Saturday, 25 November 2017
တစ်ခါတစ်ခါ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုကြည့်ပြီး ‘သူတို့ကိုယ်သူတို့ ဘာများထင်နေကြပါလိမ့်’ ဆိုပြီး ကျွန်တော်တွေးနေမိပါတယ်။ လမ်းလျှောက်ရင် မြောက်ကြွ မြောက်ကြွ။ ခြေဖျားလေးများထောက်လို့။ ရင်လေးများကော့လို့။ ပိုက်ဆံအိတ်ကို ချိုင်းကြားညှပ်လို့။ ဖုန်းကိုဟန်ပါပါကိုင်ပြီး မနားတမ်းပြောနေလိုက်တာ။ ကမ္ဘာပေါ်မှာ သူ့လောက်အရေးကြီးတာ သူပဲရှိတော့သလိုလို။ သူ့လောက်အရေးပါအရာရောက်တာ သူပဲရှိတော့သလိုလို။ ဖေ့စ်ဘွတ်မှာ ရေးကြသလို ‘ပြောလိုက်ရင် ဆရာကြီး၊ ချေးပါရင် အကြာကြီး’ ဆိုတဲ့လူစားမျိုးပေါ့။ သူသိ သူတတ် သူပဲကျွမ်းတဲ့ မဟာ့မဟာဆရာကြီးဆိုသူတွေ။ သြော်ခက်ပဲခက်ရချည့်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အဲဒီလိုဆရာကြီးတွေမှ အများကြီး။ တစ်ပုံကြီး။
တချို့ကျတော့လည်း ငါတကောကောနေတဲ့ လူစားမျိုးတွေပေါ့။ ပြောလိုက်သမျှ ‘ငါ’ ဆိုတဲ့စကားက ပါးစပ်ဖျားမှမချ။ ငါ ငါ့မိသားစု ငါ့ဆွေမျိုး ငါ့အသိုက်အ၀န်းဆိုတာချည်းပဲ။ ငါကောင်းစားရေးသမားတွေ။ အတ္တကိုရှေ့တန်းတင်ပြီး ငါလုပ်သမျှတင့်တယ်ပါတယ်ဆိုတဲ့ လူမျိုးတွေ။ ငါနဲ့ငါသာနှိုင်းစရာဆိုတဲ့ လူစားတွေ။ ကောင်းတာဆိုရင် ငါလုပ်တာ။ မကောင်းတာဆိုရင် သူလုပ်တာ။ အခွင့်အရေးယူဖို့ဆိုရင် ရှေ့ဆုံးက။ တာဝန်ယူဖို့ဆိုရင် နောက်ဆုံးက။ အဲဒီလိုအတ္တသမားတွေကို တွေ့တဲ့အခါ ကျွန်တော့်စိတ်ထဲ ‘သူတို့ ကိုယ်သူတို့ ဘာများထင်နေကြလဲမသိဘူး’ လို့ တွေးမိသွားပြန်ပါတယ်။
ကိုယ်ထင်ရာ ကိုယ်လုပ်နေကြတဲ့သူတွေ။ ရှေ့နောက်မစဉ်းစားဘဲ ထင်ရာစိုင်းနေကြသူတွေ။ အဲဒီလိုလူတွေကိုတွေ့တိုင်း ကျွန်တော့်စိတ်ထဲ ဘ၀င်မကျသဘောမတွေ့လှပါ။ ‘ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်’ ဆိုတဲ့လူစားတွေ။ ‘ငါ့လှေငါထိုး ပဲခူးရောက်ရောက်’ ဆိုတဲ့လူမျိုးတွေပါလားလို့ မတွေးဘဲမနေနိုင်ပါဘူး။ ဒီလိုလူစားတွေ ပေါများနေလို့လည်း ငါ့တိုင်းပြည်မကြီးပွားတာပဲလို့လည်း ဆက်တွေးနေမိပြန်ပါတယ်။ ကျွန်တော်ဟာ ကိုယ့်ပတ်ဝန်းကျင်ကိုယ်ကြည့်ပြီး ဘ၀င်မကျ အလိုမကျ စိတ်တိုင်းမကျဖြစ်နေသူတစ်ယောက်ပါပဲ။ စည်းမဲ့ကမ်းမဲ့ ဖြစ်သလိုနေတတ်တဲ့ သူတွေကိုတွေ့ရင် ပါးစပ်က ဘာမှမပြောပေမဲ့ စိတ်ထဲကနေ ‘စည်းပျက်ကမ်းပျက် ပရမ်းပတာတွေပဲ’ လို့ပြောနေမိပါတယ်။ ရေပေါ်ဆီတွေနောက်လိုက် ပေါ်ပြူလာတွေနောက်လိုက်။ အများညီရင် ‘ဤ’ ကို ‘ကျွဲ’ လို့ဖတ်။ လူစုလူဝေးနောက်လိုက်ပြီး မကောင်းမှုကျူးလွန်နေသူတွေ။ ကိုယ်ညံ့တာကို ၀န်မခံ။ ‘ခေတ်’ ကြောင့်ပဲဖြစ်ရသလိုလို။ ‘ခေတ်’ ပေါ်အပြစ်ပုံချ။ အများလုပ်လို့ လိုက်လုပ်ရတာပါလို့ ဆင်ခြေပေး။ သူတို့ကိုယ်သူတို့တော့ ဟုတ်နေကြတာပေါ့လေ။ တော်တော်ဆိုးတဲ့လူတွေပဲ။ သူတို့ကိုယ်သူတို့ ဘာများထင်နေကြပါလိမ့်။ သြော် ခက်ပဲခက်ရချည်ရဲ့။ ကျွန်တော့်မှာ အဲဒီလိုလူစားတွေကိုကြည့်ပြီး အတော်ပဲ စိတ်မသက်မသာဖြစ်နေမိပါတယ်။
ကျွန်တော့်အဖြစ်က ဘာနဲ့တူသလဲဆိုတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာထဲက ‘ကျူရိုးရှင်’ နဲ့တူနေပါတယ်။ တစ်ခါမှာတော့ ကျူရိုးရှင်ဟာ လှေကလေးတစ်စင်းကိုလှော်ပြီး နေ၀င်ချိန်ရှုခင်းလေးကို ငေးမောဖို့ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်လေးက တိမ်တွေအရမ်းလှတဲ့အချိန်ပေါ့။ နတ်တွေရေးဆွဲထားသလား ထင်မှတ်မှားရတဲ့ တိမ်ပန်းချီကားချပ်ကိုကြည့်ဖို့ ကျူရိုးရှင် ထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ ကျူရိုးရှင်အဖို့ ကံမကောင်းရှာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ပတ်ဝန်းကျင်က နေ၀င်ချိန်ကြည့်ချင်နေတဲ့ သူ့စိတ်ကူးကို နှောင့်ယှက်ဖျက်ဆီးနေလို့ပါပဲ။ သူ့ခမျာ နေ၀င်ချိန်ကို ကောင်းကောင်းမခံစားနိုင်ပါဘူး။ ကြည့်လေ ‘ငါးပျံ’ ဆိုတဲ့အကောင်က လတာပြင်ပေါ်မှာ ရှေ့ကျွမ်းထိုးလိုက် နောက်ကျွမ်းထိုးလိုက်နဲ့။ သူကျွမ်းထိုးဘယ်တော်လဲဆိုတာကို အစွမ်းပြနေလိုက်တာ တကယ်အမြင်ကတ်စရာပါပဲ။ နေ၀င်ချိန်ကြည့်ချင်တဲ့ ကျူရိုးရှင်ရဲ့အမြင်တွေ မကြည်လင်တော့ဘူး။ တော်တော်အာရုံနောက်တဲ့ ငါးပျံပါပဲ။ သူ့ကိုယ်သူ ဘာများထင်နေသလဲမသိဘူး။
မပြီးသေးဘူး။ နောက်ထပ် အာရုံနောက်စရာတစ်ခုရှိသေးတယ်။ ကျူရိုးရှင်ရဲ့ အကြားအာရုံကို ဒုက္ခပေးနေတဲ့ ဘုတ်မပေါ့။ အမယ်လေး အဲဒီဘုတ်မကလည်း ခေသူမဟုတ်ချေ။ သူ့အသံ ဘယ်လောက်ကောင်းကြောင်း ကြွားချင်ရှာလွန်းလို့ လတာပြင်အစွန်းကနေ ဟစ်ဟစ်ပြီး လွမ်းပြနေလိုက်တာ။ ကျူရိုးရှင်ခမျာ နားတွေကိုငြီးပါရောလား။ တော်ပါတော့လို့ ဟန့်လည်းမရ။ ရပ်ပါတော့လို့ တားလည်းမရ။ လွမ်းပဲလွမ်းနိုင်လွန်းသဗျာ။ အရပ်ကိုမှ အားမနာ။ တကယ်ပါပဲ ဘုတ်မရယ်။ နင့်ကိုယ်နင် ဘာများထင်နေသလဲ။ ငါ့နှယ်နော် စိတ်များပဲညစ်ပါဘိ။ နေ၀င်ချိန်အလှတောင် ဘယ်ပျောက်သွားမှန်းမသိ။ သြော် ဒုက္ခ ဒုက္ခ။
ကျူရိုးရှင်၊ ငါးပျံ၊ ဘုတ်မ သူတို့ရဲ့ သုံးပွင့်ဆိုင် အဖြစ်အပျက်လေးကို ဆရာဇော်ဂျီက ဗေဒါလမ်းကဗျာအဖြစ် ဟောဒီလိုရေးချလိုက်ပါတယ်။
နေလုံးရယ်နီ
တိမ်ပန်းချီနေသွေးနဲ့၊
နတ်ရေးသည်သို့။
ဒီအကျပေမို့
အလှလတာပြင်က၊
ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလိုလို့။
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘယ်ပြောင်းညာပြန်နဲ့
ဟို ငါးပျံ လတာစွန်းမှာ၊
သူ့ကျွမ်းဟန်ချည့်။
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘုတ်မခုနစ်သံနဲ့
တညံညံ လတာစွန်းမှာ၊
သူ့လွမ်းသံ ချည့်။
ဆရာဇော်ဂျီ ဒီကဗျာကို စတင်ရေးဖွဲ့တော့ ဒီနေရာမှာတင်ရပ်သွားပါတယ်။ ဒါပေမဲ့ ဆရာက သူ့ကဗျာရဲ့အဆုံးသတ်ကို မကျေနပ်ဘူးဖြစ်နေပါတယ်။ ဒီနေရာမှာ ဒီကဗျာရေးဖြစ်ဖို့ ဆရာစိတ်ကူးရလာပုံလေးကို ပြန်ပြောပြချင်ပါတယ်။ တစ်ခါတော့ သတင်းစာထဲမှာ နိုင်ငံရေးအစုအဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ကြခိုက်ကြငြင်းခုန်ကြ ရန်ဖြစ်ကြ ငါတကောကောနေကြတာကို ဆရာဖတ်လိုက်ရပါတယ်။ အဲဒီအခါ ‘သူတို့ကိုယ်သူတို့ ဘာများထင်နေကြပါလိမ့်’ လို့ ဆရာတွေးမိသွားပါတယ်။ အဲဒီအတွေးလေးကို ဗေဒါလမ်းကဗျာတစ်ပုဒ်အဖြစ် ရေးဖွဲ့ဖို့ စဉ်းစားလိုက်မိပါတယ်။ အဲဒီအခါ ဆရာက သူ့အတွေးကို ကဗျာအဖြစ်ပုံဖော်ဖို့ရာ နိုင်ငံရေးအုပ်စုတွေကို ‘ငါးပျံ’ နဲ့ ‘ဘုတ်မ’ အဖြစ်ပုံဖော်ပြီး သူ့ကိုယ်သူတော့ ‘ကျူရိုးရှင်’ အဖြစ် ပုံဖော်လိုက်ပါတယ်။ ဒါပေမဲ့ သူ့အတွေးကို ကဗျာအဖြစ်ပုံဖော်လိုက်တဲ့အခါ စောစောက အထက်မှာ ကျွန်တော်ပြန်ရေးပြလိုက်တဲ့ အပိုဒ်သုံးပိုဒ်ပါ ကဗျာလေးပေါ်ထွက်လာပါတယ်။ သူ့ကဗျာဟာ မဆုံးသေးသလိုလို တစ်ခုခုလိုနေသေးသလိုလို ဆရာ့မှာဘ၀င်မကျဖြစ်နေမိပါတယ်။ ဒါနဲ့ ကဗျာကိုလက်စမသတ်နိုင်သေးဘဲ ဆရာ့စိတ်ထဲသွားလည်း တနုံ့နုံ့စားလည်း တနုံ့နုံ့စဉ်းစားမိတိုင်း တနုံ့နုံ့ဖြစ်နေပါသတဲ့။
ဒီလိုနဲ့ တစ်နေ့ မြို့ထဲကနေ ကားနဲ့ပြန်လာရာ ဆရာ့စိတ်ထဲမှာ ‘ငပျံကျတော့လည်း သူ့ကိုသူလျှင် ဘာထင်လေသည်မသိ၊ ဘုတ်မကျတော့လည်း သူ့ကိုယ်သူလျှင် ဘာထင်လေသည်မသိနဲ့၊ မင်းကရော မင်းကိုယ်မင်းဘာထင်လို့လဲ’ ဆိုတဲ့အတွေးတစ်ခု ဖျတ်ခနဲပေါ်လာပါသတဲ့။ အို အဲဒီအခါကျမှ ဆရာ့မှာ ၀မ်းသာလိုက်တဲ့ဖြစ်ချင်း။ အိမ်ကိုပြန်ရောက်ရောက်ချင်းမှာပဲ ကဗျာရဲ့အဆုံးသတ်ပိုဒ်ကို ဟောဒီလိုရေးချလိုက်ပါသတဲ့။
အိုအချင်း ကျူရိုးရှင်။
သူ့မူရာ သူ့အတိုင်း၊ မင်းဆိုခဲ့စဉ်။
မင့်ကိုယ်လဲ မင်းပင်လျှင်၊
ဘာထင်လို့ လေလဲ။
မဗေဒါ စုန်ဆန်လမ်းမှာ၊ ပန်းခဲ့သည်ဘဲ။
ဆရာဇော်ဂျီဟာ တစ်ဖက်သတ်ကျနေတဲ့ သူတစ်ပါးကိုပဲအပြစ်မြင်နေတဲ့ သူ့အတွေးကို သူပြန်မြင်ပြီး သူ့ကိုယ်သူဆုံးမလိုက်တဲ့သဘောနဲ့ သူ့ကဗျာကို အဆုံးသတ်ခဲ့ပါတယ်။ ကျူရိုးရှင်ဟာ ‘ငါးပျံ’ နဲ့ ‘ဘုတ်မ’ ကိုအပြစ်တင်ချင်တဲ့သဘောနဲ့ ‘သူတို့ကိုယ်သူတို့က ဘာထင်နေသလဲ’ လို့ပြောပါတယ်။ အဲဒီအခါ မဗေဒါက ကျူရိုးရှင်ကို ပြန်ပြောလိုက်ပါတယ်။ ‘ကျူရိုးရှင် မင်းကရော မင့်ကိုယ်မင်း ဘာထင်နေသလဲ’ တဲ့။ တကယ်တော့ မဆုံးနိုင်တဲ့ အပြစ်တင်သံသရာကြီးက စိတ်မောလူမောဖြစ်စရာကြီးပါပဲ။ သူ့ကိုကိုယ်က လက်ညှိုးထိုး။ ကိုယ့်ကိုလည်း တခြားသူက လက်ညှိုးထိုးနဲ့ လက်ညှိုးထိုးဇာတ်လမ်းတွဲကြီးက ဘယ်တော့အဆုံးသတ်ကြမှာလဲ။ ဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချစ်မ၀င်အပြစ်တင်နေကြဦးမယ်ဆိုရင် ကျွန်တော်တို့မျှော်မှန်းထားတဲ့ပန်းတိုင်ကို ဘယ်တော့အရောက်သွားနိုင်ကြမှာလဲ။ ကျွန်တော်တို့အားလုံးမျှော်လင့်ထားတဲ့ တိုင်းပြည်မျိုးကို ဘယ်လိုတည်ဆောက်ကြမှာလဲ။
မိမိပတ်ဝန်းကျင်ကလူတွေကို စိတ်ပျက်လက်ပျက်ကြည့်ပြီး ‘သူတို့ကိုယ်သူတို့ ဘာများထင်နေကြသလဲ’ လို့တွေးနေမယ့်အစား မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ဆင်ခြင်ပြီး ‘ငါ့ကိုယ်ငါ ဘာများထင်နေသလဲ’ လို့ တွေးလာနိုင်တဲ့တစ်နေ့မှာ ကျွန်တော်တို့အားလုံးမျှော်လင့်နေတဲ့ အနာဂတ်ပန်းတိုင်နဲ့ မဝေးတော့ဘူးလို့ ထင်ပါတယ်။
writer: မောင်ကြည်
==========
Eleven Media Group
http://news-eleven.com/features/22257
Subscribe to:
Post Comments (Atom)

No comments:
Post a Comment