==================
လွန်ခဲ့သောနှစ် ၃၀ကျော်ကာလက မြန်မာ လူမျိုးအများစုသည် စီးပွားရေး ကျန်းမာရေး အိမ်ထောင်ရေး စသည့်အရေးကိစ္စတို့တွင် နတ်ဆရာအားကိုးကွယ်၍ ဖြေရှင်းမှု ဘိုးတော်အား အားကိုး၍အခက်အခဲမျိုးစုံ တို့ကိုဖြေရှင်းမှုများကို ပြုလုပ်ခဲ့ပါသည်။
ထို့အတွက်နယ်မြို့လေးများ၌ နတ်ဆရာများ ဓာတ်ဆရာများ ဘိုးတော်များ အတော်ပေါ များခဲ့ပါသည်။
လောကသဘာဝအရ အစစ်ရှိသကဲ့သို့ ထိုအစစ်များကို မှီတွယ်၍ အတုအယောင် များကလည်းနေယူ ပေါ်ပေါက်တတ်မြဲ ဖြစ်ပါသည်။
ထိုအတုအယောင်များကြောင့်လည်း ဆရာ အစစ် ဘိုးတော်အစစ်များသည် ငါးခုံးမတစ် ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသလို အဆိုးစာရင်း အပုပ်စာရင်း အတုအယောင် စာရင်းအသွင်းခံခဲ့ကြပါသည်။
ကျွန်တော်တို့ တောမြို့အရပ်ဒေသတွင် လည်းထိုအချိန်ကာလက နတ်ဆရာ ဓာတ်ဆရာနှင့်ဘိုးတော်များ အတော်ပေါ များခဲ့ပါသည်။
ကျွန်တော့်အိမ်ခေါင်းရင်းတွင် အထက်လမ်း ဆရာဘိုးတော်ဦးမောင် ဆိုသူနေထိုင်သလို ကျွန်တော်ခြေရင်း တစ်ခြံကျော်တွင် နတ်ဆရာဦးညွန့်ဟန် ဆိုသူလည်းနေထိုင် ခဲ့ပါသည်။
ဆရာဦးမောင်က အသက်၆၀ ခန့်ရှိပါသည်။ အသားအရေ စိုစိုပြည်ပြည်ရှိပြီး သူ့မျက်နှာ ကိုမြင်လိုက်သည်နှင့် မြင်ရသူအဖို့ရင်ထဲ အေးချမ်းသွားသလို ခံစားရမြဲဖြစ်ပါသည်။
ဦးမောင်က နံနက်တိုင်းစောစောထကာ ဘုရားရှိခိုးခြင်း ပရိတ်ရွတ်ခြင်း ပုတီးစိပ်ခြင်း နှင့်သတ္တဝါအားလုံးတို့ကို မေတ္တာပို့သခြင်း ကိုနေ့စဉ်ပြုလုပ်နေသူဖြစ်ပါသည်။
ရပ်ကွက်ထဲနှင့်အခြားအရပ်ဒေသ များမှ အမှောင့်ပယောဂကပ်ငြိနေသူ တို့ကိုလည်း အမှောင့်အယောဂအစွဲရှိနေခြင်းကို ကုသ ပေးနေသူတစ်ဦးဖြစ်၏။
ထို့ပြင်ဆရာမောင်သည် ရပ်ကွက်ထဲရှိ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ကိုသူရရှိလာသော ဓနဥစ္စာထဲမှ ဖဲ့၍ရံဖန်ရံခါ အာဟာရဒါနပြုတတ်သူတစ်ဦးလည်း ဖြစ်ပါသည်။
ဆရာဦးမောင်တွင် တစ်ဦးတည်းသောသား သန့်ဇင်ဆိုသူရှိပါသည်။မောင်သန့်ဇင်က ကျွန်တော်နှင့်သက်တူရွယ်တူ အတန်းတူ သူငယ်ချင်းများဖြစ်ပါသည်။
ကျွန်တော်နှင့်သန့်ဇင်က လူငယ်များဖြစ်၍ ဆရာဦးမောင်၏ လောကီပညာရပ်များကို စိတ်ဝင်စားမှုမရှိသောကြောင့် ဘာသိဘာ သာနေထိုင်ခဲ့ကြပါသည်။
ထိုသို့နေထိုင်ခဲ့သော်လည်း ဆရာဦးမောင် ထံသို့ပယောဂကုသကြသော ဝေဒနာသည် တို့ပျောက်ကင်းသွားကြသည်ကို တွေ့မြင် နေကြရပါသည်။
ဆရာဦးမောင် ကုသရာ၌အောက်လမ်း ဆရာပြုစားထား၍ ဗိုက်ကြီးပူနေသော မိန်းမပျိုလေးကို ပူနေသောသူ့ဗိုက်ပေါ်၌ သံပုရာသီးလှိမ့်ပေးပြီး သံပုရာသီးကို ဓားဖြင့်ခွဲရာ သွေးသံရဲရဲ ထွက်လာကာ ပူနေသောဗိုက်ပိန်သွားသည့်ဖြစ်ရပ်။
သရဲမက သူစားမည့်အစားအသောက်ကို လုစားခဲ့သည့်လူငယ်တစ်ယောက်ကို ပါးစပ်ဟမရအောင် ဖမ်းစားပြုလုပ်ထား ခြင်းကိုပါးစပ်ဟ၍ရအောင် ကုသပေးခဲ့ပုံ တို့ကို ကျွန်တော်အံ့သြစွာ တွေ့ခဲ့ရဖူးပါ သည်။
ထိုအချိန်က ကျွန်တော်တို့လမ်းထိပ် နတ်ဆရာ အိမ်ခြံထောင့်၌နတ်ဆရာ ဦးညွန့် ဟန်ကိုယ်တိုင် စိုက်ပျိုးထားသော ရေသဖန်း ပင်ကြီးက လမ်းထိပ်တွင်တည်ရှိခဲ့ပါသည်။
မြို့စွန်ရပ်ကွက်လေး ဖြစ်သည့်အလျောက် လျှပ်စစ်မီးရောင်နှင့်ဝေးသော ခေတ်ကာလ ဖြစ်၍ညအခါ၌ အရွက်ဖားဖား ရေသဖန်းပင် ကြီးက မည်းမည်းမှောင်မှောင်ဖြင့် တစ္ဆေ တစ်ကောင်အလား ကြောက်မက်ဖွယ်ရာ တည်ရှိခဲ့ပါသည်။
တစ္ဆေတစ်ကောင်အလား လေတိုက်တိုင်း လှုပ်ရှားနေသော ရေသဖန်းပင်ကြီးထက် ကြောက်မက်ဖွယ်ရာ ကောင်းသည်က ထိုရေသဖန်းပင်မှ နာနာဘာဝတစ်ကောင် ခြောက်လှန့်နေခြင်း လိုက်ဆွဲနေခြင်းနှင့် ဝင်ရောက်ပူးကပ်နေခြင်းတို့ဖြစ်ပါသည်။
ထိုအကြောင်းအရာများကို ကြားသိမြင်တွေ့ နေရသော ရပ်ကွက်ထဲရှိလူများနှင့် ကျွန်တော်တို့လမ်းသူလမ်းသား တို့သည် လမ်းထဲသို့ရဲရဲ မဝင် ရဲရဲမထွက်ရဲဖြစ်ခဲ့ရပါ သည်။
နေ့လယ်ခင်းတစ်နေ့၌ ကျွန်တော်အမေနှင့် လွန်ခဲ့သည့် ၃ရက်ခန့်က လမ်းထိပ်ရှိရေ သဖန်းပင်မှအခြောက်ခံခဲ့ရသော ကျွန်တော် တို့အနောက်ဘက်လမ်းမှ မဖြူဝင်း တို့စကားလက်ဆုံကျနေပါသည်။အမေက မဖြူဝင်းကို့
"ဟဲ့ဖြူဝင်း ဟိုတစ်နေ့က နင့်ကိုလမ်းထိပ် ရေသဖန်းပင်ကြီးက သရဲခြောက်လွှတ်တယ် ဆိုတာဟုတ်ရောဟုတ်ရဲ့လားအေ"
ယုံကြည်မှုအားနည်းလှသော အမေ့ အမေးစကားကြောင့် သရဲအခြောက်ခံ ရသော မဖြူဝင်းက အမေ့ကို့
"အစ်မက မယုံလို့လား မယုံမရှိနဲ့အစ်မရေ ကိုယ်တွေ့ရှင့်ကိုယ်တွေ့ သရဲမှ သရဲမ အစ်မရေ သူ့ရဲ့ခေါင်းကို ယမ်းလိုက်တာ ဆံပင်ရှည်က ကျွန်မမျက်နှာကို လာရိုက်မိ တယ်။ပြောရင်းနဲ့ကြက်သီးတွေ ထလိုက်တာ အစ်မရေ ဒီမှာကြည့်ပါဦး"
ဟုပြောကာ သူ့လက်မောင်းမှ မွေးညင်း ပေါက်လေးများ သီးထွက်နေသည် ကိုပြနေ ပါသည်။မဖြူဝင်းက သူ့လက်မောင်းသူ ပြန်စိုက်ကြည့်နေရင်းမှ အမေ့ဘက်ကို ပြန်လှည့်ပြီး စကားသံတိုးတိုးဖြင့့်
"အစ်မ အဲဒီမကောင်းဆိုးဝါး သရဲမကို ဘယ်သူမွေးထားတာလဲ သိလား"
စကားသံတိုးတိုးဖြင့် မေးလာသော မဖြူဝင်း အမေးစကားကို အမေက မသိကြောင်း ခေါင်းခါ ၍တုံ့ပြန်အဖြေပေးလိုက်ပါသည်။
အမေ၏ ခေါင်းခါ၍မသိကြောင်း အဖြေပေး မှုကြောင့် မဖြူဝင်းက မျက်နှာမဲ့လျက် စကားသံပိုတိုးကာ့
"ဘယ်သူမွေးထားရမှာလဲ ဟိုလမ်းထိပ်က နတ်ဆရာဦးညွန့်ဟန် ကိုယ်တိုင်မွေးထား တာတဲ့ အဲဒီသရဲမကို လပြည့်လကွယ် ညတိုက်းအစာကျွေးဖို့ အမဲသားပိဿာတွဲ လာဝယ်တာကို အမဲသားဆိုင်မှာ အလုပ် လုပ်နေတဲ့ ကျွန်မရဲ့အိမ်ခြေရင်းက ကိုမြဒင် ပြောတယ်။
အစ်မ အဲဒီသရဲမကို သူကကျွေးမွေးထားပြီး လူတွေကိုခြောက်လှန့်ဖမ်းစား ခိုင်းတာတဲ့။ သရဲမခြောက်လှန့်ဖမ်းစားခံရတဲ့လူတွေ ကုမရတော့ဘူးဆိုရင် နတ်ဆရာဦးညွန့်ဟန် ကအဖိုးခ အကြီးကြီးတောင်းပြီး ကုသပေး တော့တာပဲတဲ့ "
အမေနှင့်မဖြူဝင်းတို့ ပြောဆိုခဲ့သော စကားတွေက ကျွန်တော်ထံမှတစ်ဆင့် သူငယ်ချင်းသန့်ဇင်ထံ သူငယ်ချင်းထံမှ သူ့ဖခင်ဆရာဦးမောင် ထံသို့ရောက်ရှိသွားပါ သည်။
တစ်နေ့ နေ့လည်၌ သန့်ဇင်နှင့်ကျွန်တော် သူ့အိမ်၌အတူရှိနေစဉ် ရပ်ကွက်ထဲမှ လူတစ်ချို့နှင့်အတူ အမေနှင့်မဖြူဝင်းတို့ ဦးမောင်ထံသို့ရောက်လာသည်ကို တွေ့ရပါ သည်။
ဆရာဦးမောင်ကလည်း ဧည့်သည်များကို ခရီးဦးကြို နေရာပေးပြီ့း
"ကဲ့အားလုံးပဲ ကျုပ်အိမ်ကို အခုလိုတကူး တကခေါ်ရတာ အားတော့နာစရာပဲဗျ။ အခြားကြောင့်တော့ မဟုတ်ပါဘူး။ကျုပ်တို့ လမ်းထိပ်ကရေသဖန်းပင်မှာ မှီတွယ်နေပြီး လူအများကိုခြောက်လှန့်နေတဲ့ နာနာဘာဝ ရှိနေတာအားလုံးသိနေကြပြီပဲ။
အဲဒီတော့ဗျာ ဒီနာနာဘာဝရှိနေတာကို နှစ်သက်သလား မရှိတာကို နှစ်သက်သ လားဆိုတာကို ခင်ဗျားတို့သဘောထား ဘယ်လိုရှိလဲ သိချင်လို့ပါ "
ဦးမောင်၏ အမေးစကားကြောင့် အားလုံးက လူများကိုခြောက်လှန့်နေသည့် နာနာဘာဝ ရှိနေတာကို မလိုလားကြောင်း ပြောဆိုလိုက် ကြပါသည်။ဆရာဦးမောင်ကလည်း ခေါင်းတဆတ်ဆတ်ညိတ်ပြီ့း့
"အေ့းကောင်းတယ် ခင်ဗျားတို့က ခြောက်လှန့်ပူးကပ် ဝင်ရောက်နှောက်ယှက် နေတဲ့ နာနာဘာဝမရှိစေချင်ဘူးဆိုတော့ ကျုပ်ကဒီနာဘာဝကို မေတ္တာထားလို့ နှင်ကြည့်ပေးပါဦးမယ်"
ဆရာဦးမောင်က ဧည့်သည်များကို လမ်း ထိပ်ရှိရေသဖန်းပင် မှခြောက်လှန့်နေသော မကောင်းဆိုးဝါးနာနာဘာဝ အကောင်ကို မေတ္တာဖြင့်နှင်ပေးမည်ဟု ကတိပေးပြီး နောက် နောက်တစ်နေ့ ည ၁၀နာရီခန့်တွင် လမ်းထိပ်ရေသဖန်းပင် အောက်တွင်ဘုရား ရှင်အားရည်မှတ်၍ ဆီမီး အမွှေးတိုင်များ ပူဇော်ပုတီးစိပ်ခြင်း မေတ္တာသုတ်ရွတ်ဖတ် ခြင်း မကျွတ်မလွတ်သူတို့အား အမျှအတန်း ပေးဝေခြင်းများပြုလုပ်လိုက်ပါသည်။
ဆရာဦးမောင် သူလုပ်စရာရှိသည်များ လုပ်ကိုင်ပြီးချိန်၌ ရေသဖန်းပင်ကြီးက လေမတိုက်ဘဲခါယမ်းသွားပြီး ဘယ်အရပ် ကလာမှန်းမသိသော လေတိုးသံနှင့်အတူ "ဖြန်း" ခနဲ သူ့ပါးကိုရိုက်ချခြင်း ခံလိုက်ရ သောကြောင့် ဦးမောင် နာကျင်သွားကာ တောက်တစ်ချက်ခေါက်လိုက်ပြီး ထိုရေသဖန်းနားမှထွက်၍ အိမ်သို့ပြန်လာခဲ့ ပါသည်။
နောက်တစ်နေ့ နံနက်တွင် ဦးမောင်၏ ဘယ်ဘက်ပါးပြင်၌ လက်ဝါးရာ အညိုအမည်းစွဲနေသည်ကို တွေ့ခဲ့ရပါသည်။ ဦးမောင်၏ သတင်းကြားရသူတို့ကလည်း သူ့အိမ်သို့လာရောက် စူးစမ်းမေးမြန်းကြပါ သည်။
တချို့ကလည်း ဆရာဦးမောင်ကို အထင်သေးသလို အကြည့်မျိုးနှင့်ကြည့်လာ ၍ဦးမောင်က ထိုလူများကို့
"ကျုပ်က ဒီသရဲမကို မေတ္တာထားလို့နှင်ပေမဲ့ ဒီနာနာဘာဝမကောင်းဆိုးဝါးမက ကျုပ်ကိုကိုယ်ထိလက်ရောက် တုန့်ပြန်လိုက် တယ်ဗျ။
ဒီညတော့ ဒီမကောင်းဆိုးဝါးမကို ကျုပ်အဆုံးစီရင်ပြပါမယ်။ဝါသနာပါလို့ ကြည့်ရဲမယ်ဆိုရင် ဒီနေ့ညသန်းခေါင်ယံ မှာလာကြည့်လို့ရပါတယ် "
ဦးမောင်၏ စကားကြောင့် လူငယ်တစ်ချို့က ဦးမောင်နှင့်သရဲမ တို့၏ပွဲကြီးပွဲကောင်း တိုက်ပွဲကိုကြည့်ရန် တီးတိုးတိုင်ပင်ခဲ့ကြ ပါသည်။ထိုလူငယ်တွေထဲတွင် ကျွန်တော် နှင့်သန့်ဇင်လည်း ပါဝင်ခဲ့ကြပါသည်။
ဆရာဦးမောင်ထံ လာရောက်စူးစမ်းလေ့လာ သောဧည့်သည်များ ပြန်သွားသည်နှင့် ဦးမောင်က သူ့အိမ်ဘုရားခန်းထဲဝင်ကာ ဘုရားရှိခိုးခြင်း ပုတီးစိပ်ခြင်း မေတ္တာပို့သ ခြင်းတို့ကိုပြုလုပ်ပြီး အင်းရေးသားသော မိုင်းကိုင်စက္ကူကြီး တစ်ချပ်ယူကာ အင်းကွက်များရေးသား၍ အင်းဆန်
များသွင်းနေပါသည်။
အင်းချပ်ကြီးတစ်ချပ်လုံး ရေးသားပြီးချိန်၌ ဘုရားခန်းထဲရှိ အရှည်တစ်တောင် တစ်ထွာ ခန့်ရှိသောငှက်ကြီးတောင်ဓားကို ယူလိုက် ပြီးဂါထာများမန်းမှုတ်လိုက်ပြန်သည်။
ထို့နောက်ငှက်ကြီးတောင်ဓားကို အင်းရေး သားထားသည့် မိုက်းကိုက်စက္ကူဖြင့်ပတ် လိုက်ပြီး ပရိတ်ချည်ပိုးကြိုး အဝါရောင်နှင့် ချည်နှောင်လိုက်သည်။
အင်းဖြင့်ပတ်ထားသော ဓားကိုလည်း ဝိဇ္ဇာ ရှစ်သောင်းနှင့်ဆရာအပေါင်းတို့အား အပ်နှံ လိုက်ပါသည်။
လမိုက်ညလည်းဖြစ် သန်းခေါင်လည်းဖြစ်၍ ညသည်ပို၍မည်းမှောင်ပြီး အမှောင်ကျနေပါ သည်။ကျွန်တော်တို့ လူငယ်တစ်စုလည်း အရဲစွန့်ကာ ရေသဖန်းပင်ကြီးနှင့် အနီးဆုံး နတ်ဆရာအိမ်နှင့် မျက်နှာချင်းဆိုင် အိမ်ခြံထဲမှာစုပြုံ၍ နေရာယူလိုက်ပါသည်။
ဆရာဦးမောင်ကလည်း ရေသဖန်းပင်ကြီး အောပ်ရောက်သည်နှင့် အသင့်ပါလာသော ဖယောင်းတိုင်သုံးတိုင်ကို မီးထွန်းညှိစိုက်ထူ လိုက်သည်ကို တွေ့ရပါသည်။
ဖယောင်းတိုင်မီးအရောင်ကြောင့် နေ့လည် ကဆရာဦးမောင် စီရင်ထားသော ဓားကြီးကို လည်းတွေ့လိုက်ကြပါသည်။
ရေသဖန်းပင်ကြီးထက်မှ အိပ်စက်အနားယူ နေသောငှက်တစ်အုပ် "ကျလိ့ကျလိ့ဖရှူး" ဆိုသည့် အော်မြည် ထပျံလိုက်သည်နှင့်လမ်းထဲရှိ အောင်နက် ဘိုနီ ဂုတ်ကျား နီမတို့၏ စွဲစွဲငင်ငင်အူလိုက် သံကကျောချမ်းဖွယ် အဆက်မပြတ် ထွက်ပေါ်ပါသည်။
ကျွန်တော်လက်မှ မွေးညှင်းတွေထထောင် ကာကြက်သီးများထသွားပြီး ကျောထဲချမ်း စိမ့်စိမ့်ခံစားလိုက်ရပါသည်။ကျွန်တော် သူငယ်ချင်း သန့်ဇင်လက်ကို ဆုပ်ကိုင်ရာ သူ့လက်တွေလည်း ရေခဲတုံးလိုအေးစက်နေ ပါသည်။
ထိုအချိန်၌ ရေသဖန်းပင်ကြီး အောက်ရှိ ဦးမောင်ထံမှ့
"ဟေ့မပြေးနဲ့ မေတ္တာနဲ့နှင်လို့မရတဲ့ နာနာ ဘာဝသရဲမ နင်သေပေတော့"
ဟုဆိုကာ အင်းချပ်ဖြင့်ပတ်၍ ချည်နှောင် ထားသော ငှက်ကြီးတောင်ဓားဖြင့် လေထဲသိုင်းခုတ်နေပါသည်။
ဦးမောင်၏ လုပ်ရပ်ကိုမြင်တွေ့နေရသော ကျွန်တော်အဖို့ ဘာမှမရှိဘဲ လေထဲဓားဖြင့် လိုက်ခုတ်နေသူ ဦးမောင်ကိုတွေ့ရသည်မှာ သူရူးတစ်ယောက်အလား ထင်နေရသည်။
ဆရာဦးမောင်၏ လေထဲခုတ်နေသော ဓားချက် ထိတွေ့သံတွေက ထူးခြားလှပြီး "တဒုတ်ဒုတ်" မြည်နေသည်ကို ကျွန်တော် တို့အားလုံးကြားနေရပါသည်။
ဆရာဦးမောင် ဓားကိုလက်တစ်ဖက်တည်း ဖြင့်ကိုင်ခုတ်နေရာမှ လက်နှစ်ဘက်လုံးနှင့် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်လိုက်ပြီး သူ့ပါးစပ်မှ လည်း သရဏဂုံသုံးပါးကို ဋ္ဌာန်ကရိုဏ်း ကျကျရွတ်ဆိုပြီ့း့
"ကဲ့ ဒါကတော့နောက်ဆုံးဓားချက်ပဲ ရှောင်နိုင်ရင်ရှောင်ပေတော့"
ဟုပြောဆိုပြီး ဓားဖြင့်ပိုင်းချလိုက်ရာ နတ်ဆရာ ဦးညွန့်ဟန် အိမ်ခေါင်မိုးပေါ်က အနီရောင်မီးလုံးတန်းတစ်ခု အမြင့်သို့တက် ကာပျောက်ကွယ်သွား သည်ကိုကျွန်တော် တို့လူငယ်တစ်စု ထူးဆန်းစွာ တွေ့လိုက် ရပါသည်။
ညအိပ်ရေးပျက်ခဲ့၍ အိပ်ရာထနောက်ကျခဲ့ သောကျွန်တော်နိုးထချိန်၌ ကျွန်တော်တို့ လမ်းထိပ်ရှိရေသဖန်းပင်ကြီး၌ လူတွေဝိုင်း အုံနေတာတွေ့ရ၍ ကျွန်တော်သွားရောက် ကြည့်ရှုမိပါသည်။
ထိုအခါ ရေသဖန်းပင်ကြီးအောက်၌ အောက်ခံအနက်ရောင်ပေါ်၌ အဝါရောင် ပန်းပွင့်နှင့် ဓားခုတ်ရာတွေနှင့် ထဘီတစ်ထည်ကို အံ့သြဖွယ်ရာ တွေ့လိုက် ရပါသည်။
ထိုအဖြစ်ပျက်တွေ ဖြစ်ပျက်ပြီးနောက် ထိုရေသဖန်းပင်ကြီး၌ သရဲခြောက် သည်ဆိုသော အသံကြားဖို့နေနေသာသာ ထိုရေသဖန်းပင်ကြီး အောက်၌ယခင်မ ကစားဝံ့ခဲ့သောကလေးတွေ အပြေးအလွှား ဆော့ကစားနေတာကို တွေ့ကြရပါသည်။
ဆရာဦးမောင်နှင့် သရဲမတို့ တိုက်ခိုက်သော ညကနတ်ဆရာဦးညွန့်ဟန် အိမ်ခေါင်မိုးပေါ် ကအနီရောင်မီးလုံး အမြင့်သို့တက်သွား သောနေ့ကစ၍ နတ်ဆရာဦးညွန့်ဟန်လည်း အိပ်ရာထဲဘုန်းဘုန်း လဲခဲ့ရသည်ကို ကျွန်တော်တို့ နောက်ကျမှသိခဲ့ရပါတော့ သည်။
နက္ခတ္တရောင်ခြည် မဂ္ဂဇင်းတွင်
မောင်ရင်ထွေး(မအူပင်)
ရေးသားထားသည်ကို ဖော်ပြလိုက်ပါသည်။
Soe Pyae Kyaw
No comments:
Post a Comment