Sunday, 5 November 2017

  

================== ================== မောင်တောမြို့နယ် မြောက်ပိုင်း မိုင်တိုင်အမှတ် ၄၅ နှင့် ၄၆ ကြား ဆာလီတောင်ရွာအနီး ဘင်္ဂလားဒေ့ရှ် - မြန်မာ ခြံစည်းရုံးနှင့် ကိုက် ၁၀၀ အကွာ ဘင်္ဂလားဒေ့ရှ် BGB နှင့် မြန်မာနယ်ခြားစောင့်တပ်တို့ ယနေ့ နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းက အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း အောင်သပြေနယ်ခြားစောင့် စခန်းမှ အတည်ပြုပြောကြားသည်။ ဖြစ်စဉ်မှာ အောင်သပြေနယ်မြေအပိုင် မိုင်တိုင်အမှတ် ၄၅ ကင်းစခန်းမှ တပ်သား (၄) ဦးဖြစ်သည့် ရဲတပ်သား မျိုးနိုင်၊ ရဲတပ်သား နိုင်ကိုကို၊ ရဲတပ်သား မျိုးမင်းနှင့် ရဲတပ်သား ထန်စွမ်းပြောင်းတို့သည် အောင်သပြေနယ်မြေရုံးက လစာထုတ်ပြီးအပြန် မိုင်တိုင် ၄၆ ဆာလီတောင်ရွာသို့အရောက်တွင် ဘင်္ဂလားဒေ့ရှ် BGB တပ်မှ လှမ်းပစ်ခတ်မှုကြောင့် အဆိုပါ တပ်သား (၄) ဦးကလည်း ပြန်လည်ပစ်ခတ်ခဲ့သည်။ ယင်းတပ်သား (၄) ထဲမှ တစ်ဦးဖြစ်သည့် ရဲတပ်သား ထန်စွမ်းပြောင်းသည် ဆိုင်ကယ်ဖြင့် အောင်သပြေနယ်မြေစခန်းသို့ သွားရောက်ပြီး စစ်ကူတောင်းခဲ့ရာ အောင်သပြေနယ်မြေမှူးနှင့်အဖွဲ့သည် လာရောက်ကူညီခဲ့သည်။ ကျန်နေခဲ့သည့် တပ်သား ၃ ဦးမှာ ဒဏ်ရာတစ်စုံတစ်ရာ မရရှိကြောင်း၊ လက်နက်ခဲယမ်းများ ပျောက်ဆုံးခြင်းမရှိကြောင်း၊ အောင်သပြေနယ်ခြားစောင့် စခန်းမှ တာဝန်ရှိအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။ ညနေ (၆) နာရီတွင် တပ်သား (၄) ဦးအပါအဝင် အောင်သပြေနယ်မြေမှူးနှင့်အဖွဲ့သည် စခန်းရှိရာသို့ ပြန်လည်ရောက်ရှိလာကြသည်။ ဘင်္ဂလားဒေ့ရှ်ဘက်က လှမ်းပစ်ခတ်မှုကို မြန်မာဘက်က ကန့်ကွက်စာ ပေးပို့သွားမည်ဖြစ်ကြောင်း အောင်သပြေနယ်ခြားစောင့် စခန်းမှ တာဝန်ရှိအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။ --- မောင်တော၊ နိုဝင်ဘာ ၅ ချလူးအောင်၊ DMG =========== Zin Moe

No comments:

Post a Comment