Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် အချုပ်သားများကို ညှဉ်းပန်းနှိပ်စက်နေသော ဗွီဒီယိုဖိုင် မှတ်တမ်းမှာ ကချင်ပြည်နယ် မိုးညှင်း အချုပ်ခန်းဖြစ်ကြောင်း ပြည်နယ် ရဲမှူးကြီး ဦးချစ်ဦးက ပြောကြားသည်။
ကချင်ပြည်နယ် ရဲမှူးကြီး ဦးချစ်ဦးက “စုံခုံဖွဲ့ပြီး စစ်ဆေးတာတော့ ပြီးပါပြီ။ မိုးညှင်း အချုပ်ခန်း ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မှာပါတဲ့ တန်းစီး ခင်ဇော်က မြစ်ကြီးနား ထောင်ကနေ ရဲဘက်၊ ရဲဘက်ကနေလွတ်လို့ အပြင်ရောက် သွားတော့ စစ်ဆေးမှု မလုပ်လိုက်နိုင်တော့ပါဘူး။ အစီရင်ခံစာကို ရဲချုပ်ရုံး ပို့လိုက်ပါပြီ။ ညွှန်ကြားချက်တော့ မရောက်သေးပါဘူး။ မြို့နယ်မှူးမှာလည်း တာဝန်ရှိလို့ တာဝန်ကျတွေ၊ စခန်းမှူးတွေကို ပြည်နယ် ရဲချုပ်ရုံးက ပြင်းထန်တဲ့ သတိပေးမှုတော့ လုပ်ပေးပြီးသွားပြီ။ ရာထူးဆိုင်းငံတဲ့ အဆင့်၊ တာဝန်ရပ်စဲစေတဲ့ အဆင့်တွေက ရဲချုပ်ရုံးကပဲ လုပ်လို့ရပါတယ်။ အခြားသော အချုပ်ခန်းတွေကိုလည်း ဒါမျိုးတွေ မဖြစ်အောင် လုပ်ဆောင် နေပါတယ်” ဟု ပြောကြားသည်။
အချုပ်သားများကို ညှဉ်းပန်းနှိပ်စက်နေသော ဗီဒီယိုဖိုင်သည် Facebook စာမျက်နှာများတွင် နိုဝင်ဘာ ၂၀ ရက်က ပျံ့နှံ့ခဲ့ပြီး ရဲဌာနများနှင့် ပတ်သက်ပြီး လာဘ်ပေး လာဘ်ယူမှုများ၊ အထက်အောက် ပြေပြစ်မှု မရှိသည့် ၀န်ထမ်းကိစ္စများ၊ အပြောင်းအရွှေ့ဆိုင်ရာ ကိစ္စများနှင့် အချုပ်သားများ အခန်းကျဉ်းလေးတွင် ကျပ်တည်းစွာ နေထိုင်ရခြင်းများ၊ ကြီးနိုင်ငယ်ညှင်း ကိစ္စရပ်များကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။
ယင်းဗီဒီယိုဖိုင်တွင် တန်းစီးဟု ယူဆရ သူသုံးဦးက အချုပ်သား သုံးဦးကို လက်နှစ်ဖက် ခေါင်းပေါ်တင်၊ ဒူးကွေး ဖ၀ါးထောက်ကာ ပုံစံကြီး ၃၆ ဟုဆိုကာ အချုပ်သားများရှေ့တွင် လုပ်ခိုင်းနေခြင်း ဖြစ်သည်။ ယင်းပုံစံ မလုပ်နိုင်သည့် အချုပ်သား တစ်ဦးကိုလည်း ပါးရိုက် ထိုးကြိတ်ခြင်း၊ ခြေဖြင့် ကန်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။
ဗီဒီယိုဖိုင်၌ ညှဉ်းပန်းနှိပ်စက်နေသည့် တန်းစီးတစ်ဦးက နှိပ်စက်ခံရသည့် အချုပ်သားများကို “မင်းတို့ လုပ်နေတာ ဘာပုံစံလဲဆိုရင် ပုံစံကြီး ၃၆။ ပုံစံကြီး ၃၆ ကိုဘယ်နေရာမှာ အသုံးပြုသလဲဆိုရင် ဆရာတွေ အပြစ်ပေးတဲ့ နေရာမှာ သုံးတယ်” ဟု ကြိမ်းမောင်းမှုများ လုပ်နေသည်ကိုလည်း တွေ့ရသည်။ ယင်းနောက် အချုပ်သား တစ်ဦးက ငိုယိုတောင်းပန်သော်လည်း တန်းစီးတစ်ဦးက ပါးရိုက် ထိုးကြိတ်ခြင်း၊ နောက်တစ်ဦးက ခြေဖြင့် ကန်ခြင်းများ ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။
No comments:
Post a Comment