Thursday, 23 November 2017
နိုင်ငံရေးအရ အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု လူပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦး ဝေဖန် တိုက်ခိုက်ကြ တာ အထူးအဆန်း မဟုတ်ပါ။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်သလို တစ်ယောက်အမှားကို တစ်ယောက် ထောက်ပြ ဝေဖန်ခြင်းကလည်း နိုင်ငံရေး အသိအမြင်နှင့် အတွေးအခေါ် အယူအဆများ ကို ပိုမိုတိုးပွားစေနိုင်သည်။ နိုင်ငံရေးအရ အသာစီး မရနိုင်သော အခါမျိုးတွင် ယုတ်မာ ကောက်ကျစ်သော နည်းဖြင့် လုပ်ကြံသတ်ဖြတ်တာ မျိုးကတော့ အလွန်ဆိုးဝါးသော ကိစ္စဖြစ် ၏။ နိုင်ငံရေးကြောင့် လုပ်ကြံသတ်ဖြတ်မှု ပေါ်ပေါက်လာ သောအခါ လုပ်ကြံခံရသော သူဘက်က ပြည်သူတွေက ရပ်တည်လေ့ရှိတာ ကို တွေ့သည်။ ဘာကြောင့် ရပ်တည်ရသလဲဟု မမေးပါနှင့်၊ မတရား သက်သက် သတ်ဖြတ်ခံရသောကြောင့် အသက် ပေးလိုက် ရသူဘက်မှ ပြောင်ပြောင်တင်းတင်း ရပ်တည်ခြင်း ဖြစ်သည်ဟုသာ ဖြေ ရပေလိမ့် မည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေးကြောင့် လုပ်ကြံသတ်ဖြတ်မှု များ ပေါ်ပေါက်ခဲ့ သည်။ ဟိုးတလောကကပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက် လာခဲ့သူ ဥပဒေပညာရှင် ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံလိုက်ရသည်။ ဒီမိုကရေစီရေး အတွက် ကိုယ်ကျိုးမပါ အနာဂတ် မျိုးဆက်များ အတွက် ဆောင်ရွက်နေသူ အပေါင်းကို လူသတ်ဝါဒ ကိုင်စွဲသူများက စိန်ခေါ် လိုက်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ အနိုင်ရပြီး ရာစုနှစ်ဝက်ကျော် ကာလအတွင်း ပထမဆုံး အရပ်သားအစိုးရ ဖွဲ့နိုင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် အစိုးရကို သာမက ဝိုင်းရံပေးသည့် ပညာရှင် အပေါင်းကိုပါ လူသတ်ဝါဒီများက သွေးတိုးစမ်းခြင်း လည်း ဖြစ်သည်။ သာမန် အရပ်သားတွေကိုပါ အထိတ်တလန့် ဖြစ်အောင် လူမြင်ကွင်းတွင် သတ်ဖြတ်ပြခဲ့သည်။ တိုးတက်လာသော နည်းပညာ အရ လူမှုကွန်ရက် မီဒီယာပေါ်တွင် ဓာတ်ပုံနှင့် သတင်းအချက်အလက် များပါ တင်ပြီး ခြောက်လှန့်ပြသည်။
ပြည်သူတွေက ကြောက်မသွားသည့်အပြင် လုပ်ကြံသူနှင့် ပူးပေါင်း ကြံစည်သူများကို စိတ်ပျက်လက်ပျက် ဖြစ်ကာ ရွံရှာမုန်းတီး သွားပါသည်။ ထောင်နှင့်ချီသော ပြည်သူများက ဈာပနကို လိုက်ပို့ကြသည်။ အသက် ပေးသွားသော တာဝန်သိ ပြည်သူတစ်ဦး၏ ကျန်ရစ်သော မိသားစုကို ဝိုင်းဝန်း ကူညီ ထောက်ပံ့ပေးကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအကြောင်း ပြန်လည် စိတ်ဝင်စား လာကြသည်။ လက်ရှိ အချိန်တွင် အားလုံး၏ စိုးရိမ်မှုက တစ်ခုပဲရှိသည်။ လူသတ်သမားကို ဖမ်းမိသော်လည်း ကြံရာပါများနှင့် စေခိုင်းသူများကို ပါ ဖော်ထုတ်နိုင်ပါ့ မလားဟု တွေးတော ပူပန်နေကြခြင်း ဖြစ်သည်။ အမှုမှန်နှင့် နောက် ကွယ်က စီမံသူများကို မဖော်ထုတ် နိုင်ခြင်းကြောင့် ဒီမိုကရေစီ ခေါင်းဆောင် များ၏ အသက်အန္တရယ်ကို တွေးတော စိတ်မောနေကြ လေသည်။
စိတ်မောမည် ဆိုရင်လည်း မောစရာ။ နိုင်ငံရေးနှင့် နွှယ်သော လုပ်ကြံ သတ်ဖြတ်မှုတိုင်း အမှုမှန်ပေါ်ပေါက်လေ့ မရှိတာက မြန်မာနိုင်ငံတွင် အလေ့အထ တစ်ခုလို ဖြစ်နေသည်။ အာဇာနည် ခေါင်းဆောင် ကြီးများအား လုပ်ကြံမှုနှင့် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများကို ပြန်ပြောင်း သတိရသလို အမှန်တကယ် ပါဝင်ခဲ့သော နောက်ကွယ်က လက်မည်းကြီး များ အကြောင်း ပြောစပြုလာသည်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမပြောနှင့်၊ အခြေခံဥပဒေ သစ်ဖြင့် အုပ်ချုပ်သော အစိုးရ နှစ်ဆက်အတွင်းမှာပင် အဟောသိကံ ဖြစ်သွားရသည့် နိုင်ငံရေး မကင်းသော သတ်ဖြတ်မှုတွေက အများကြီး ရှိသည်။
အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုနှင့် ဆက်စပ်နေသော အိုင်စီအက်စ် ဦးတင်ထွဋ် လုပ်ကြံခံရခြင်း အကြောင်းကို ပြန်လည် အမှတ် ရမိသည်။
ထိုအမှုလည်း လက်သည်ရှာမရဘဲ အဟောသိကံ ဖြစ်သွား ရသော ရှေးဦးနိုင်ငံရေး လုပ်ကြံမှုပင်ဖြစ်သည်။
၁၈၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့သည့် ဦးဖိန်းနှင့် ဒေါ်မိမိ တို့၏ သားကြီးဖြစ်သူ ဦးတင်ထွဋ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က ၁၂၂ နှစ်မြောက်မွေးနေ့ ပြည့် ခဲ့ပြီ ဖြစ်သည်။ လက်ရှိ ကမ္ဘာသုံး ပညာရေးခေတ်၏ မြန်မာပညာတတ် သမိုင်းတွင် လွန်စွာမှ ထင်ရှားကျော်ကြားသော ညီအစ်ကို လေးဦးဖြစ်သည့် ဦးတင်ထွဋ်၊ ဦးကျော်မြင့်၊ ဦးမြင့်သိန်း၊ ဒေါက်တာထင်အောင် တို့တွင် အကြီးဆုံး အစ်ကိုကြီး ဖြစ်သည်။ ကိုလိုနီခေတ် အိန္ဒိယနိုင်ငံ လက်အောက်ခံ ပြည်နယ်တစ်ခုအဖြစ် နေထိုင်ခဲ့ရစဉ် ကာလအတွင်း က မြန်မာလူမျိုး များထဲမှ ပထမဦးဆုံး အိုင်စီအက်စ် အရာရှိဖြစ်သည့်အတွက် သူ့ကို အိုင်စီအက်စ် ဦးတင်ထွဋ်ဟု ခေါ်ဝေါ်လေ့ရှိသည်။ စာအလွန်တော် သည့်အပြင် ဥပဒေပညာ၊ စီးပွားရေးပညာ၊ အုပ်ချုပ်ရေး ပညာနှင့် သံတမန်ရေးရာတွင် သူမတူအောင် ထူးချွန်သူ တစ်ဦး ဖြစ်သည့်အတွက် အင်္ဂလိပ်များသာမ က နိုင်ငံတကာကပင် လေးစားရသူ ဖြစ်သည်။
သူ့ထက် အသက် နှစ်ဆယ်နီးပါးပိုကြီးကာ ဘက်စုံထူးချွန် သူ ဖြစ်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က မြန်မာ့ လွတ်လပ်ရေး အတွက် ဦးတင်ထွဋ်ကို လက်မလွှတ်နိုင်အောင် အသုံးပြုခြင်း ခံရသူ ဖြစ်သည်။ အမှန်တကယ်လည်း ဦးတင်ထွဋ် ကိုယ်တိုင် မြန်မာ့ လွတ်လပ်ရေး အလှည့်အပြောင်း ဖြစ်စေသည့် အောင် ဆန်း အက်တလီ စာချုပ်နှင့် ပင်လုံစာချုပ်များ အကောင်အထည် ပေါ်ပေါက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ မြန်မာနိုင်ငံအတွက် အကျိုးပြုခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့၏ အတွင်းရေးမှူး သဖွယ် မြန်မာ့လွတ်လပ်ရေး အတွက် ထိပ်တန်းနေရာကနေ ပါဝင်ဆောင်ရွက် ပေးခဲ့သူလည်း ဖြစ်သည်။
၁၉၄၇ ဇူလိုင်လ ၁၉ ရက် ကြားဖြတ်အစိုးရအဖွဲ့ အစည်းအဝေးကို မတက်ဖြစ်သူများတွင် နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွဋ်နှင့် ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်းတို့လည်း ပါသည်။ ဗြိတိသျှ အစိုးရ ဝန်ထမ်းဟောင်း များကို လွတ်လပ်ရေးခေတ်တွင် ဆက်လက် ခန့်ထားရေး အပါအဝင် ပင်စင်လစာပေးရေး၊ ဘဏ္ဍာရေးကိစ္စများအတွက် လန်ဒန်သို့ သွားနေချိန်ဖြစ်၍သာ ကံကောင်းစွာဖြင့် လုပ်ကြံခံရမည့် ဘေးက လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဦးတင်ထွဋ်သည် နိုင်ငံတော် လုပ်ကြံမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု၊ တရားစီရင်မှုများကို မကျေနပ်နိုင်သေးဘဲ အချိန်ရလျှင် ရသလို သူ့နည်းသူ့ဟန်ဖြင့် စုံစမ်းထောက်လှမ်းမြဲပင် ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောအခါ ပထမဦးဆုံး နိုင်ငံခြားရေးဝန်ကြီးမှာ ဦးတင်ထွဋ် ဖြစ်လာ သည်။ နောက်တော့ ဘဏ္ဍာရေးဝန်ကြီး တာဝန်ကိုပါ ထမ်းဆောင်ရသည်။ လွတ်လပ်သော မြန်မာနိုင်ငံ အတွက် "နယူးတိုင်းမ် စအော့ဖ် ဘားမား" အမည်ဖြင့် အင်္ဂလိပ်ဘာသာ သတင်းစာကို စီမံထုတ်ဝေခဲ့သည်။ နာမည်ကြီး နေးရှင်းသတင်းစာ ထူထောင်သူ ဖြစ်လာသည့် ဦးလောရုံကို သတင်းစာ အယ်ဒီတာ ဖြစ်အောင် အလုပ်ပေးပြီး သတင်းစာသမား တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့သူ ဖြစ်သည်။ နိုင်ငံတော် လုပ်ကြံမှုနှင့် ပတ်သက်သော အချက်အလက်များကို စုံစမ်းကာ သူ၏သတင်းစာတွင် ဆောင်းပါးများ ရေးသား ဖော်ထုတ်ရန် ရည်ရွယ်ချက်လည်း ရှိသည်ဟု သိရသည်။
လွတ်လပ်ရေးရတာမှ တစ်နှစ် မပြည့်သေး ကာကွယ်ရေးဦးစီးချုပ်၊ ရဲချုပ်နှင့် အစိုးရအဖွဲ့ အတွင်းဝန်တို့ ပါဝင်သော နိုင်ငံတော် လုံခြုံရေးကောင်စီက ကွန်မြူနစ် သောင်းကျန်းမှုနှင့် ပတ်သက်၍ အစိုးရကို ဖိအားပေးသောကြောင့် ဝန်ကြီးချုပ်လုပ်သူ ဦးနုက ဦးတင်ထွဋ်ကို ဝန်ကြီးအဖြစ်ကနေ နုတ် ထွက်ခိုင်းသည်။ ကိစ္စမရှိပါ။ ကိန်းဘရစ် တက္ကသိုလ်ကနေ ဘွဲ့တွေ အများကြီးဖြင့် ထူးချွန်စွာ အောင်မြင်ထားသည့် ဦးတင်ထွဋ် ဝန်ကြီးရာထူးကနေ ထွက်ခဲ့သည်။
ဦးတင်ထွဋ်ကို လက်ဝဲဝါဒီများနှင့် ဆိုရှယ်လစ်များက ဗြိတိသျှ အားကိုးလွန်း သည့် လက်ယာ စွန်းရောက်သူအဖြစ် စွပ်စွဲကြသည်။ ပညာတတ်မာန် အပြည့်ရှိသောသူ၊ ဒီမိုကရေစီကို ယုံကြည်သူ တစ်ဦးအတွက် သတင်းစာ တစ်စောင်ဖြင့် တိုင်းပြည်နှင့် အစိုးရကို ထိန်းကျောင်းနိုင်မည်ဟု ယုံကြည်ထားသည်။ ကွန်မြူနစ်များ တောခိုပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့သော ပြည်သူ့ရဲဘော် တပ်ဖွဲ့များကလည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မူဝါဒရေးဆွဲရာကနေ နှစ်ဖွဲ့ကွဲကာ ရဲဖြူများက တောခိုသည်။ ဗမာ့သေနတ်ကိုင် တပ်ရင်းအချို့က လည်း တော်လှန်သော ဗမာ့တပ်မတော်အဖြစ် ကွန်မြူနစ်များနှင့် သွားရောက် ပူးပေါင်းသောအခါ ဦးတင်ထွဋ် လက်ပိုက် ကြည့်မနေနိုင်တော့။ ဗြိတိသျှ ဆင်းဟတ် စစ်တက္ကသိုလ်တက်ဖူးသူ၊ ဒုတိယ ကမ္ဘာစစ် အတွင်း အိန္ဒိယတပ်မတော် လက်အောက်တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းခဲ့ဖူးသူ ဖြစ်သောကြောင့် ပြည်ထောင်စု အရန်တပ်ဖွဲ့ Union Auxiliary Force ဖွဲ့စည်းပေးရန် တောင်းဆိုသောအခါ စစ်တပ် အင်အား နည်းပါးနေသော ဖဆပလအစိုးရက ဦးတင်ထွဋ်ကို UAF အဖွဲ့၏တပ်မှူးအဖြစ် အလွယ်တကူ ခွင့်ပြုခဲ့သည်။
တရားဝင် ဖြစ်စေရန်အတွက် မြန်မာ့တပ်မတော်၏ ဗိုလ်မှူးချုပ် အဆင့်အတန်းကို တိုက်ရိုက် ခန့်ထားပေးခဲ့သည်။ ဦးတင်ထွဋ်ကတော့ သူ့စိတ်ကူးနှင့်သူ ဗြိတိသျှတပ်မတော်တွင် တာဝန်ထမ်းဖူး သူများကို ပြန်လည်စုစည်းကာ UAF ကို ကြီးမားလာအောင် အမြန်ပြန်လည်ဖွဲ့စည်းခဲ့သည်။ တကယ်တော့ သူ့အတွက် ဦးစားပေးသည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အစိုးရကို အကာအကွယ် ပေးရေးပင် ဖြစ်သည်။ ကွန်မြူနစ်ဝါဒီများသာ စစ်ရေးတွင် အသာစီးရခဲ့ပါက ဒီမိုကရေစီ ဆိတ်သုဉ်းတော့မည်ကို သူ ကောင်းကောင်း သဘောပေါက်သည်။ ဒါကြောင့်လည်း ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ပါရစေဟု အစိုးရထံတွင် ခွင့်တောင်းခြင်း ဖြစ်သည်။
ဦးတင်ထွဋ်က သတိအမြဲထားသည်။ အလုပ်အလွန်လုပ်သူ တစ်ဦးဖြစ်သော် လည်း သူ၏ သတင်းစာအတွက် အမြဲတမ်း မမေ့မလျော့ဘဲ တိုက်ကို ပုံမှန်လာကာ ဖောင်ပိတ်လေ့ ရှိသည်။ တပ်မှူး တစ်ယောက် ဖြစ်လာချိန် တွင် ဂေါ်ရခါးလူမျိုး သက်တော်စောင့် နှစ်ဦးနှင့် အမြဲသွားလာလေ့ ရှိသည်။ ဝင်ဒီလော ရုံရေးသားသော စာအုပ်တွင် ဦးတင်ထွဋ်က သတင်းစာတိုက်၌ အစည်းအဝေး လုပ်ချိန်မှာတောင် ကျည်ဆန် အပြည့်ထည့်ထားသည့် သေ နတ်ကို စားပွဲပေါ် တင်ထားကြောင်း ဖော်ပြခဲ့သည်။ မတော်တဆ ကျည်ဆန် ထွက်သွားမှာကို စိုးရိမ်သော ဦးလောရုံက အစည်းအဝေး လုပ်တိုင်းနှင့် သူ၏ရုံးခန်းတွင် စကားပြောတိုင်း သေနတ်ပြောင်းနှင့် လွတ်သော နေရာ တွင်သာ အမြဲနေလေ့ရှိကြောင်း ဦးတင်ထွဋ်အကြောင်း မှတ်စုရေး ထားခဲ့သည်။
သတင်းစာတိုက်က ဗိုလ်အောင်ကျော်လမ်း၊ အထက်ဘလောက်တွင် ရှိသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် ထုံးစံအတိုင်း သတင်းစာတိုက်မှ သက်တော်စောင့် နှစ်ဦးနှင့်အတူ ပြန်ဖို့ ကားပေါ် အတက်တွင် မှောင်ရိပ်ထဲမှ ထွက်လာသူ တစ်ယောက်က ဦးတင်ထွဋ် စီးသော ဖို့ဒ်စတေရှင် ဝက်ဂွန်းအမျိုးအစား ကားအစိမ်းရောင် နံပါတ် R-4022 အတွင်းသို့ လက်ပစ်ဗုံး ပစ်ထည့်သွား သည်။ ပေါက်ကွဲမှုကြောင့် ကားပါ မီးလောင်သွားခဲ့သည်။ ကိုယ်ရံတော် နှစ်ဦး သွေးအလိမ်းလိမ်းဖြင့် ဒဏ်ရာအပြင်းအထန် ရသွားသလို ဦးတင်ထွဋ် ကိုယ်တိုင် လည်း ခြေထောက်တွင် မီးလောင်ဒဏ်ရာတွေ ရသည်။
မျက်နှာနှင့် မေးရိုးတွင် ထိခိုက်မှုရှိသော်လည်း သေလောက်အောင် ပြင်ပ ဒဏ်ရာ ကြီးမားစွာ မရသော ဦးတင်ထွဋ်ကို ရန်ကုန်ဆေးရုံကြီးကို ချက်ချင်းပို့သည့် အချိန်မှစ၍ နာကျင်မှုကြောင့် ညည်းသံမှတစ်ပါး စကားလုံးဝ မပြောနိုင်။ နောက်တစ်နေ့ထုတ် သတင်းစာများတွင် ဦးတင်ထွဋ် လုပ်ကြံခံရသော သတင်း ပါလာသည်။ သက်တော်စောင့် နှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန် သောကြောင့် အသက်ဆုံးရှုံး သွားသော်လည်း ဦးတင်ထွဋ် ဒဏ်ရာ ပြင်းထန်စွာမရရှိဟု ရေးသားကြသည်။ သို့သော် ထိုသတင်းပါလာသော စက်တင်ဘာ ၁၈ ရက်နေ့မှာပင် ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ ပြင်ပဒဏ်ရာ မကြီးမားဘဲ သေဆုံးမှုကြောင့် အလောင်းကို ခွဲစိတ်စစ်ဆေးအခါမှ နားရွက်ထဲကနေ ဝင်သွားသော ဗုံးဆန်အစလေးတစ်စက ဦးနှောက်အထိ ရောက်သွားကာ သွေးယို စိမ့်မှုကြောင့် အသက်ပျောက်ခဲ့ရကြောင်း ကြီးကြပ်ခွဲစိတ် ကုသပေး ခဲ့သူ ဒေါက်တာဘသန်းက အတည်ပြု သည်။
ထိုလုပ်ကြံမှုကို စုံစမ်းစစ်ဆေးဖို့အတွက် ရန်ကုန် ရဲမင်းကြီးအဖြစ် ယာယီတာဝန် ယူထားရသည့် ဦးဘအေး၏ တာဝန်ဖြစ်လာသည်။ ချိန်ကိုက်ဗုံးလား၊ လက်ပစ်ဗုံးလား ဆိုတာ အငြင်းပွားနေကြတာနှင့် အချိန်တွေ ကုန်ပြန်သည်။ နောက်ဆုံး ရန်ကုန်တွင် ရှိနေသည့် ဗြိတိသျှစစ်မစ်ရှင်မှ လက်နက်ပါရဂူကို စုံစမ်းစစ်ဆေး စေသောအခါမှ အဖြေထွက်သည်။ ပေါက်ကွဲမှုနှင့် ဗုံးဆန်လွင့်စင်ပုံ လမ်းကြောင်းများအရ ပါရဂူက လက်ပစ်ဗုံး ဖြစ်ကြောင်း အတည်ပြုပေးသည်။ ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ သစ်ပင်ရိပ်တွင် ညဘက်မှောင် ရိပ်ခိုနေသော လုပ်ကြံသူက ဦးတင်ထွဋ်တို့ ကားပေါ်တက် အပြီးတွင် အပြေးလာပြီး လက်ပစ်ဗုံးကို ပစ်သွင်းသွားခြင်း ဖြစ်သည်ဟု အဖြေထုတ်ပေးသည်။ တရားခံကို ရှာဖို့ကတော့ ရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သည်။ အငြိမ်းစား ရဲမင်းကြီး ဦးဘအေး ဘဝခရီးနှင့် အတွေ့အကြုံများ စာအုပ်တွင် ဦးတင်ထွဋ် လုပ်ကြံခံရမှု အတွက် စုံစမ်းစစ်ဆေးသူက အလယ်ပိုင်း ရဲဝန်ထောက် ဦးတင်အောင်ဖြစ်ပြီး သူကိုယ်တိုင်ကမူ ကြီးကြပ်သူအဖြစ် ဆောင်ရွက်ရ သည်။ သူတာဝန်ယူ နေစဉ် ကာလအတွင်း စုံစမ်း ထောက်လှမ်းရေး ရဲဝန် ဦးစိုးမြင့်က ဦးဘအေးအား ရှဲဒိုး နောက်ယောင်ခံ လိုက်နေသူ တစ်ဦး ရှိကြောင်းနှင့် သတိ အမြဲထားဖို့ အသိပေးလာသည်။ ဦးဘအေးကလည်း အထက်အရာရှိဖြစ်သူ ရန်ကုန်ရဲမင်းကြီး ဦးအောင်ချိန်ထံ ထိုအကြောင်းကို တင်ပြသည်။
သူက "အေးဗျာ ဒါဆို ကိုဘအေး ဒီအမှုကို သတိနှင့် လိမ်လိမ်မာမာ ကိုင်ပေါ့" ဟု အဖြေပြန် ပေးခဲ့သည်။ ဒါကို ဦးဘအေးက "ဦးအောင်ချိန် ပြော လိုသည်မှာ ထိုအမှုကို ကြိုးစားပမ်းစား မလိုက်ဘဲထားရန် ဖြစ်ပုံရသည်" ဟု ကောက်ချက် ချခဲ့ပါသည်။ ထို့ကြောင့်သူလည်း နောက်ထပ် အထူး လှုပ်ရှားမှုများ မပြုလုပ်တော့ကြောင်း သူ၏ဘဝ ခရီးနှင့် အတွေ့အကြုံများ စာအုပ်တွင် ဦးတင်ထွဋ် လုပ်ကြံခံရမှု အကြောင်းကို ရေးသား ဖော်ပြခဲ့ သည်။ ဦးတင်ထွဋ် လုပ်ကြံခံရချိန်တွင် တပ်မတော်ရာထူး မှာ ဗိုလ်မှူးချုပ် အဆင့်အတန်း ဖြစ်သည်။ ကာကွယ်ရေး ဦးစီးချုပ်က ကရင်လူမျိုးဖြစ်သူ ဗိုလ်ချုပ်ကြီးစမစ်ဒွန်း၊ ဒုတိယ ဦးစီးချုပ်ဖြစ်သူက ဗိုလ်မှူးချုပ် ရာထူးဖြင့် စောကြာဒိုး၊ ရဲချုပ်ဖြစ်သူ ဦးထွန်းလှအောင်၏ စစ်ဘက်ရာထူးက ဗိုလ်မှူးချုပ်အဆင့် ဖြစ်သည်။ သူတို့အားလုံး ဗြိတိသျှ စစ်တက္ကသိုလ် ၏ လေ့ကျင့်မှုကို ရထားသူများ ဖြစ်ကြသည်။ ဗမာ့သေနတ်ကိုင် တပ်ရင်း အချို့ ကွန်မြူနစ်နှင့် ပေါင်းကာ တောခိုပုန်ကန်ခြင်းကြောင့် တပ်မတော်တွင် မျက်နှာပန်းမလှ ဖြစ်နေသူက ဂျပန်ခေတ် လက်ကျန် ဗိုလ်မှူးချုပ်နေ ဝင်း ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးမှာ ဗိုလ်လက်ျာဖြစ်သည်။ ဦးတင်ထွဋ် လုပ်ကြံခံရပြီး လပိုင်းအကြာမှာပင် ကရင်လက်နက်ကိုင် လှုပ်ရှားမှုများ ပေါ်ပေါက်လာပြီး အင်းစိန်ကို သိမ်းပိုက်ကာ ကရင်သေနတ်ကိုင် တပ်ရင်းများ ပုန်ကန်မှု ပေါ်ပေါက်လာခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာ အပါအဝင် ဗိုလ်ချုပ်ကြီးစမစ်ဒွန်းနှင့် ဗိုလ်မှူးချုပ် စောကြာဒိုးတို့ ရာထူးက အနားပေးခံလိုက်ရသည်။ ထိပ်တန်း ကရင်အရာရှိ အများအပြား ပါဝင်သလို တပ်မတော် ဗိုလ်မှူးချုပ်ရာထူးဖြင့် ရဲချုပ်လုပ်နေသူ ဦးထွန်းလှအောင်ပါ ရာထူးမှ ပြောင်းရွှေ့ခြင်း ခံရပြီး အင်္ဂလန်နိုင်ငံသို့ သံအမတ်အဖြစ် အပို့ခံလိုက်ရသည်။ အစိုးရထိပ်တန်း အရာရှိကြီးတစ်ဦးနှင့် သူ၏ ကိုယ်ရံတော် ဂေါရခါး ရဲဘော်တစ်ဦး သေဆုံးခဲ့ရသော လုပ်ကြံမှုက ဇာတ်မျောကြီးဖြစ်ကာ ဖိဖိစီးစီး လုပ်ကိုင်မည့်သူ မရှိဘဲ အမှန်တရား ပျောက်ကွယ်ခဲ့ရသည်မှာ နှစ်ပေါင်း ခုနစ်ဆယ်နီးပါးပင် ရှိလာပြီး ယနေ့တိုင်အောင် အဖြေရှာမရသေး။ အထက်တွင် ဖော်ပြခဲ့ သည့်အတိုင်း ဦးတင်ထွဋ် လုပ်ကြံမှု ပေါ်ပေါက်ပြီး နောက်ပိုင်း တပ်မတော် ထိပ်တန်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေဖြစ်ကာ ပြိုင်ဘက်အားလုံးကို ကျော်လွှား၍ ဗိုလ်ချုပ်ကြီးနေဝင်းအဖြစ် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့သည်။ သူ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး နောက် ပိုင်းတွင် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းတွေက ပိုမိုမြန်ဆန်လာပြီး ဒီမိုကရေစီ ပျောက်ဆုံးသည်အထိ ဆိုးကျိုးတွေ ဆက်တိုက် ဖြစ်ပေါ်လာ ခဲ့တာ သမိုင်းသက်သေပင် ဖြစ်ပါတော့သည်။
ဦးတင်ထွဋ် လုပ်ကြံခံရခြင်းအတွက် ဗြိတိသျှအစိုးရပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝမ်းနည်း ကြသည်။ လွတ်လပ်ရေး အကြိုကာလ မြန်မာ ပညာတတ်လောက၏ မီးရှူးတန်ဆောင်ဖြစ်သူ ဦးတင်ထွဋ်ကို ဆုံးရှုံးခဲ့ရသည့် အတွက် အားလုံးက နှမြောကြသည်။ ဦးတင်ထွဋ်ကို ထပ်မံဆုံးရှုံး ခဲ့ရခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းကို လက်လွှတ် လိုက်ရပြီး ဖြစ်သည့် မြန်မာနိုင်ငံအတွက် နောက်ထပ် အကြီးမားဆုံး နစ်နာမှုဖြစ်သည်။ နှစ်ဦးစလုံး မသမာသူများ၏ နိုင်ငံရေး လုပ်ကြံမှု ကြောင့် ကျဆုံးခဲ့ရရှာသည်။ ဦးတင်ထွဋ် သတ်ဖြတ်ခံရခြင်းက လက်သည် မရှာနိုင်သည့်အတွက် သာ၍ပင်ဆိုးသည်ဟု ပြောရပါလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်သွားသည့် သမိုင်းဝင် ဓာတ်ပုံများထဲတွင် သူနှင့် ဦးတင်ထွဋ်တို့ နှစ်ဦးသားကို ပြုံးရွှင်စွာဖြင့် ယနေ့အချိန်အထိ မြင်နေရဆဲ ပင် ဖြစ်သည်။ လွတ်လပ်တော့မည့် မြန်မာနိုင်ငံအတွက် သူတို့တွေးပျော်နေခြင်း သာ ဖြစ်မည်။ ထိုပုံကိုမြင်တိုင်း အမိမြန်မာ နိုင်ငံ ကတော့ မျက်ရည်ဝဲမိမှာ သေချာပါသည်။ နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့် လာပြီဖြစ်သော လက်သည် မပေါ်သည့် နိုင်ငံရေး လုပ်ကြံမှု အကြောင်း ပြန်လည် တင်ပြလိုက်ရပါသည်။
==================
လှမျိုးထွန်း
The Ladies News
http://www.theladiesnewsjournal.com/articles/thu-2017-11-23-1623/8289
Subscribe to:
Post Comments (Atom)

No comments:
Post a Comment