ကျိ…ဆိုပြီး ဖုန်တလုံးလုံးနဲ့ ပရာဒိုကားနက်ကြီးတစ်စီး ကျွန်တော်ထိုင်နေသည့် လက်ဖက်ရည်ဆိုင်ရှေ့သို့ ထိုးရပ်လိုက်သည်။ ယာဉ်မောင်းနေရာက ကားတံခါးပွင့်ထွက်လာပြီး အရင်ဆုံးမြင်လိုက်ရတာက ထိုင်းနိုင်ငံထုတ် သားရေဖိနပ်အကောင်းစားကို ဝတ်ဆင်ထားသည့် အသားမာတတ်နေတဲ့ ခြေထောက်တစ်စုံ။ နောက်ထပ်က မြင်ရသည်က ဒူးအုပ်ရုံ ဘောင်းဘီတိုနှင့် အပေါ်က ဘယ်ကလက်ဆောင်ရထားမှန်းမသိသည့် စိုက်ပျိုးရေးဆေးကြော်ငြာထားသည့် အင်္ကျီကို ဝတ်ဆင်ထားသည့် အနှီပုဂ္ဂိုလ်။
“ဟိတ်ကောင်..သတင်းထောက်၊ မင်းကို လိုက်ရှာနေတာကွ၊ မင်းတို့များ အလုပ်မရှိ အကိုင်မရှိ အားအား ယားယား လက်ဖက်ရည်ဆိုင်ထိုင်နေတယ်လို့..”။ အသံဗြဲကြီးနဲ့ အော်ဝင်လာသည့် အနှီပုဂ္ဂိုလ်ကို အသေချာ လိုက်ကြည့်မိတော့မှ ဦးသာအောင်။ လယ်သမားကြီး ဦးသာအောင်။ အရင်က ထော်လာဂျီတောင် နှပ်မမှန်သူဆိုတော့ ကိုယ်ကလဲ သူလို့ ဘယ်ထင်မလဲ။
“ကဲ..ပြော ဘာကိစ္စနဲ့လိုက်ရှာနေတာလဲ။ ခင်ဗျား လယ်တွေအသိမ်းခံရပြန်ပြီလား အကြွေးမဆပ်လို့ဆိုပြီး စိုက်ပျိုးရေး ကုမ္ပဏီတွေက တရားစွဲပြန်ပြီလား”။ ကျွန်တော်မေးတော့ ..ဦးသာအောင်က ဒေါသတကြီးနဲ့ ၊ “မင်းတို့ သတင်းထောက်တွေ အဲ့ဒါခက်တာပေါ့ကွ သူများ ဘာလုပ်လုပ် မကောင်းမြင်စိတ်နဲ့ပဲ လိုက်ကြည့်နေတယ်။ ငါအခု လာတာ လေယာဉ်ပျံငှါးချင်လို့ကွ။ ငါ့လယ်တွေပိုးကျနေလို့ လေယာဉ်ငှါးပြီး ဆေးဖျန်းချင်လို့ ဘယ်မှာငှါးရမလဲ မင်းက သတင်းထောက်ဆိုတော့ သိမှာပေါ့။ ဒါ့ကြောင့်လိုက်ရှာနေတာ။ ဒီမှာကြည်”့ ဆိုပြီး သူ့ အိုင်ဖုန်း ခြောက်ပက်လက်လေးကို ထုတ်ပြပြီး အင်တာနက်ကနေ ပြနေတဲ့ ဘယ်နိုင်ငံကမှန်းမသိ လယ်တွေကို လေယာဉ်ပျံနဲ့ ဆေးဖျန်းနေတဲ့ ပုံတွေကို ထုတ်ပြတယ်။ “အဲ့ဒါမျိုးလုပ်ချင်လို့ ဘယ်မှာငှါးရမလဲ” ။ သြော် လယ်တစ်ဧကကို စပါးတင်းတစ်ထောင်လောက်ထွက်နေတော့ ဒင်း အဝှာကျယ်ပြီပေါ့လို့သာ တွေးပြီး သူ့ကို ဘယ်လိုရှင်းပြရမှန်းမသိ ကိုယ်တိုင်က အသိညာဏ်နည်းပါးသူမဟုတ်လား။ဒါနဲ့ စကားလမ်းကြောင်းလွှဲလိုက်ပြီးတော့ သူ့လယ်တွေအခြေနေကို လိုက်စပ်စုလိုက်တယ် ကိုယ်လဲ သတင်းလေးရလိုရများပေါ့။
“မင်းတို့တွေခက်တယ် နိုင်ငံတော်ရဲ့ စေတနာတွေကိုလဲ နားမလည်ဘူး၊ မကောင်းမြင်ဖို့ပဲ တတ်နိုင်တယ်၊ အခုဆို ဘဘစကားနားထောင်လိုက်တာ လယ်တွေက အထွက်တိုးလို့ မင်းမြင်တဲ့အတိုင်း မင်းလက်ထဲက ဟွာဝေးဖုန်းအစုတ်လေး လွှင့်ပစ်လိုက်စမ်းပါကွာ ငါအသစ်ဝယ်ပေးမယ် မင်းကိုချစ်လွန်းလို့”လို့ ဆိုပြီး ပြောချင်ရာပြော၍ ကွမ်းတစ်ယာကောက်ဝါးကာ ကားပေါ်ပြန်တက်သွားသော ဦးသာအောင်ကြီးကို လှမ်းငေးနေရုံ။
မနက်စောစော လောကကြီး ဘာဖြစ်နေမှန်းမသိ။ တစ်ခုခုတော့ မှားနေသလိုဆိုတော့ အရင်က ခင်တဲ့ ဦးသာအောင်ကြီးနဲ့ တစ်ရွာတည်းသား ကိုချက်ဖောင်းကြီး ကိုသတိတရနဲ့ ဖုန်းဆက်လိုက်ဖြစ်သည်။
“ဆရာတွေ့ချင်ရင် ခတ္တစောင့်ဆိုင်းပါ၊ ဆရာအားရင် ဖုန်းပြန်ဆက်ပေးပါ့မယ်”လို့ ကောင်မလေးတစ်ယောက်က ပြောတော့ ဖုန်းများမှားသလားပေါ့။ ငါးမီးနစ်လောက်ကြာတော့ ဖုန်းဝင်လာတော့ “ဟိတ်ကောင် သတင်းထောက် မင်းကလဲကွာ မင်းဘယ်သူလဲဆိုတာ ပြောလိုက်ပြီးတာပဲကို ငါ့ကို အတွင်းရေးမှူးမလေး ပြန်လာတင်ပြမှသိတယ် ပြော..ဘာကိစ္စလဲ ဘာကူညီပေးရမလဲ”။ ကိုချက်ဖောင်း စကားကြားရတာ နည်းနည်းအံ့သြသွားသည်။ ဒီလူကြီး လယ်တွေရောင်းလိုက်တာ သုံးနှစ်လောက်ရှိပြီ ဘာတွေများ လုပ်နေလို့ ဒီလောက်များ ချမ်းသာနေသလဲလို့။ “အင်း..ဟိတ်လူကြီး ခင်ဗျား လယ်တွေရောင်းပြီး ဘာတွေလုပ်နေသလဲဗျ၊ အဲ့ဒါသိချင်လို့ လှမ်းဆက်တာ”ဆိုတော့။ ကိုချက်ဖောင်းက “ဟား..ဟား..ဘာမှ မလုပ်ပါဘူးကွာ၊ ငါ့သားလေး အင်္ဂလန်မှာ ဘောပွဲသွားကြည့်မလို့ဆိုလို လက်မှတ်မှာနေတာပါ” တစ်ခုခုတော့ မှားနေပြီထင်ပ။ “ခင်ဗျားကို ဘာအလုပ်တွေလုပ်နေလဲလို့မေးတာဗျ”ဆိုမှ ကိုချက်ဖောင်းက “မင်းတို့ သတင်းထောက်တွေလေ အကောင်းမမြင်တတ်ဘူး၊ ငါ့လယ်လေး ရောင်းပြီးတော့ ရတဲ့ပိုက်ဆံတွေကို သစ်တောဘိုးဘိုးကြီးက စီမံခန့်ခွဲပေးမယ်ဆိုလို့ ငါအပ်ထားလိုက်တယ်လေ၊ အေးဆေးပေါ့ ဘာမှမလုပ်ဘူး အားလုံးကို ဘိုးဘိုးကြီးက စီမံခန့်ခွဲပေးနေတယ်လေ အေးဆေးပဲပေါ့”ဟု ကိုချက်ဖောင်းပြောပြပုံက အားရစရာ။
ဘာတွေဖြစ်နေမှန်းမသိ တစ်ခုခုတော့ လွှဲနေပုံရပြီ၊ လက်ဖက်ရည်ဆိုင် ဆက်ထိုင်ဖို့ကလဲ စိတ်မပါတော့။ အိမ်ပြန်မယ်ပေါ့။ တရုတ်ဆိုင်ကယ် အစုတ်လေးကို လက်ပူတိုက်နှိုးပြီး အိမ်ပြန်ရောက်တော့။ ဒီမနက်ကြုံလာရတဲ့ ထူးခြားဖြစ်စဉ်ကြီးတွေကို သတင်းစာတိုက်ကို သတင်းပို့မယ်ပေါ့၊ ကွန်ပျူတာလေးရှေ့ထိုင်လိုက်တုန်း။ ထိုင်ခုံနောက်ကနေ လေဒီအဘထွဋ်က အအေးခွက်လေးကိုင်လို့ လာပို့တယ်။ ထပ်ထူးပြန်ပြီ ၊ အရင်က ဒင်းဒီလိုမဟုတ်။ တစ်ခုခုတော့ ပူဆာတော့မယ်၊ တွေးလို့မဆုံး “ကိုကိုရေ..ဒီတစ်ပတ်လေ မီးသူငယ်ချင်းတွေနဲ့ အပန်းဖြေခရီးထွက်မလို့ ကိုကို လိုက်ပို့ပါလား” လေဒီအဘထွဋ် ပြောပုံက ခွင့်တောင်းသည်ထက် ပိုက်ပိုက်တောင်းနေသည့်ပုံ။ “ဘယ်ကို သွားမလို့လဲ ငပလီလား၊ ချောင်းသာလား ၊ငွေဆောင်လား” ညစာဆိုတာကို မြင်ယောင်ပြီး အဲ့မေးခွန်းသာပြန်မေးမိ။
“သြော်..ကိုကိုကလဲ ဝေးပါ့၊ ငပလီလဲ မကောင်းဘူး၊ ချောင်းသာ၊ငွေဆောင်လဲ မလှဘူး၊ အခုနာမည်ကြီးနေတဲ့ ငရုတ်ကောင်းကျောက်မီးသွေးစက်ရုံက ပန်းဥယျာဉ်ကြီးကို သွားမှာ၊ အဲ့မှာကလေ အရမ်းသာယာတာ၊ အဲ့မှာကလေ…၊အဲ့မှာကလေ…၊ အဲ့မှာကလေ…” လေဒီအဘထွဋ် ပြောနေသည်များကိုသာ မျက်လုံးအပြူးသားနဲ့ လိုက်နားထောင်နေမိသည်။ လောကကြီး ဘာတွေဖြစ်ကုန်သလဲ၊ သလဲ..သလဲ…။
တီ.တီ..တီ..တီ.. အသံစူးစူးများကြားတော့မှ ချက်ခြင်းသတိဝင်လာသည်။ တ တီတီနဲ့ အဆက်မပျက် ဆူညံသံများကြားတော့ လူက ဘာဖြစ်နေမှန်းမသိသေး။ မျက်လုံးဖွင့်ကြည့်တော့ ခြင်ထောင်အမိုးကိုသာ မြင်ရ၊ “နှိုးပြီမလား ထတော့လေ မီးအားမြှင့်စက် ဒီလောက်အော်နေတာ ရှင်မကြားဘူးလား၊ ထ..သွားပိတ်လိုက်.ကျုပ်လဲ ထမင်းအိုးတည်ရဦးမယ် ၊တော်ကြာမီးပျက်သွားမှ ခက်ဦးမယ်”လို့ အနားက လေဒီအဘထွဋ် ပွမ်ပွမ်မြည်မှ ဟ..ငါအိမ်မက်မက်နေတာပါလားလို့ သိလိုက်ရတယ်ပေါ့။ ညတုန်းထဲက ပျက်နေတယ်မီး မနက်ခြောက်နာရီထိုးခါနီးမှ ပြန်လာတော့ မီးအားမြင့်စက်လဲ မပိတ်မိတာ ကံကောင်းလို့ မပျက်တယ်။
မီးအားမြင့်စက်လေး ပိတ်ပြီးတော့ အိမ်ရှေ့မှာ ငူငူလေး ထွက်ထိုင်ပြီး ညကကျန်နေတဲ့ ဆေးလိပ်တိုလေးကို ဖွာနေတုန်း “ရှင်.. လယ်သိမ်းခံရတဲ့ လယ်သမားတွေ ဆန္ဒပြပွဲသွားရဦးမယ်ဆို၊ နေ့လည်ပိုင်းကျရင်လဲ လစာနည်းလို့ ဆန္ဒပြမယ်ဆိုတဲ့ စက်ရုံအလုပ်သမားတွေနဲ့ တွေ့ရဦးမယ်ဆို အဲ့ဒါဘာထိုင်လုပ်နေတာလဲ အလုပ်သွားဖို့ပြင်တော့လေ”လို့ လေဒီအဘထွဋ်က နောက်တွန်းလေးပေးမှ “ငါ အိပ်မက်မက်နေတာဟ မီးအားမြင့်စက် အသံမြည်မှ လန့်နှိုးတာ ၊အိပ်မက်ထဲမှာ လယ်သမားတွေ ချမ်းသာကုန်ပြီဟ အိပ်မက်ထဲ နင်တောင်ပါသေး”ဆိုမှ လေဒီအဘထွဋ်က “အဲ့ဒါကြောင့် ရှင့်ကိုပြောတာပေါ့ ကျုပ်ဘာသာကျုပ် ကိုရီးယားကားကြည့်နေတာ ရှင် မြဝတီက သတင်းလေးကြည့်ချင်သလေး၊ မြန်မာ့အသံက သတင်းလေးကြည့်ချင်သလေးနဲ့ မဟုတ်တာတွေ လျှောက်လုပ်တော့ မဖြစ်နိုင်တာတွေ မက်ပြီပေါ့၊ သွားမျက်နှာမြန်မြန်သစ် အလုပ်သွားတော့” လေဒီအဘထွဋ် ပူညံပူညံသံတွေ မခံနိုင်လို့ သွားတိုက်တံလေး ဆွဲပြီး မျက်နှာသစ်ရင်း ။ အင်း..စင်္ကာပူကနေ အင်္ဂပူသို့၊ အင်္ဂပူမှ…လို့ ပြုံးရင်း အဘထွဋ် တစ်ယောက် လယ်သိမ်းခံလယ်သမားများ၏ ဆန္ဒပြပွဲသို့ အပြေးလေးချီတက် ….။
အဘထွဋ်
Sunday, 18 January 2015
စင်္ကာပူမှသည် အင်္ဂပူသို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment