Tuesday, 22 December 2015

“ခိုင်သင်းကြည်ဘဝမှာ လျှို့ဝှက်ချက်ဆိုတာ ဘာတစ်ခုမှ မထားဘူး”


-----------------------------------------------------

ခိုင်သင်းကြည်နဲ့ တွေ့ဆုံခြင်း

(သန့်ဇင်ဦး)

နာမည်ကျော် သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ တွေ့ဆုံပြီး၊ လက်ရှိ ရိုက်ကူးနေတဲ့ မေတ္တာထားတာ အဟုတ်ကိုပဲ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက် အကြောင်း၊ အနုပညာ မှတ်တိုင်တစ်ခု ဖြစ်နိုင်တဲ့ ကောင်းကျိုးကိုယ်၌ တည်စေမင်း ရုပ်ရှင်ဇာတ်ကားအတွက် အကယ်ဒမီ ရင်ခုန်သံ၊ စိတ်ပျိုကိုယ်နုနေတဲ့ အကြောင်းရင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဒါရိုက်တာ ထွန်းအောင်ဇော်နဲ့ ရိုက်နေတဲ့ မေတ္တာထားတာ အဟုတ်ကိုပဲ ရုပ်ရှင်မှာ ဘယ်လိုပုံစံမျိုး သရုပ်ဆောင်ရတာလဲ။

KTK : ဒီကားကတော့ ဟာသဇာတ်လမ်းလေးပါပဲ။ ဟာသဆိုပေမယ့် ပေါ့ပေါ့ပါးပါး ပုံစံမျိုးတော့ မဟုတ်ဘူး။ တကယ့်ကို ဇာတ်လမ်းနဲ့၊ ဇာတ်အိမ်ကြီးကြီးနဲ့ ရိုက်ထားတဲ့ ဟာသပေါ့။ ပြောရရင် ပေါ်ပင်ဟာသ မဟုတ်ဘူးပေါ့လေ။ ဒီကားမှာတော့ အစ်မရဲ့ ကာရိုက်တာက ကိုလူမင်းရဲ့ ညီမ၊ အပျိုကြီးပေါ့။ ကိုလူမင်းရဲ့ မိန်းမကတော့ မဆင့် (မေသန်းနု) ပေါ့။ ကိုယ်က အစ်ကိုထက် ယောင်းမနဲ့ ပိုပြီးလုံးတယ်။ ယောင်းမနဲ့က ပိုပြီးတော့ စိတ်တူ၊ ကိုယ်တူ ရှိတာပေါ့။ ကိုလူမင်းရဲ့သား၊ ကိုယ့်တူလေး ဖြစ်တဲ့ အောင်မင်းခန့်နဲ့ ဖြိုးငွေစိုးရဲ့ တူမဖြစ်တဲ့ ဝင့်ယမုံလှိုင်တို့ကို ပေးစားဖို့အလုပ်မှာ တစ်ချိန်က ဇာတ်လမ်းဟောင်းတွေ ပြန်ဆက်မိပြီး ပြဿနာတွေ တက်တာပေါ့။ ကိုဖြိုးနဲ့ မခိုင်နဲ့က တစ်ချိန်က ဇာတ်လမ်းရှိခဲ့ဖူးတယ်။ နောက်ပိုင်းမှာတော့ အလွဲလေးတွေ၊ အပျော်လေးတွေနဲ့ ဇာတ်ကို သိမ်းထားတယ်။

Voice : ဦးထွန်းအောင်ဇော်နဲ့က နဂါးလမ်းလို ဒရမ်မာ ဇာတ်ကားတွေပဲ တွဲရိုက်ခဲ့ဖူးတာနော်။ ဟာသရုပ်ရှင်မှာ ပြန်ဆုံတော့ ဘယ်လိုအတွေ့အကြုံတွေရလဲ။

KTK : ဦးထွန်းအောင်ဇော်နဲ့ကတော့ နဂါးလမ်း ဒီဗီဒီ ဇာတ်ကားရိုက်တုန်းက ဆုံဖူးပါတယ်။ နဂါးလမ်း ဒီဗီဒီက ပါပါကြီး (ဒါရိုက်တာ မောင်တင်ဦး) ရိုက်တယ်ဆိုပေမယ့် များသောအားဖြင့်ကတော့ ဦးထွန်းအောင်ဇော်ပဲ လိုက်ရိုက်ပေးရတာပေါ့နော်။ တောထဲတောင်ထဲမှာ ရိုက်ရတဲ့အခါမျိုးတွေ၊ အဝေးကြီးတွေသွားပြီး ရိုက်ရတဲ့အခါတွေမှာကျတော့ ပါပါကြီးက လိုက်ဖို့ ခက်ခဲတဲ့အတွက် ဦးထွန်းအောင်ဇော်ကပဲ ရိုက်ပေးရတာပေါ့။ နဂါးလမ်းဇာတ်ကား ရိုက်ကတည်းက ဦးထွန်းအောင်ဇော်နဲ့ ခင်ခဲ့တယ်။ သူနဲ့က ကြားထဲမှာ ဇာတ်ကားတွေ အများကြီးတော့ မရိုက်ဖူးဘူး။ အခုမှ ပြန်ဆုံဖြစ်တာပါ။

Voice : ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ရိုက်တဲ့ အောင်စေပိုင်စေ ရုပ်ရှင်မှာလည်း နည်းနည်း ယောက်ျားဆန်တဲ့ ပုံစံမျိုးနဲ့ တွေ့ရတယ်နော်။ အဲ့ဒီကားက အက်ရှင်၊ ဟာသပုံစံမျိုး ထင်တယ်နော်။

KTK : အဲဒီကားကလည်း ဟာသကားဆိုပေမယ့် နည်းနည်းကွဲထွက်တယ်။ အခုရိုက်နေတဲ့ ကားကကျတော့ ဟာသဆိုပေမယ့် မိသားစုတွေကြားမှာ ဖြစ်တဲ့ ဟာသပေါ့နော်။ ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ရိုက်ခဲ့တဲ့ အောင်စေပိုင်စေ ရုပ်ရှင်ကတော့ ဖိုက်တင်၊ ဟာသပုံစံမျိုးပါ။ အဲဒီကားကလည်း ထူးထူးဆန်းဆန်းလေးပဲ။ မင်းသားနှစ်လက်ဖြစ်တဲ့ ကိုလူမင်းနဲ့ နေတိုးက ငပွေးနှစ်ယောက်ပေါ့။ ကိုယ်က သူတို့ကို လူဆိုးတွေလက်က ကယ်ရင်းနဲ့ သူတို့နဲ့ အဖွဲ့ကျသွားတဲ့ ဇာတ်မျိုးပေါ့။ အခုနောက်ပိုင်း ရိုက်တဲ့ဟာသကားတွေက ပြောက်သောက်ရိုက်တာ မဟုတ်ဘဲ Plot တွေနဲ့၊ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကြတယ်။

Voice : ဒီနှစ်ထဲမှာ ဗီဒီယိုထက် ရုပ်ရှင်ကားကြီးတွေ ပိုရိုက်ဖြစ်တယ်နော်။ လက်ရှိဖြစ်နေတဲ့ Pre နဲ့ မူပိုင်တိုက်ပွဲကိုရော ဘယ်လိုမြင်မိလဲ။

KTK : ဒီနှစ်ထဲမှာ ကားကြီးတွေက ရိုက်ဖြစ်ပါတယ်။ ဗီဒီယိုကကျတော့ ထုတ်လုပ်သူတွေ ကိုယ်တိုင်က သိပ်မရိုက်ကြတော့ဘူးလေ။ လက်ရှိဖြစ်နေတဲ့ Pre နဲ့ မူပိုင်ကိစ္စတွေ အပေါ်လည်း မမြင်တတ်ပါဘူး။ ကိုယ်က အသက်သာကြီးတာ။ အတွေးအခေါ်က အဲ့ဒီလောက်ကြီး မကြီးတဲ့အတွက် နားမလည်ဘူး။ လောလောဆယ်ကတော့ ဗီဒီယိုတွေက မရိုက်ကြတဲ့အတွက် ကိုယ်လည်း မရိုက်ရဘူးပေါ့။

Voice : ကောင်းကျိုးကိုယ်၌ တည်စေမင်း ရုပ်ရှင်က ရုံတင်ပြီးပြီဆိုတော့ ပရိသတ်တွေဆီက ဘယ်လိုဝေဖန်သံတွေ ကြားရလဲ။ ကိုယ့်အတွက် အနုပညာမှတ်တိုင်ဖြစ်မယ့် ကားတစ်ကားလို့ ပြောလို့ရလား။

KTK :  ဒီကားမှာ ကိုယ်သရုပ်ဆောင်ခဲ့ရတာကို အရမ်းအားရတယ်။ ကျေနပ်ပါတယ်။ ဒီလိုကာရိုက်တာမျိုး ဆိုတာလည်း ကိုယ့်ဆီနောက်တစ်ကြိမ် ရောက်လာဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ်လည်း အစွမ်းကုန် ကြိုးစားထားပါတယ်။ အက်တင်၊ အမူအရာ အစအဆုံး၊ အဝတ်အစား၊ အနေအထိုင် အပြောအဆို အကုန်လုံးကိုလည်း ဂရုစိုက်ထားပါတယ်။

Voice : အကယ်ဒမီက ပထမအကြိမ် ရခဲ့ပြီးပြီဆိုတော့ ဒုတိယအကြိမ် အတွက် အကယ်ဒမီ ရင်ခုန်သံကရော ဘယ်လိုရှိလဲ။

KTK :  အကယ်ဒမီကတော့ ပထမအကြိမ်ထက် ပိုပြီးတော့ ရင်ခုန်တာပေါ့။ ဒီတစ်ကြိမ် ရခဲ့မယ်ဆိုရင် ဇာတ်ဆောင်ဆုရမှာလေ။ ပထမအကြိမ်ထက်လည်း ပိုပြီးတော့ ရင်ခုန်တယ်။ ပထမအကြိမ်ထက် လုပ်ကွက်ရော၊ နေရာရော၊ ဇာတ်လမ်းရော ကောင်းနေတယ်။ အဲ့ဒီအတွက် အရမ်းရင်ခုန်ပါတယ်။

Voice : အနုပညာသက်တမ်း ရလာပေမယ့် ဒီအချိန်အထိ စိတ်ပျို၊ ကိုယ်နုပြီး၊ အရင်ကအတိုင်း သွက်လက်နေဆဲဖြစ်တဲ့ လျှို့ဝှက်ချက်က ဘာများဖြစ်မလဲ။

KTK :  မခိုင်ရဲ့ဘဝမှာ လျှို့ဝှက်ချက်ဆိုတာ ဘာမှမရှိဘူး။ ခိုင်သင်းကြည်ဘဝမှာ လျှို့ဝှက်ချက်ဆိုတာ ဘာတစ်ခုမှ မထားဘူး။ အကုန်လုံး ပွင့်ပွင့်လင်းလင်း၊ ပေါ်ပေါ်တင်တင်ပဲ နေတယ်။ ဘယ်ဟာမှ လျှို့ဝှက်ချက် မရှိဘူး။ အဲဒီအတွက် မခိုင်လေးရဲ့ လျှို့ဝှက်ချက်ကိုလည်း ဖော်ထုတ်လို့ မရဘူး။ စိတ်ကလည်း ဒီအတိုင်းပဲ။ အပူအပင် မထားဘူး။ ပျော်ပျော်နေတယ်။ စိတ်ဖိစီးမှုတွေရှိလို့ ဆိုပြီး တစ်နေရာရာကို ထွက်သွားလို့လည်း မရဘူးလေ။။ ကိုယ်က အလုပ်တွေ လုပ်ရဦးမယ်လေ။

Voice : ကိုယ်နဲ့ အနုပညာလောကကို အတူဝင်လာခဲ့တဲ့ သူတွေထဲက တချို့ဆို အမေခန်းက ရိုက်နေရပြီ။ ကိုယ်က ဒီအချိန်အထိ ခေါင်းဆောင်နေရာက ရိုက်ခွင့်ရနေတာ ဘာကြောင့်လို့ ထင်လဲ။

KTK :  ကိုယ်က အခုချိန်အထိ ခေါင်းဆောင်နေရာက ရိုက်ခွင့်ရတာက နံပါတ်တစ်ကတော့ ကိုယ့်ပရိသတ်ရဲ့ အားပေးမှုပေါ့။ နံပါတ်နှစ်ကတော့ ကိုယ့်ရဲ့ ပါရမီနဲ့ကံပေါ့။ နံပါတ်သုံးကတော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဘုရားပေးတဲ့ ရုပ်ရည်ပေါ့။

The Voice

No comments:

Post a Comment