံခြုံရေးဆိုင်ရာ စစ်တပ်၊ ရဲတပ်မျှ ထောင်ထဲ ဝင်လာခြင်း မရှိ၊ မည်သည့် အကျဉ်းဌာန သန္ဓေဝန်ထမ်းမျှ ထောင်ထဲတွင် တာဝန် ထမ်းဆောင်သည် ကို မတွေ့ရ။ သေဆုံးသူ အလောင်းများကို အင်းစိန်ထောင် ဆေးရုံဝင်း အတွင်းနှင့် အခြားနေရာများတွင် မြေကျင်းတူး၍ အကျဉ်းသားများ ကိုယ်တိုင် မြေမြှုပ်ရှင်းလင်းကြရသည် ဆိုပါသည်။ ပွဲကြည့် ပရိတ်သတ်လို ထိုင်ကြည့် နေရသည့် ဝန်ထမ်းများရှိရာ ဂါတ်ကြီးပေါ်သို့ လှမ်းအော် အသိပေးပြီး ပြုလုပ်ခြင်း ဖြစ်ပါသည်။ မီးသတ်ကားမှ ရေများ ထောင်ဘူးဝမှ ပိုက်သွယ်မောင်း ထည့်ပေးသည်ကို အကျဉ်းသားများက မိမိ အစီအစဉ်နှင့် လက်ခံရယူကြရသည်ဟု ဆိုပါသည်။ ဩဂုတ်လ ၂၇ ရက် နေ့လယ်ပိုင်းမှစ၍ အကျဉ်းသား အချုပ်သားများကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေးခြင်း မရှိဘဲ စတင်လွှတ်ပေးမှုကို မူလ သန္ဓေဝန်ထမ်း မဟုတ်သည့် ယူနီဖောင်း တပိုင်းဝတ်လူစိမ်း ပုဂ္ဂိုလ်များက ဒုဗိုလ်မှူးကြီးများ၏ လမ်းညွှန်မှု အတိုင်း ဆောင်ရွက်ကြသည် ဟု ဆိုပါသည်။ ဤသို့ဖြင့် ဩဂုတ်လ ၂၇ ရက် နေ့လယ်ပိုင်းမှ စ၍ အင်းစိန်ထောင်အတွင်းမှ အကျဉ်းသား၊ အချုပ်သားများ ဒေါက်တာမောင်မောင် အစိုးရက အရပ်သားပြည်သူများထံ အကြံပက်စက်စွာ မောင်းထည့်မှုကို ပြုလုပ်ခဲ့ရာ ဩဂုတ်လကုန်တွင် ထောင်ထဲ၌ အကျဉ်းသား အချုပ်သားများ မရှိသလောက် လျှော့နည်းသွားခဲ့ပြီး  သူခိုးကြီး မြင့်သိန်းနှင့် ကြိုးသမား အုပ်စုဝင် ၆၂ ယောက်သာ ကျန်ရှိချိန်တွင် အကျဉ်းသား လွှတ်ပေးမှု ရပ်ဆိုင်းခဲ့သည် ဆိုပါသည်။ အကျဉ်းသား လွှတ်ပေးမှု ပြုလုပ်ရာတွင် ဒေါက်တာမောင်မောင် အစိုးရသည် လူထုရိပ်မိမည် စိုး၍ ရက်ရှည်ဆွဲကာ ချွေလွှတ်ရန် ဒု-ဗိုလ်မှူးကြီး ၂ ယောက်အား လျှို့ဝှက်ညွှန်ကြားပုံရပါသည်။ ဒု-ဗိုလ်မှူးကြီး ၂ ယောက်၏ တပည့် ယူနီဖောင်း တပိုင်းဝတ် ပုဂ္ဂိုလ်များကလည်း လွှတ်လူစာရင်းကို ဝါယာလက်စက်ဖြင့် အမြဲသတင်းပို့ခဲ့ သော်လည်း နောက်ပိုင်းတွင် အကျဉ်းသားလွှတ်နှုန်း မြန်ဆန် များပြားသွားမှုကြောင့် အထက်ပုဂ္ဂိုလ်က ၎င်းယူနီဖောင်း တပိုင်းဝတ် များကို စက်ထဲမှ ကြိမ်းမောင်း ဆဲဆိုသံအား အနားရှိ အရပ်သား သန္ဓေဝန်ထမ်းများ ကပင် ကြားရသည်ဟု ဆိုပါသည်။ စာရေးသူ ထောင်ပြင်တွင် ရှိစဉ်က စုံစမ်းမရခဲ့သော စာရေးသူ၏ အမှုသည် ကရင်သူပုန် ဗိုလ်စောမြင့်သိန်းမှာ မိမိအမှု ဇာတ်လမ်း အလွဲပြော၍ ယူနီဖောင်း တပိုင်းဝတ်များကို အယုံသွင်းပြီး လွယ်ကူစွာပင် ထောင်ထဲမှ ထွက်သွားခဲ့သည် ဆိုပါသည်။ ဂါတ်ကြီးပေါ်ရှိ အရပ်သား သန္ဓေဝန်ထမ်းများက စောမြင့်သိန်း ထောင်ပြင် ထွက်သွားသည်ကို မြင်သော် လည်း၊ သူသည် အချုပ်အဆင့်သာ ရှိပြီး ညွှန်ချုပ် ဗိုလ်မှူးကြီး၏ လူများကိုယ်တိုင် လွှတ်ပေးသည်ကို ဘာမျှ သတင်းမပို့ဘဲ နေလိုက်ခြင်းဖြင့် ရက်ပိုင်းအတွင်း သေဒဏ်ချမှတ်ခံရမှာ သေချာသော လူတယောက် မသေဘဲ လွတ်မြောက်သွားသည့်အတွက် ဝမ်းသာစရာ ကောင်းလှပါသည်။ စောမြင့်သိန်းမှန်း မသိဘဲ လွှတ်ပေးခဲ့သူများအား အထက်လူများက တိုးတိုးတိတ်တိတ် ဆူပူကြိမ်းမောင်းမှု ရှိခဲ့သည်ဟု သိရပါသည်။ ဗိုလ်မှူးချုပ် တင်ဦးနှင့် ဗိုလ်မှူးကြီး ဘိုနီတို့ကိုမူ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် အင်းစိန်ထောင်တွင်း အကျဉ်းသားများ ဆူပူမှု ဖြစ်စတွင်ပင် ၎င်းတို့အား အင်းစိန်တွဲဖက် ထောင်ငယ် အတွင်းသို့ အမြန်ပြောင်းရွှေ့၍ လျှို့ဝှက်စွာ ချုပ်နှောင် ထားခဲ့သည် ဟု ဆိုပါသည်။ ၎င်းတို့နှင့်အတူ မဆလ ခေတ်အတွင်း မဲသဝေါတိုက်ပွဲကို ထိုင်းနိုင်ငံဘက် ကျော်နင်း ဝင်ရောက် တိုက်ခိုက်သဖြင့် ထောင်ချခံရသူ ဗိုလ်မှူးကြီး မဲသဝေါ လှမြင့်ပါ ပါသွားခဲ့သည် ဆိုပါသည်။ ဗိုလ်မှူးကြီး မဲသဝေါလှမြင့်သည် နဝတအစိုးရ တက်ခါစတွင် စစ်အစိုးရက ပြန်လွှတ်ပေးခဲ့ပြီး ဗဟို သမဝါယမ အဖွဲ့တွင် ဥက္ကဋ္ဌ ရာထူး ရခဲ့ပါသည်။ နဝတခေတ်အတွင်း ကြီးပွားခဲ့ပြီးနောက်၊ တပ်ထဲတွင် ရန်စရှိခဲ့သူက သမဝါယမဝန်ကြီး ဖြစ်လာသော အခါ သမငွေကြေး အလွဲသုံးမှုဖြင့် ထောင်နှစ်ပေါင်းရာချီ ပြစ်ဒဏ်ချမှတ်ခံရပြီး အင်းစိန်ထောင်ထဲသို့ ဒုတိယအကြိမ် ပြန်ရောက်လာပါသည်။ ၎င်းနှင့် စာရေးသူသည် အမှတ် ၄ တိုက် (အတို) တွင် အတူနေခဲ့ဖူးသည်။ ဩဂုတ်လ ၂၆ ရက် ထောင်ဆူပူမှု အကြောင်းပြု၍ ဒေါက်တာမောင်မောင် အစိုးရက လွှတ်မပေးလိုသော ထောက်လှမ်းရေး အရာရှိကြီးများနှင့်အတူ မော်လမြိုင် ရေတပ်စခန်းမှ ပင်လယ်ပြင် ရောင်းစားမှုဖြင့် ထောင်ကျလာသူ ရေတပ် အရာရှိများနှင့် တပ်သားများကိုလည်း တွဲဖက်ထောင်အတွင်း လျှို့ဝှက်စွာ ပြောင်းရွှေ့ထားခဲ့ရာ အရေအတွက် စုစုပေါင်းမှာ ဆယ်ဂဏန်းမျှ ရှိသည် ဆိုပါသည်။ မူလ အင်းစိန်ထောင်ကြီး အတွင်း ကြိုးသမား ၆၂ ယောက်သာ ရှိသဖြင့် ဦးတင်ဦး၊ ဦးဘိုနီတို့ကို စာရေးသူစုံစမ်း ရှာဖွေ မရဘဲ လမ်းစပျောက် နေခဲ့ခြင်းမှာ ၎င်းတို့ကို ထောင်ဆူစကပင် ဒေါက်တာမောင်မောင် အစိုးရက ကြိုတင် ကြံရွယ်ချက်ဖြင့် လျှို့ဝှက်ပြောင်းရွှေ့ ချုပ်နှောင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍ အင်းစိန် ထောင်မကြီးနှင့် တွဲဖက်ထောင် ၂ ထောင်ပေါင်း လက်ကျန် အကျဉ်းသားသည် ၁၀ဝ ဝန်းကျင်သာ ထောင်ထဲ၌ ကျန်ခဲ့ပြီး အကျဉ်းသား အချုပ်သား ၁၀,ဝ၀ဝ ကျော်မှာ ဒေါက်တာမောင်မောင် အစိုးရ သက်တမ်း ၂ ပတ်ခန့် အတွင်း ရန်ကုန်တိုင်းအနှံ့ ဖြန့်ကြက်ချထားခံရသည့် အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်း လူငယ်အကျဉ်းထောင်နှင့် တံတားကလေး စိတ္တဇဆေးရုံမှ လွှတ်ပေးခဲ့သော စိတ် ဝေဒနာရှင်များကိုပါ ထည့်သွင်းလိုက်လျှင် လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် ဇာတ်ကား အတွက် တိုင်းဆူ ပြည်ဖျက် ဇာတ်ကောင်များကို ဒေါက်တာမောင်မောင် အစိုးရက ကောင်းကောင်းကြီး ရွေးထုတ်ရိုက်ကူးနိုင်ခွင့် ရခဲ့ခြင်းမှာ ထူး၍ မဆန်းလှပါ။ ဤနေရာတွင် အလျဉ်းသင့်၍ အင်းစိန်ထောင်နှင့် မတူသော စစ်တွေထောင် အဖြစ်အပျက်ကို စာရေးသူ တင်ပြလို ပါသည်။ တန်ပြန် သပိတ်ဖြိုခွဲရေး ကော်မတီမှ အဖျက်အမှောင့် လုပ်ငန်းများ ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတိပေးချက်ကို စာရေးသူနှင့် ရန်ကုန်လူထုထဲ ရောက်ရှိအောင် ပြည်သူ့ အထောက်တော်က ဩဂုတ်လ ၂၀ ရက် ဝန်းကျင်တွင် သတင်းပို့ခဲ့ပါသည်။ ရန်ကုန်တွင် ဩဂုတ် ၂၄ ရက် ညမှာပင် ဦးနေဝင်း၏ ကိုယ်ရေး လုံခြုံရေး အရာရှိ ဗိုလ်စည်သူတို့ ထောက်လှမ်းရေး အုပ်စုကို အဖျက်အမှောင့် စာရွက်စာတမ်းများနှင့်အတူ ပန်းဘဲတန်းမြို့နယ် လူထုက ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပါသည်။ ဩဂုတ်လ ၂၅ ရက်တွင် ဗိုလ်အောင်ကြီးနှင့်အတူ နိုင်ငံရေး ဇာတ်လမ်းရှုပ်နိုင်သည့် နိုင်ငံရေးသမားများနှင့် ရှစ်လေးလုံးနှင့် ဆက်စပ်လှုပ်ရှားမှုကြောင့် ဖမ်းဆီးထားသူများကို မဆလအစိုးရက အကြောင်းပြချက်မရှိဘဲ ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် ဩဂုတ်လ ၂၆ ရက်တွင် အင်းစိန်ထောင် အဆူပြ၍ ဩဂုတ် ၂၇ မှ စ၍ ရာဇဝတ်သား လူဆိုးများကိုလည်း ဩဂုတ်လကုန် စက်တင်ဘာ လဆန်းအတွင်း ဒေါက်တာမောင်မောင် အစိုးရက ပြန်လွှတ်ပေးခဲ့ပြန်သည်။ ထောင်ဆူသည် ဆိုသည်မှာ အိပ်ဆောင်အခန်း တခန်းဆူရုံနှင့် ကျန်အခန်းက လိုက်ဆူဖို့ မလွယ်အောင် အင်္ဂလိပ် ကိုလိုနီအစိုးရက ရေးဆွဲပေးခဲ့သော အကျဉ်းထောင်ဖွဲ့စည်း အုပ်ချုပ်ပုံစနစ်ရှိသည်။ ထို့ကြောင့် အခန်းများစွာ ရှိသော အိပ်ဆောင် တခုလုံးဆူရန် မလွယ်ပါ။ အဆောင်အားလုံး၊ တထောင်လုံး ဆူရန် လုံးဝ မလွယ်ပါ။ ဩဂုတ်လ  ၂၆ ရက်တွင် ထူးဆန်းစွာ အင်းစိန်ထောင်ကြီး တထောင်လုံး တပြိုင်နက်တည်း ဆူပါသည်။ ပို၍ ထူးဆန်းသည်မှာ စစ်တွေ၊ ပုသိမ်၊ မြောင်းမြ၊ မြိတ်အပါအဝင် မြန်မာပြည်တဝန်းမှ အခြားအကျဉ်းထောင်၊ ရဲဘက်စခန်းများ ပါဆူပူသည်။ ထောင်ဖောက်၍ အကျဉ်းသားလွတ် ပြေးမှုများ ဖြစ်ခဲ့ပါသည်။ အဆိုပါ ထောင်ဆူပူမှုများကို သက်ဆိုင်ရာဒေသမှ ပြည်သူများသည် သမိုင်းအဖြစ် မှန်ဖော်ထုတ်ရေး အတွက် သက်ဆိုင်ရာ ထောင်ဝန်ထမ်းများ၊ (အချို့သည် ယခု အငြိမ်းစား ဖြစ်နေနိုင်ပါသည်။) ထိုကာလက (ထောင်ထဲတွင် ရှိခဲ့သော အကျဉ်းသား၊ အချုပ်သားများ၏) ကိုယ်တွေ့အဖြစ်အပျက်များကို တိတိကျကျ ဖြစ်နိုင်သမျှ မှတ်တမ်းပြုစု ထားစေလိုပါသည်။ ဧရာဝတီ သတင်းဌာနမှတဆင့် စာရေးသူထံ ပေးပို့စေလိုပါသည်။ တနိုင်ငံလုံးကို ဒေါက်တာမောင်မောင် အစိုးရလက်ထက် မဆလ ဂိုဏ်း၏ စနစ်တကျ ဖျက်ဆီးခဲ့ပုံကို စုစည်းဖော်ပြလို၍ ဖြစ်ပါသည်။ အကျဉ်းသားများ ဆူပူ၍ ထောင်ကို မထိန်းနိုင်တော့ သဖြင့် ထောင်မှ လွှတ်ပေးလိုက်ရ ပါသည် ဟူသော ဒေါက်တာ မောင်မောင် အစိုးရ၏ အကြောင်းပြချက်သည် ကမ္ဘာကျော် ဟာသပြက်လုံး တခုဖြစ်ပါသည်။ ယင်းဟာသပြက်လုံးကို ဂဃနဏ ထောက်ပြဝေဖန်၍ တရားခံအစစ်ကို ထုတ်ဖော်သူ ၈၈ အထိုင် နိုင်ငံရေးသမားထဲမှ တယောက်မျှ ထွက်ပေါ်လာခြင်း မရှိသေးသည့် အကြောင်းအရင်း ဇာစ်မြစ်ကိုလည်း ပြည်သူအများက ဆန်းစစ်ရန် လိုပါသည်။ စစ်တွေထောင် ဆူပူမှုသည် အင်းစိန်ထောင် ဆူပူမှုနှင့် ရှေ့ဆင့်နောက်ဆင့် ဩဂုတ်လထဲတွင်ပင် ဖြစ်ပွားခဲ့သည် ဟု သိရပါသည်။ စစ်တွေသည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်ပါသည်။ ရခိုင်လူထုက ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး တွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ စစ်ထောက်လှမ်းရေး အချို့လည်း အထိနာခဲ့သည် ဟု သိရပါသည်။ ထို့ကြောင့် စစ်တွေ ထောင်သည်လည်း သဘာဝမကျစွာ တထောင်လုံးဆူခဲ့ပြီး အကျဉ်းသားများကလည်း ထောင်ကို ဖွင့်ဖောက်ထွက်ရန် ကြိုးစားမှုများ ရှိခဲ့သည်ဟု ဆိုပါသည်။ စစ်တွေမြို့တွင် ဓညဝတီ ရေတပ်စခန်းဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်သားများ အပြင်၊ ရဲစခန်းများလည်း ရှိပါလျက် စစ်တွေထောင်သို့လည်း မည်သည့်စစ်သား၊ ရဲတပ်သားမျှ လာရောက်ခြင်း မရှိသဖြင့် ထောင်ပိုင် ကိုယ်တိုင်က အကျဉ်းသား အချုပ်သား အားလုံးကို လွှတ်ပေးခဲ့သည် ဆိုပါသည်။ ထိုသို့ ထောင်က အကျဉ်းသား အချုပ်သား အားလုံး လွှတ်ပေးပါလျက် အကျဉ်းသားတချို့က ၎င်းတို့သည် လွတ်ရက် မစေ့သေး သဖြင့် ထောင်ထဲက မထွက်နိုင်ဟု ငြင်းဆိုမှုပင် ရှိခဲ့သည် ဆိုပါသည်။ ထောင်ဝန်ထမ်းများက မင်းတို့ကို ထမင်းကျွေး မထားနိုင်တော့ဘူး ဆိုပြီး အတင်းတွန်းထုတ်ရသည့် အကျဉ်းသားပင် ရှိခဲ့ပါသည်ဟု စစ်တွေထောင် ဝန်ထမ်းတဦးနှင့် စစ်တွေထောင်ပြောင်း အကျဉ်းသားအချို့က ၈၈ ခုနှစ် စစ်တွေထောင် ဆူမှုရာဇဝင်ကို ရယ်စရာ ဟာသနှော၍ ပြောသည်ကို စာရေးသူကြားခဲ့ရဖူးပါသည်။ အဆိုပါကာလ ဖြစ်စဉ်များကို စစ်တွေလူထုသည် သိရှိသမျှ အတိအကျ မှတ်တမ်းတင်ထားကြစေလိုပါသည်။ ဓညဝတီ ရေတပ်စခန်းသည် ဒီမိုကရေစီအရေး တော်ပုံကို ထောက်ခံကြောင်း ဆိုင်းဘုတ်ထောင်၍ ဦးနေဝင်း၏ တပါတီ အာဏာရှင်စနစ်ကို မလိုလားကြောင်း တက်တက်ကြွကြွ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု စာရေးသူ ကြားသိ မှတ်သား ထားခဲ့ဖူးပါသည်။ စစ်တွေထောင် ဆူပူမှုကို ရေတပ်က အကာအကွယ် လာရောက်မပေးခြင်းမှာ သူတို့ အကြောင်းနှင့် သူတို့ ရှိမည်ထင် ပါသည်။ ထူးဆန်းသည်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်ပါသည်။ စစ်တွေထောင်မှ လုံခြုံရေးတာဝန် မယူနိုင် သဖြင့် လွှတ်ပစ်ခဲ့သော အဝတ်ဖြူဝတ် အကျဉ်းသားအချို့သည် မိမိတို့ ရပ်ရွာသို့ပြန်ရာတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အစောင့်ကင်းစခန်းရှေ့မှ ဖြတ်ပြန်ကြရသည့်အခါ ကင်းစခန်း တာဝန်ကျ အရာရှိမှ အကျဉ်းသားအချို့ကို ဖမ်းဆီးပြီး ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် မြသင်းထံ သတင်းပို့ခဲ့သည်ဟု ဆိုပါသည်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အကျဉ်းသား အမည်၊ နေရပ်လိပ်စာ မေးပြီး ပြန်လွှတ်လိုက်ဟု အမိန့်ပေးသဖြင့် ကင်းစခန်းကလည်း ဌာနချုပ်အမိန့် ပေးသည့်အတိုင်း ပထမ ဖမ်းထားသော လူများစာရင်းကို ရယူပြီး လွှတ်လိုက် ပါသည်။ နောက်ထပ်ရောက်ရှိလာသော အကျဉ်းသားများကိုမူ အလုပ်ရှုပ်ခံပြီး စာရင်းမယူ မဖမ်းတော့ဘဲ လွှတ်ပေး လိုက်ကြတော့သည်ဟု ထိုစဉ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တွဲဖက်တာဝန်ယူရသည့် ရေတပ်ဝန်ထမ်းတဦး က ၈၈ ကာလ အဖြစ်အပျက်များကို အမှတ်တရ ပြန်ပြောသည်ကို မှတ်သားခဲ့ရဖူးပါသည်။ မြန်မာလူထုသည် မိမိမြန်မာ နိုင်ငံ၏ သမိုင်းဝင် အဖြစ်အပျက်များကို တန်ဖိုးထား မှတ်တမ်းတင် ထားရကောင်းမှန်း မသိ၊ နတ်ကရာ ကြည့်မော၊ လွယ်လွယ်ပြော၍ လွယ်လွယ်မေ့ပစ်နေသရွေ့ သမိုင်း သင်ခန်းစာအမှားများ ထပ်ခါ တလဲလဲ ကြုံဆုံမှားယွင်းနေပြီး မည်သို့မျှ ဒုက္ခတွင်းမှ ကယ်တင် မရနိုင် သောလူမျိုးဟု အခြားလူမျိုးများက အထင်သေး အမြင်သေး မခံရအောင် အရာရာကို ဆင်ခြင်သုံးသပ် ခွဲခြမ်းဆန်းစစ်နိုင်သည့် ပညာသတိရှိကြပါဟု စာရေးသူက အနူးအညွတ် ထပ်လောင်း မေတ္တာရပ်ခံပါသည်။ ၁၉၈၈ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်အတွင်း မြန်မာနိုင်ငံတွင်းမှ ထောင်ဆူပူမှု ဖြစ်ပွား၍ အကျဉ်း သားများ လွှတ်ပေး လိုက်ရသည်၊ လွတ်မြောက်သွားသည် ဆိုသည့် အမှုအခင်းများတွင် သက်ဆိုင်ရာ နယ်မြေခံစစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များ မလာရောက်ဘဲ ပျက်ကွက်နေမှုများသည် ပုံစံတူ ဖြစ်ပျက်နေသည်ကို စာရေးသူ ထိုကာလများကပင် ကြားသိ မြင်တွေ့ နေခဲ့ပါသည်။ အင်းစိန်ထောင်ရှေ့သို့ ရောက်ရှိလာသော လုံထိန်းတပ်၏ တာဝန်မှာ ထောင်ပြင်မှ လာရောက် စုံစမ်း ကြည့်ရှုသော လူအုပ်ကို ထိန်းသိမ်းရန် အတွက်သာ ဖြစ်ပါသည်။ ထောင်ထဲ ဝင်ရောက်ရှင်းလင်းခွင့် မရှိပါ။ အမှန်တကယ်လည်း အင်းစိန်ထောင်ထဲတွင် နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိ ဆူပူသူလည်း တယောက်မျှ မရှိပါ။ ထောင်တွင်း အသံချဲ့စက်မှ လူထုကို အန္တရာယ် ပြုမည့် ရာဇဝတ်ကောင်များသာ ဖြစ်သည်ဟု အကျဉ်းသား အားလုံး ကို သိမ်းကျုံးစော်ကားသည့် စကားဖြင့် လှုံ့ဆော်ခံရမှုကြောင့်သာ ရုတ်တရက် ဒေါသထွက် ပေါက်ကွဲခဲ့ သော်လည်း နေစရာ အဆောင် မရှိအောင် မီးရှို့သူက မီးရှို့သဖြင့် လည်းကောင်း၊ သေနတ်သံများကို ကြောက်ရွံ့၍ လည်းကောင်း၊ ထောင်တွင်းလုံခြုံရာတွင် ကိုယ့်အုပ်စုနှင့်ကိုယ် အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်နေ ကြသည်က အများစုဖြစ် ပါသည်။ ထောင်အုပ်ချုပ်သူ အာဏာပိုင်ပြုလုပ်သော ထောင်ဆူမှုသာဖြစ်ပါသည်။ စစ်တွေထောင်တွင် အကျဉ်းသား အားလုံး လွှတ်ပေးလိုက်ပြီးသည့် နောက်တွင်ပင် ထောင်အဆောက်အအုံနှင့် ဝန်ထမ်း မိသားစု လုံခြုံရေး အတွက် လက်နက်နှင့် ကျည်ဆန် မလုံလောက်၍ အကျဉ်းထောင်မှ အကူအညီတောင်းရာ စစ်တပ်က လုံးဝ မလာဘဲ ရဲစခန်းမှ ရဲသား ၂ ယောက် ဘရင်းဂန်းတလက်နှင့် ကျည်ဆံတသေတ္တာကို ဆိုက်ကားနှင့် လာပေးခဲ့မှု ရှိခဲ့သည်ဟု ဆိုပါသည်။ အခြားသော ထောင်များ၏ ဆူပူမှုတွင် ရဲများ လာရောက်မှု ရှိခဲ့လျှင်လည်း ထောင်တွင်းဝင်၍ ရှင်းလင်းရာတွင် ပါဝင်သည် ဟု စာရေးသူ လုံးဝ သတင်းထောက်လှမ်း မရရှိခဲ့ပါ။ ထောင်ထဲက အကျဉ်းသား၊ အချုပ်သား ဆိုသည်မှာ ကြက်ဆိုင်ရှိ ခြင်းထဲက ကြက်၏ အခြေအနေနှင့် ဘာမျှ မခြားနားပါ။ ထောင်အာဏာပိုင်အဖွဲ့ကသာ ခွဲခြားနှိပ်ကွပ်မည် ဆိုလျှင် အချိန်မရွေး နှိပ်ကွပ်နိုင်သော အခြေအနေ ဖြစ်ပါသည်။ အင်းစိန်ထောင် ဆူပူမှု ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်း၌ စတင် မဖြစ်ပွားမီ၊ လွန်ခဲ့သော နာရီ ၄၀ ကျော် အချိန်က စစ်တပ်သည် လက်နက်မဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြ ပြည်သူများအား သေနတ်နှင့် ပစ်ခတ်နှိမ်နင်းရန် လက်မရွံ့ခဲ့ပါ။ ယခု အင်းစိန်ထောင် အပါအဝင် မြန်မာနိုင်ငံတွင်းမှ ဆူပူမှု ဖြစ်ပွားသည် ဆိုသော ထောင်ထဲမှ အကျဉ်းသား ဆိုသည် များကို ဥပဒေအရ နှိပ်ကွပ်ရန် တာဝန်ရှိပါလျက် လာရောက်နှိပ်ကွပ်မှု မရှိခြင်းမှာ မဆလအစိုးရ၏ နိုင်ငံအပေါ် သစ္စာ ဖောက်မှုပင် ဖြစ်ပါသည်။ ထောင်တွင်းရှိ အကျဉ်းသားများ၏ ဆန္ဒမှန်မှာ ဆူပူရန် အစီအစဉ် မရှိဘဲ ဒီမိုကရေစီ တိုက်ပွဲဝင် ပြည်သူများ၏ တိုက်ပွဲ အောင်မြင်စေရန် ဆုတောင်း နေကြသူများသာ ဖြစ်ကြောင်း စာရေးသူကိုယ်တိုင် ၈၈ အရေးတော်ပုံကြီး အတွင်း ထောင်ထဲရောက်ရှိခဲ့ဖူးသော အကျဉ်းသားအများစု၏ သဘောထားကို စုံစမ်းသိရှိရပါသည်။ ပြည်သူတရပ်လုံးသည် ဦးနေဝင်း၏ တပါတီ အာဏာရှင် စနစ်ကို မလိုလားသူများသာ ဖြစ်ရာ၊ ထိုစနစ်၏ သားကောင် ဖြစ်ခဲ့ရသော အကျဉ်းသား မှန်သမျှမှာ ပြည်သူထဲက ပြည်သူများသာ ဖြစ်၍ ဒီမိုကရေစီ အရေးတော်ပုံတွင် အနှောင့် အယှက် ဖြစ်စေမည့်ကိစ္စကို သူတို့လည်း မလုပ်လိုကြပါ။ ၈၈ အရေး တော်ပုံကာလ ထောင်ဆူပူမှုများမှာ ဒေါက်တာ မောင်မောင် အစိုးရနှင့် တန်ပြန်သပိတ်ဖြိုခွဲရေး ကော်မတီ၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားခဲ့ရသော နိုင်ငံတော် လုပ်ကြံမှုသာ ဖြစ်ပါသည်။ သို့ဖြစ်၍ အထက် အမိန့်ပေးစနစ်အရ လှုပ်ရှားလုပ်ဆောင်ရသော တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ အားလုံး ထောင် အနီးသို့ ရောက်မလာ ရခြင်းမှာ အထက် အမိန့်ပေးစနစ်ကြောင့်သာ ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ပါသည်။ အင်းစိန် ထောင်ပိုင် ဦးစိန်ဌေးသည် ၎င်းအုပ်ချုပ်စဉ် ကာလအတွင်း နှစ် ၁၀၀ နီးပါးရှိသော ထောင်ကြီး မီးလောင်ပျက်စီး၍ အကျဉ်းသားများကို လွှတ်ပေးခဲ့ရသူ အဖြစ် သမိုင်းမှတ်တမ်းတင် ခံရမည်ကို အလွန် နာကြည်းသူ ဖြစ်ပါသည်။ ဤနေရာတွင် အင်းစိန်ထောင်အား ယာယီ အုပ်ချုပ်သူ အာဏာပိုင် ဗိုလ်မှူးကြီး ၂ ယောက်၏ မရိုးသားမှုကို ထင်ရှားစေ သော သက်သေခံ အချက်အဖြစ် စာရေးသူတင်ပြလိုသည်မှာ - အဆိုပါ ညွှန်ချုပ် ဗိုလ်မှူးကြီး ၂ ယောက်သည် ၎င်းတို့ မလွှတ်လိုသည့် ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးချုပ်တင်ဦး၊ ဗိုလ်မှူးကြီး ဘိုနီ အပါအဝင် တနင်္သာရီ ကမ်းရိုးတန်းမှ ပင်လယ်ပြင် ရောင်းစားမှုနှင့် ထောင်ကျသူ ရေတပ်အရာရှိ၊ အကြပ် တပ်သားများကို တွဲဖက်ထောင်သို့ လျှို့ဝှက်ပြောင်းရွှေ့ ချုပ်နှောင်ထားခဲ့ပြီး၊ အင်းစိန် ထောင်မကြီး အတွင်း၌လည်း အကျဉ်းသား၊ အချုပ်သား အားလုံးကို လွှတ်ပေးခဲ့သော်လည်း မင်းပြား ငွေတိုက် ဝင်ရောက်စီးနင်း သော ACP နှင့် KNU လက်နက်ကိုင် သူပုန်အဖွဲ့ဝင် အများစုပါသော ကြိုးသမား ၆၂ ယောက်ကို မလွှတ်ဘဲ ချန်လှပ်ထားခြင်း တို့မှာ အစီအစဉ်ရှိရှိ အကွက်ချ၍ လုပ်ဆောင်ခဲ့ကြောင်း ပေါ်လွင်လှပါသည်။ အခြားနယ် ထောင်ဆူမှုများ တွင်လည်း သက်ဆိုင်ရာ အာဏာပိုင် လွှတ်လိုသောသူကို လွှတ်လိုက်၍ မလွှတ်လိုသော သူကို မလွှတ်ပဲ ထားနိုင်သဖြင့် ၁၉၈၈ ကာလအတွင်း အကျဉ်းထောင်အချို့ ဆူပူပြီး အကျဉ်းသားများ ဖောက်ထွက် လွတ်မြောက်သွားသည် ဆိုသော အမှုများမှာ မဆလဂိုဏ်း၏ လုပ်ဆောင်ချက်သာ ဖြစ်ပါကြောင်း ထင်ရှားပါသည်။ ဥပဒေ သဘောအရ ဒေါက်တာမောင်မောင် အစိုးရတွင် တာဝန်ရှိပါသည်။ ဆက်လက်ဖော်ပြပါမည်။     ။