Thursday, 23 November 2017
ကမ္ဘာက အသိအမှတ်ပြုတဲ့ အထိန်းအမှတ်နေ့စွဲတိုင်းမှာ တမူကွဲပြားတဲ့ သီးခြားအရောင်လေးတွေ ရှိပါတယ်။ ဥပမာ ဟောလိုးဝင်းနေ့ရဲ့ အပြင်အဆင်တွေဆိုရင် ယေဘုယျအားဖြင့် လိမ္မော်ရောင်နဲ့ အမဲရောင်ဖြစ်ပြီး ချစ်သူများနေ့ကတော့ အနီရောင်၊ အဖြူရောင်နဲ့ ပန်းရောင်တို့ကို ဖောဖောသီသီ အသုံးပြုမှုကြောင့် ထင်ရှားပါတယ်။ အခု ခရစ္စမတ်ရာသီက ရောက်တော့မယ်ဆိုတော့ တစ်ကမ္ဘာလုံး အနီရောင်နဲ့ အစိမ်းရောင် အဆင်အယင်တွေကို မြင်တွေ့နေရပါပြီ။
လူ့အဖွဲ့အစည်းက ခရစ္စမတ်နေ့ကို ဒီလိုအရောင် အတွဲအစပ်နဲ့ တွဲမှတ်လာခဲ့ကြတာ ကြာပါပြီ။ ကျွန်တော်တို့အားလုံးလည်း အစိမ်းရောင်နဲ့ အနီရောင်ကို ကွတ်ကီးတွေနဲ့ နေအိမ်တွေကို အလှဆင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလို့ မှတ်ယူထားကြပါတယ်။ ဘာကြောင့် အနီရောင်နဲ့ အစိမ်းရောင်ကို သုံးကြတာလဲဆိုတာကို ကျွန်တော်တို့တွေ မေးခွန်းတောင်မထုတ်ဘဲ သုံးလာခဲ့ကြတာပါ။
ဒါပေမယ့် ခရစ္စမတ်မှာ အနီရောင်နဲ့ အစိမ်းရောင်ကိုပဲ ဘာကြောင့် သုံးလာခဲ့ကြတာလဲ ဆိုတာကို မသိချင်ကြဘူးလား။
ဒါတွေက ရာစုနှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့တာပါ။ အရင်တုံးက ဒီအရောင်တွေကို တခြားနေ့စွဲတစ်ခုကို ကျင်းပဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ ရှေးဟောင်းဆဲလ်တစ် လူမျိုးတွေဟာ အနီရောင်နဲ့ အစိမ်းရောင် စီခြယ်ထားတဲ့ ဟော်လီပင် (ဆူးပါပြီး အနီရောင်အသီးသီးတဲ့ အမြဲစိမ်းသစ်ပင်တစ်မျိုး) ကို ဆောင်းရာသီကုန်ဆုံးချိန်မှာ ကမ္ဘာကြီးလှပနေစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ပွဲတော်တွေမှာ အသုံးပြုခဲ့ကြပါတယ်။
နောက်ပိုင်းမှာ ဆောင်းယဉ်စွန်းတန်းချိန်ကို ရောက်တိုင်း ဆဲလ်တစ်နဲ့ အခြားယဉ်ကျေးမှုတွေဟာ အထိန်းအမှတ် အခမ်းအနားတွေ ဆင်ယင်ကျင်းပ ကြပါတယ်။ အဲဒီအခါမှာ သူတို့ရဲ့အိမ်တွေကို ဟော်လီပင်တွေနဲ့ အလှဆင်ခြင်းဖြင့် အကာအကွယ်နဲ့ ကံကောင်းခြင်းတွေ ရောက်ရှိလာမယ်လို့ ယုံကြည်ကြပါတယ်။
အနီရောင်နဲ့ အစိမ်းရောင်ကို တွဲဖက်ခြင်းကို (၁၄) ရာစုထိတိုင်အောင် သုံးစွဲလာကြပါတယ်။ နောက်ပိုင်းမှာ အလယ်ခေတ် ဘုရားရှိခိုးကျောင်းတွေမှာလည်း အနီ-အစိမ်း အရောင်အတွဲအစပ်ကိုပဲ ဆက်လက်အသုံးပြုလာကြပါတယ်။ အဲဒီဘုရားရှိခိုး ကျောင်းတွေမှာ ဘုန်းတော်ကြီးနဲ့ စင်မြင့်ကြားက အကာအရံလေးကို အနီရောင်၊ အစိမ်းရောင် မှန်ချပ်တွေနဲ့ ကာရံကြပါတယ်။ ကိန်းဘရစ်ခ်ျ တက္ကသိုလ်က သုတေသီသိပ္ပံပညာရှင် Dr. Spike Bucklow ကတော့ နှစ်တစ်နှစ်ရဲ့ကုန်ဆုံးခြင်းနဲ့ နှစ်သစ်တစ်ခု စတင်ခြင်းကို အမှတ်အသားပြုတဲ့အနေနဲ့ ဒီအရောင်တွေကို တွဲစပ်ကြတာ ဖြစ်မယ်လို့ ယူဆထားပါတယ်။
ဘာသာရေးကိစ္စတွေကို ဘေးဖယ်ထားလိုက်မယ်ဆိုရင် အနီ-အစိမ်း အရောင်တွဲစပ်မှုဟာ ခရစ္စမတ်ရဲ့ တရားဝင်အရောင် ဖြစ်လာခဲ့ခြင်းအတွက် လူတစ်ယောက်ကို ကျွန်တော်တို့ ကျေးဇူးတင်ရပါမယ်။ အဲဒါကတော့ Haddon Sundblom ပါပဲ။ သူ့နာမည်ကို မကြားဖူးသေးဘူးလား။ သူကတော့ ကိုကာကိုလာကုမ္မဏီရဲ့ ကြော်ငြာတွေကို ဒီဇိုင်းဆွဲပေးတဲ့ ဒီဇိုင်နာပါပဲ။ သူဟာ ကိုကာကိုလာ ကြော်ငြာတွေအတွက် ဆန်တာကလော့ခ် (ခရစ္စမတ် ဘိုးဘိုးကြီး) ကို ဒီဇိုင်းဆွဲခဲ့သူလည်း ဖြစ်ပါတယ်။
အဲဒီမတိုင်ခင်တုံးကတော့ ဆန်တာကလော့ခ်ကို အနုပညာရှင်တွေက ပုံစံအမျိုးမျိုးနဲ့ ပုံဖော်ခဲ့ကြတာပါ။ အဲဒီမတိုင်ခင်တုံးက ဆန်တာဟာ ပိန်ပိန်ပါးပါးလူတစ်ယောက်ဖြစ်ပြီး ဝတ်စုံဟာလည်း အပြာ၊ အစိမ်းနဲ့ အနီရောင် စသည်ဖြင့် အတည်တကျ မရှိပါဘူး။ Sundblom ကတော့ ဆန်တာကို ဝတုတ်တုတ်နဲ့ ဗိုက်ပူပူလူကြီးတစ်ယောက်အဖြစ် ပုံဖော်ဖို့ဆုံးဖြတ်ခဲ့ပြီး အနီရောင်ဝတ်ရုံကို ဆင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ (ကိုကာကိုလာရဲ့ ပင်ရင်းအရောင်ကလည်း အနီရောင်ကိုး။)
Secret Language of Color ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ Arielle Eckstut ကတော့ NPR ကို ပြောကြားခဲ့တာကတော့ အဲဒီဆုံးဖြတ်ချက်က အရာရာတိုင်းကို ပြောင်းလဲစေခဲ့တယ်လို့ ဆိုပါတယ်။ ကိုကာကိုလာ ကြော်ငြာဟာ လူသိများလာခဲ့ပြီး လူတွေက Sundblom ရဲ့ ဆန်တာကိုမှ ဆန်တာကလော့ခ်အစစ်လို့ ထင်လာကြပါတယ်။
ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ အနီရောင်ဝတ်စုံမှာ အစိမ်းရောင်အနားကွပ်ထားတဲ့ ဆန်တာကလော့ခ်ကိုပဲ ဆန်တာကလော့ခ်အဖြစ် မြင်လာခဲ့ကြပါပြီ။
တကယ်တော့ ခရစ္စမတ်ကို ပုံဖော်နေတဲ့ အနီရောင်နဲ့ အစိမ်းရောင်ရဲ့ သမိုင်းကြောင်းဟာ ဘာသာရေးမှာ အခြေတည်၊ ကြော်ငြာလုပ်ငန်းကြောင့် ခေတ်သစ်ဆန်လာပြီး နောက်ပိုင်းမှာ ပျော်ရွှင်မှုနဲ့ အားလပ်ရက်ဝိဉာဉ်ကို ပုံဖော်ပေးသူအဖြစ် အသက်ဝင်လာခဲ့ပါတယ်။
ဒါကြောင့် နောက်တစ်ခါ ကားမီးပွိုင့်မှာ အနီရောင်နဲ့ အစိမ်းရောင်မီးတွေကို မြင်တဲ့အခါ ဒီဆောင်းပါးလေးကို သတိရလိုက်ပါ။
Source: Reader's Digest
===========
Duwun
Subscribe to:
Post Comments (Atom)

No comments:
Post a Comment