ကရင်ချောင်ကျေးရွာ အနီးရှိ ကုမ္ပဏီလုပ်ကွက် တစ်ခုကို ဒီဇင်ဘာလ ဒုတိယပတ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)
ဖားကန့်ဒေသ ကျေးရွာအများမှ သုသာန်မြေများ လုပ်ကွက်အတွင်း ပါဝင်သွားခြင်းကြောင့် ဒေသခံများ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။ ယင်းအခက်အခဲ ဖြစ်ပေါ်မှုမှာ လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလကတည်းက ပေါ်ပေါက်လာခဲ့သော အခက်အခဲဖြစ်ပြီး သုသာန်မြေများ စုပေါင်းအသုံးပြုရခြင်း၊ ရိုးရာဓလေ့ ထုံးတမ်းများ ပယ်ဖျောက်၍ အသုဘ ရပ်ရွာများ ကျော်ယူပို့ဆောင်ရခြင်း၊ မီးရှို့ရခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။
ဖားကန့်ဒေသတွင် လူမှုရေး လုပ်ငန်းများကို ကူညီနေသည့် ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးတင်လှိုင်က “ကျွန်တော်တို့ ဖားကန့်လုံးခင်း အုပ်စုမှာက သုသာန်မြေပျောက်တဲ့ရွာက များနေပြီတယ်။ ပျောက်တာက ကျောက်လုပ်ကွက်တွေ လုပ်လိုက်တော့ ပျောက်တာ ကြာပြီ။ နေရာပေါင်းပြီး လုပ်နေကြတာ။ ကုဋေကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ရှရော်ခကျေးရွာ၊ မျောက်ဖြူကျေးရွာ၊ တောင်ပြိုကျေးရွာ၊ ဗလခကျေးရွာ၊ အမိုက်ပုံကျေးရွာ ပတ်ပတ်လည်ကို မရှိတော့တာ။ မှော်ရွာတွေက မရှိသလောက် ဖြစ်သွားပြီ။ မဇွပ်ယန်သင်္ချိုင်းလည်း ပြဿနာတက်နေတယ်။ လူမှုကူညီရေး အသင်းတွေကလည်း ဒါကို မကြာခဏ အစိုးရဘက်ကို တင်ကြတယ်။ ကျွန်တော်တို့ နားမှာဆိုရင် လုံးခင်းနာရေးကပဲ ဒိုင်းခံလိုလို ဖြစ်နေတာ။ စိတ်မကောင်းစရာ ဖြစ်ရတာက ကျေးရွာတွေ အများစုက သုသာန်မြေကို မရှိကြတော့တာ။ ပျောက်သွားတယ်ဆိုတာက တချို့က တူးပစ်တာ။ တချို့ကျတော့ မြေစာဖို့တာပေါ့။ ရှရော်ခ သင်္ချိုင်းဆိုရင် မြေစာအောက်မှာ” ဟု ပြောကြားသည်။
ဖားကန့်ဒေသတွင် သုသာန်မြေ မရှိသော ကျေးရွာများမှာ မန၊ ရှရော်ခ၊ ဆိုင်းဂျာဘုံ၊ မျောက်ဖြူ၊ မှော်မောင်းလျှံ၊ တောင်ပြို၊ ဗလခ၊ မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊ ယူမာ၊ မှော်ရှံ၊ မရှိကထောင်၊ အမိုက်ပုံ၊ ရှမ်းကုန်း စသည့် ကျေးရွာများအပြင် အခြားသော ကျေးရွာများတွင်လည်း သုသာန်မြေနေရာမှာ ပျောက်ဆုံးသွားကြောင်း ဒေသခံများက ဆိုသည်။
၂၀၁၄ ခုနှစ် အစိုးရမှ ကောက်ယူထားသော စာရင်းများအရ ဖားကန့်ဒေသတွင် အိမ်ထောင်စု ၃၃၁၂၈ သုံးသောင်းသုံးထောင်ကျော်၊ လူဦးရေ ၃၁၂၅၂၈ ဦး သုံးသိန်းတစ်သောင်းကျော် ကျေးရွာအုပ်စုပေါင်း ၂၁ စု ကျေးရွာပေါင်း ၁၁၆ ရွာအနက် ၅၄ ရွာသာ ပြည်ထဲရေး အမည်ပေါက်ဖြစ်ပြီး ကျေးရွာ ၆၆ ရွာမှာ ထပ်တိုးရွာများဖြစ်ကြောင်း အစိုးရ ရုံးမှတ်တမ်းများအရ သိရသည်။ မြေစာပုံအနီးက ထပ်တွေ့ရွာများ ထည့်သွင်းခဲ့ခြင်း မရှိကြောင်း သိရသည်။
ဖားကန့်မြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင် အရာရှိ ဦးကျော်လင်းက “ကျွန်တော်တို့ စည်ပင်မြို့ပေါ်ရပ်ကွက် ဖားကန့်မြို့ပေါ် ငါးရပ်ကွက်နှင့် လုံးခင်းကျေးရွာ၊ ဆိပ်မူရွာ၊ နမ္မဖြစ်ကျေးရွာရယ်။ ကျန်တာတွေက ကျွန်တော်တို့မှာ စည်ပင်နယ်မြေပဲသိတယ်။ ကျေးရွာသုသာန်မြေနှင့် ပတ်သက်ပြီး ကျွန်တော်တို့ မသိဘူး။ အစိုးရ အုပ်ချုပ်ရေးပိုင်းပဲ သိမှာပါ။ သုသာန်မြေရဲ့ အပြင်ဘက်တွေမှာတော့ လုပ်ကွက်တွေ ရှိပါတယ်။ ကျွန်တော်တို့ လက်အောက်မှာ ဘာသာပေါင်းစုံ သုသာန်မြေလေးနေရာရှိပြီး တခြားပြဿနာ မရှိပါဘူး” ဟု ပြောကြားသည်။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က “ဘယ်ကျေးရွာတွေမှာ သင်္ချိုင်းရှိတယ် ဆိုတာကတော့ ကျွန်တော်တို့ မသိပါဘူး။ ပြည်ထဲရေး အမည်ပေါက် ၅၄ ရွာမှာတော့ ရှိနိုင်တယ်။ နောက်တိုးတဲ့ ရွာမှာက မရှိနိုင်ဘူး။ အစိုးရက ရွာလို့လည်း မသတ်မှတ်ထားဘူး ဖြစ်နေတယ်” ဟု ဆိုသည်။
ဖားကန့်မြို့တွင် နှစ်ဆယ်ချီ နေထိုင်ခဲ့သည့် “ပါရမီ လူမှုကူညီရေး အသင်းမှ ဦးရင်ထွေးက မှော်ရွာတွေပေါ်တာက နှစ်ခြောက်ဆယ်ကျော်တဲ့ ဟာတွေရှိတယ်။ အရင်ကတော့ တစ်ရွာမှာ သုသာန်မြေတစ်ကွက် ရှိခဲ့ကြတယ်။ ၁၉၉၅ နောက်ပိုင်းမှာ ပြောင်းသွားတာ။ သုသာန်မြေတွေကိုလည်း ကုမ္ပဏီက ၀ယ်လိုဝယ်။ ပေါင်းတဲ့ဟာ ဖြစ်သွားတာ။ အခု နောက်ပိုင်းက ကျတော့ ပျောက်သွားတာပေါ့။ ရွာတောင်ဝယ်ပြီး မြေစာပုံပေါ် ရွှေ့လိုက်တာ တောင်ရှိတယ်။ အခုတော့ အသုဘက မြို့ဖြတ်ရွာဖြတ် သွားမြှုပ်နေရတာ” ဟု ဆိုသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့်ရတနာမြေတွင် တူးဖော်ရေးကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နှင့်၊ ကုမ္ပဏီ ၂၃၁ ခုကို အကျိုးတူလုပ်ကွက် ၃၁၁ ကွက်၊ စုစုပေါင်း ဧရိယာ ၂၂၅၅၈ ဒသမ ၃၀ ဧကကို လုပ်ကိုင်ခွင့် ပြုထားကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ဖြေဆိုထားသည်။ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ္တုတွင်း ၀န်ကြီးဌာနမှ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၈၈/၂၀၀၀၁) ဖြင့် ထုတ်ပြန်သတ်မှတ်ပေးခဲ့ပြီး ဧရိယာ အကျယ်အ၀န်း ၁၇၅၂၀၆၄ ဧက ရှိကြောင်း သိရသည်။
ဖားကန့်ဒေသတွင် အလွန်အကျွံ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖာကန့်ဒေသ အတွင်းရှိ သဘာဝတောင် အလုံး ၅၀ ခန့်နှင့် ချောင်းများ၊ ချောက်များ ပျောက်ကွယ်သွားပြီး သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ အပူချိန် မြင့်မားလာခြင်များ ကြုံတွေ့နေရကြောင်း သိရသည်။
ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်မြို့ပေါ်ရှိ မှော်မောင်းလျှံကျေးရွာ၊ ကာလီချောင်ရွာ၊ ဆွတ်ငိုင်ယန်ရွာ၊ ဖားကန့်ကြီးကျေးရွာ စသည်တို့အပြင် တခြားသော ကျေးရွာဒေသများတွင် ကျေးရွာများ ပြောင်းရွေ့ရခြင်း၊ ပျောက်ကွယ်သွားခြင်းများ နေရာအနှံ့ ဖြစ်ပေါ်ခဲ့သည်။
Writer:
ထွန်းလင်းအောင် (မြစ်ကြီးနား)
Eleven Media Group
No comments:
Post a Comment