12/21/2015
ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်သော ထဘီအရောင်နှင့် အသစ်ပြောင်းလဲလိုက်သော တပ်မတော် ယူနီဖောင်းအရောင်တို့ကို Facebook တွင် နှိုင်းယှဉ်ဖော်ပြမှုကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် စွဲချက်တင်ထားခံရသော မချောစန္ဒီထွန်းကို ဒီဇင်ဘာ ၂၁ ရက်က မအူပင်မြို့နယ် တရားရုံးတွင် ကိုးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူ မချောစန္ဒီထွန်းဘက်မှ သက်သေခုနစ်ဦးစလုံးကို ရုံးရှေ့တွင် စစ်ဆေးခဲ့သည်။
စွပ်စွဲခံရသူဘက်မှ သက်သေ ခုနစ်ဦးစလုံးက မချောစန္ဒီထွန်း၏ Facebook အကောင့် Hack ခံထားရကြောင်း ထွက်ဆိုခဲ့ပြီး နှစ်ဖက်အပြီးသတ် လျှောက်လဲချက်ပေးခဲ့သဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် ထပ်မံချိန်းဆိုသော ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားရုံး ကြားနာမှုများအရ သိရသည်။
တိုင်းဒေသကြီးအမှတ် (၁) (၂) လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသော NLD လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနှင့် ဦးသက်ကိုလေး၊ ဦးသန်းထိုက်အောင်၊ကိုဥာဏ်လင်းထက်၊ ဦးသူရဆွေ၊ မသဇင်နှင်း၊ ဦးနေမျိုးထွေးတို့သည် စွပ်စွဲခံရသည့် မချောစန္ဒီထွန်းဘက်မှ သက်သေ ထွက်ဆိုပေးကြပြီး မချောစန္ဒီထွန်း၏ အကောင့်မှာ ခဏခဏ Hack ခံရကြောင်း၊ Hack ခံရချိန်တွင် ၎င်းတို့ကိုလည်း Block ပြုလုပ်သဖြင့် မမြင်ရကြောင်း၊ လူ့အခွင့်အရေးအရ ရေးသားပြောဆိုမှု ဖြစ်သည့်အပြင် Facebook ဆိုသည်မှာ မြန်မာနိုင်ငံတွင် တီထွင်ထားခြင်း မဟုတ်သောကြောင့် တရားစွဲဆိုမည်ဆိုပါက Facebook တာဝန်ရှိသူ မာ့က်ဇူကာဘတ်ကသာ တရားစွဲဆိုမှု ပြုလုပ်သင့်သည်ဟု ထင်မြင်ကြောင်း၊ ထောင်ထဲသို့ ရောက်ရှိနေစဉ် အချိန်တွင်ပင် ပို့စ်များ တက်လာသောကြောင့် ထောင်အာဏာပိုင်နှင့် နားလည်မှုယူပြီး အသုံးပြုသည်ဟုတောင် ထင်မြင်မိကြောင်း၊ ရုံးထုတ်စဉ် ဓာတ်ပုံများသည်ပင်လျှင် တရားစွဲဆိုခံရသော ချောစန္ဒီထွန်း (ချစ်သမီး) ဆိုသော အကောင့်မှ တက်လာသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ ချောစန္ဒီထွန်း အမည်ဖြင့် အကောင့်များစွာ ပေါ်ပေါက်နေသည်ကိုလည်း တွေ့ရကြောင်းနှင့် ချောစန္ဒီထွန်းအား ကိုယ်ဝန်ရှိသည်ဟု အပုပ်ချရေးသားထားသော Page များလည်း ရှိနေကြောင်း စသည့် အကြောင်းအရာများကို သက်သေ ထွက်ပေးခဲ့ကြသည်။
ထို့ပြင် မချောစန္ဒီထွန်းအမှုအား စစ်ဆေးနေစဉ် အတောအတွင်းတွင်ပင် တရားစွဲခံရသော ချောစန္ဒီထွန်း(ချစ်သမီး)အကောင့်တွင် ၎င်းသည် ဟက်ကာတစ်ဦး ဖြစ်ကြောင်းနှင့် ချောစန္ဒီထွန်းနှင့် အသိမိတ်ဆွေလည်း မဟုတ်ကြောင်း၊ လက်တည့်စမ်းပြီး Hack ပြုလုပ်မိသည့်အတွက် မချောစန္ဒီထွန်းမှာ ထိခိုက်နစ်နာခဲ့ရပြီး မချောစန္ဒီထွန်းတွင် အပြစ်မရှိကြောင်း စသည်ဖြင့်ရေးသားထားသော ပို့စ်တစ်ခု Facebook တွင် တက်လာခဲ့သည်။
"အကောင့်က အမြဲတမ်း ပြဿနာ ရှိနေတယ်။ကျွန်မထင်တာကတော့ ကျွန်မပုံကိုယူပြီး အကောင့် ဖန်တီးတယ်လို့ပဲ ထင်တယ်။ ကျွန်မလုပ်တာတော့ မဟုတ်ဘူး။ ဒီအမှုနဲ့ပတ်သက်လို့ တရားရုံးက မှန်မှန်ကန်ကန် အမိန့်ချပေးမယ်လို့ ထင်ပါတယ်"ဟု မချောစန္ဒီထွန်းက ရုံးထုတ်အပြီး ပြောကြားသည်။
"လူ့အခွင့်အရေး ချိုးဖောက်တာပါပဲ။ ဆက်သွယ်ရေး ဥပဒေမှာကိုက နိုင်ငံသားတွေရဲ့ အခွင့်အရေးကို မထိခိုက် မနစ်နာစေရပါဘူးလို့ ရေးထားတယ်။ ဒီအမှုမှာ တည်ဆောက်တာကိုက လူ့အခွင့်အရေး ချိုးဖောက်တာပဲ။ အခုစစ်ချက်တွေ အရကတော့ သံသယအဆင့်မှာပဲရှိတယ်။ တရားလိုပြ သက်သေတွေကလည်း ဒါမချောစန္ဒီထွန်း လုပ်ပါတယ်လို့ ထွက်ဆို သွားနိုင်တာမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ယူဆချက်နဲ့ တရားရုံးရဲ့ယူဆချက်တူချင်လည်း တူမယ်။တူချင်မှလည်း တူမယ်"ဟု မချောစန္ဒီထွန်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားခဲ့သည်။
အသက် ၂၅နှစ်အရွယ်ရှိ မချောစန္ဒီထွန်းကို အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် ဗဟန်းမြို့နယ်ရှိ တရားစခန်း တစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ ညတွင်းချင်းပင် မအူပင် ရဲစခန်းသို့ ပို့ဆောင်ပြီး အောက်တိုဘာ ၁၃ ရက်တွင် စတင် ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် မအူပင်အကျဉ်းထောင်တွင် အချုပ်ကျခံနေရသည့် မချောစန္ဒီထွန်းသည် အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသော ဒီမိုကရေစီ ပညာရေးသပိတ် ဧရာဝတီ သပိတ်စစ်ကြောင်းတွင် ၀န်းရံ ပါဝင်ခဲ့ပြီး ရေဘေး ဒုက္ခသည်များ အရေးတွင်လည်း ပါဝင်ကူညီမှုများ ရှိခဲ့ကာ Facebook ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ထောက်ခံသည့်ပို့စ်များ ရေးသားလေ့ရှိသူဖြစ်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်များထံမှ သိရသည်။
အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးကျော်ထင်၏ တရားစွဲဆိုမှုကို ခံထားရခြင်းဖြစ်ပြီး စတင်တရားစွဲဆိုစဉ်က အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)အပြင် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ပုဒ်မ ပြောင်းလဲ တရားစွဲဆိုခဲ့သည်။
ဒီဇင်ဘာ ၁၄ ရက်က ခေါ်ဆိုသော ရုံးချိန်းတွင် မအူပင်မြို့နယ် တရားသူကြီးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စွဲချက်တင် အမိန့်ချခဲ့ပြီး ပုဒ်မ ၅၀၀ ကို တရားရှင် လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Eleven Media Group
No comments:
Post a Comment