ဒီဇင်ဘာ ၂၀ ရက်က ချင်းမိုင်မြို့မှ ၁၈ မိုင်အကွာ ဒွိုင်ဆခက် ခရိုင်၌ ချောက်ထဲကျသော ဘတ်စ်ကားမှ အသက်ရှင်ကျန်သူများကို ရှာဖွေနေသူများ
ထိုင်းတွင် ဒီဇင်ဘာ ၂၀ ရက်က ကမ္ဘာလှည့် ခရီးသွားယာဉ်တစ်စီး ချောက်ထဲ ထိုးဆင်းမှုကြောင့် မလေးရှား ခရီးသွား ၁၃ ဦး သေဆုံးခဲ့ကြောင်း ယင်းခရီးစဉ်၏ ခရီးသွားလုပ်ငန်းနှင့် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ မြောက်ပိုင်း ချင်းမိုင်မြို့မှ ၁၈ မိုင်အကွာ ဒွိုင်ဆခက် ခရိုင်၌ ဖြစ်ပွားခဲ့သော ယင်းတိုက်မှုသည် တောင်ထူထပ်သော အဝေးပြေးလမ်းတွင် ယာဉ်က လမ်းချော်၍ ချောက်ထဲ ထိုးဆင်းခဲ့ခြင်း ဖြစ်သည်။
မလေးရှား ခရီးသွား ၂၂ ဦး လိုက်ပါခဲ့သော ယင်းကားသည် ပစ်ကပ်ကား တစ်စီးကို တိုက်မိခဲ့ပြီး လမ်းချော်၍ ဓာတ်တိုင်ကို ၀င်တိုးပြီးနောက် လျှိုအတွင်း ထိုးဆင်းသွားခဲ့သည်။ ကားယာဉ်မောင်းသည် ထွက်ပြေးသွားခဲ့ပြီး ခရီးသည် ၁၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အမျိုးသမီး ရှစ်ဦး၊ အမျိုးသား ငါးဦး သေဆုံးခဲ့ကြောင်း ဒွိုင်ဆခက် ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသော ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ မလေးရှား ၁၂ ဦးနှင့် ထိုင်းဧည့်လမ်းညွှန် တစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းအာဏာပိုင်များက အကြောင်းကြားခဲ့သည်ဟု မလေးရှား ခရီးသွားလုပ်ငန်း Chiu Travel က ပြောကြားခဲ့သည်။
မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနက မလေးရှား ၁၃ ဦး သေဆုံးကြောင်း ပြောကြားခဲ့ပြီး ကွဲလွဲမှုများအတွက် ရှင်းလင်းချက်ကို မထုတ်ပြန်ခဲ့ပေ။ ထိုင်းသည် ကမ္ဘာတွင် အန္တရာယ် အများဆုံး လမ်းများရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လူ ၁၀၀,၀၀၀ လျှင် ၃၆ ဒသမ ၂ ဦး သေဆုံးပြီး ထိုင်း၏ လမ်းများသည် ကမ္ဘာတွင် ဒုတိယ အန္တရာယ် အကြီးဆုံး လမ်းများဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၅ ခုနှစ်တွင် လေ့လာ တွေ့ရှိထားသည်။ ယင်းအချက်အလက်သည် ၂၀၁၂ ခုနှစ်က ထိုင်းတွင် ရရှိသော အချက်အလက်ဖြစ်ပြီး ထိုနှစ်၌ ထိုင်းတွင် လမ်းမတော်တဆမှုကြောင့် သေဆုံးသူ ၁၄,၀၅၉ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားခဲ့သည်။
လေ့လာခဲ့သည့် နမူနာအရ ထိုင်းတွင် လမ်းမတော်တဆမှုကြောင့် သေဆုံးသူသည် တစ်နှစ်လျှင် ၂၄,၀၀၀ နီးပါး ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထပ်မံပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment