Monday, 21 December 2015

တရုတ်တွင် ဧရာမ မြေပြိုမှုများကြောင့် လူ ၉၁ ဦး ပျောက်ဆုံးနေ

 
ရှင်ကျင်းတွင် ဒီဇင်ဘာ ၂၁ ရက်က အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေနေသော ကယ်ဆယ်ရေးသမားများ

တရုတ်တွင် တရားမ၀င် မြေကြီး စွန့်ပစ်မှုများကြောင့် ဧရာမ မြေပြိုများ ဖြစ်ပွားခဲ့ပြီးနောက် စက်ရုံနှင့် လူနေအဆောက်အအုံ ၃၀ ကျော် ရွှံ့မြေ ဖုံးလွှမ်း ခံခဲ့ရပြီး ဒီဇင်ဘာ ၂၁ ရက်တွင် လူ ၉၁ ဦးခန့် ပျောက်ဆုံးနေကြောင်း သိရသည်။ ယင်းသည် လေးလအတွင်း တရုတ်၌ ဒုတိယမြောက် စက်မှုလုပ်ငန်း မတော်တဆမှုကြီး ဖြစ်လာခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက ရှင်ကျင်းမြို့ရှိ စက်မှုဇုန်ဆီသို့ မြေနီများနှင့် ရွှံ့မြေထုကြီးသည် ကြီးမားသော လှိုင်းလုံးအဖြစ် လူနေအိမ်များနှင့် စက်ရုံများကို အရှိန်ဖြင့် ဖြိုချဖျက်ဆီးခြင်း သို့မဟုတ် ဖုံးလွှမ်းသွားခြင်းကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင် သက်သေများက ပြောကြားခဲ့သည်။ ဒရုန်းများဖြင့် ရိုက်ကူးထားမှုတွင် ချောကလက်ရောင် ရွှံ့မြေများက အရှိန်ဖြင့် ၀င်တိုက်မိပုံနှင့် အဆောက်အအုံများပေါ် ဖုံးလွှမ်းနေပုံများကို မြင်တွေ့ခဲ့ရပြီး ထရပ်ကားများသည်လည်း စွန့်ပစ် ကလေးစရာ အရုပ်များကဲ့သို့ တွန့်လိမ် ကောက်ကွေးနေကြောင်း တွေ့ရှိခဲ့ရသည်။

မြေပြိုမှုသည် ဧရိယာ စတုရန်းမီတာ ၃၈၀၀၀၀ (ဘောလုံးကွင်း ၆၀ စာခန့်) အထိ ဖုံးလွှမ်းခဲ့ပြီး နေရာ အများအပြားတွင် မြေသားထု ၁၀ မီတာကျော်အထိ ဖုံးလွှမ်းခဲ့ကြောင်း ဟောင်ကောင်နှင့် နယ်စပ် ထိစပ်နေသော ရှင်ကျင်းမြို့မှ ဒုတိယ မြို့တော်ဝန် လျူ ချင်ရှန်းက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်တွင် ယင်းကဲ့သို့ ပမာဏကြီးမားသော မြေပြိုမှုသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း တရုတ်ရထားသိပ္ပံ အကယ်ဒမီမှ လျူကိုနန်က ပြောကြားခဲ့သည်။

ယင်းတောင်စောင်းရှိ မြေဆီတွင် ရေပါဝင်မှုနှုန်း မြင့်မားနေခြင်းကြောင့် လမ်းဖြတ်လျှောက်ရန်ပင် အလွန်အမင်း ခက်ခဲကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီအထိ လူ ၉၁ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ယင်းမြို့မှ အရေးပေါ် ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု Shenzhen Evening News က ဖော်ပြခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ စွန့်ပစ်မြေများကို သိုလှောင်ရာတွင် စနစ်မကျမှုကြောင့် ယင်းကဲ့သို့ မြေပြိုမှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု မြေနှင့်ရင်းမြစ်များဆိုင်ရာ ၀န်ကြီးဌာန၏ တရားဝင် သတင်းစာက ဖော်ပြခဲ့သည်။ ကျောက်မိုင်း တွင်းဟောင်း တစ်တွင်းတွင် ယင်းစွန့်ပစ်မြေများကို အမြင့် မီတာ ၁၀၀ (ပေ ၃၃၀) အထိ တရားမ၀င် စုပုံထားကြောင်း၊ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းစဉ် ယင်းစွန့်ပစ် မြေများသည် ရွှံ့မြေများ အဖြစ်သို့ ပြောင်းသွားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ
ဂလိုဘယ်တိုင်းမ်က ဖော်ပြခဲ့သည်။

ယင်းမြေပြိုမှုကြောင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တစ်လိုင်း ပေါက်သွားခဲ့ပြီး လေးကီလိုမီတာ (၂ ဒသမ ၅ မိုင်) အကွာမှပင် ပေါက်ကွဲသံ ကြားခဲ့ရကြောင်း ဆင်ဟွာသတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ ပြီးခဲ့သော လတွင်လည်း ကျေးလက်ဒေသ ကျီကျန်း ပြည်နယ်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူ ၃၈ ဦး သေဆုံးကာ လူနေအိမ် ၂၇ လုံးသည် မြေအောက် နစ်မြုပ်ခဲ့သည်။

Ref : AFP

Eleven Media Group

No comments:

Post a Comment