Sunday, 4 January 2015

လယ်ရောင်းချလိုက်ရုံဖြင့် ဆင်းရဲသွားစရာမရှိဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြော




ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင် (ဓာတ်ပုံ − သက်ဆွေ)

လယ်ရောင်းချလိုက်ရုံဖြင့် ဆင်းရဲသွားစရာမရှိကြောင်း ဧရာ ဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ပုသိမ်ဆိပ်ကမ်း နှင့် စက်မှုဇုန်စီမံကိန်းအကောင် အထည်ဖော်မည့်ဒေသရှိ လယ် မရောင်းသေးသော ပုသိမ်မြို့ပေါ် မှ ရပ်ကွက်နှစ်ရပ်ကွက်နှင့် ကန် ကြီးထောင့်မြို့နယ် ချောင်းဇောက်ကျေးရွာမှ တောင်သူလယ်သမား များအား ဇန်နဝါရီ ၂ ရက်တွင် တွေ့ဆုံကာ ပြောကြားလိုက် သည်။

‘‘ကျွန်တော်တို့တိုင်းက လယ်ယာမြေကို အခြေခံတဲ့တိုင်းတစ်ခု ဖြစ်ပါတယ်။ လယ်ယာမြေဖွံ့ဖြိုး တိုးတက်ရေးကိုလည်း တစ်ဖက် တစ်လမ်းက ဆောင်ရွက်နေပါ တယ်။ ဒါပေမဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ လယ်ယာမြေတစ်ခုတည်း ကို အခြေခံလို့မဖြစ်ပါဘူး။ တိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စက်မှုဇုန်တွေအကောင် အထည်ဖော်ဖို့ လိုပါတယ်။ အ ထည်ချုပ်စက်ရုံတစ်ခုဆောက် ရင် လူ ၂,၀၀၀ လောက် အလုပ် ပေးနိုင်တယ်။ တစ်ယောက်ကို လစာခြောက်သောင်းနဲ့ဆိုရင် သိန်းထောင်ပေါင်းများစွာရမှာ ပါ။ အဲဒီလို စက်ရုံတစ်ခုအတွက် လယ်ငါးဧကလောက်လိုပါတယ်။ ဒီဒေသမှာလည်း ကျွန်တော်တို့ စီမံကိန်းအကောင်အထည်ဖော်ဖို့ လယ်ဧက ၁,၇၀၀-၁,၈၀၀ လောက်ဝယ်ထားပြီးပါပြီ။ ကျန် နေတဲ့သူတွေလည်း သင့်တင့်တဲ့ ဈေးနှုန်းတစ်ခုနဲ့ ရောင်းချပေးဖို့ ခေါ်ယူညှိနှိုင်းတာပါ။ လယ်ယာ တွေကို ရောင်းချလို့ရလာတဲ့ငွေ တွေကိုလည်း အလွဲမသုံးဘဲနဲ့ အရင်းအနှီးတစ်ခုလုပ်ဖို့လိုပါ တယ်။ စီးပွားရေးတစ်ခုအကောင် အထည်ဖော်နိုင်ရင် လက်ရှိလုပ် ကိုင်နေတဲ့ လယ်ကရတဲ့ ဝင်ငွေ တွေထက် ပိုရတာမျိုးရှိမှာမို့ လယ်ကိုရောင်းချလိုက်ရုံနဲ့ ခင်ဗျား တို့ဘယ်လိုမှဆင်းရဲသွားစရာ အကြောင်းမရှိပါဘူး။ ခင်ဗျားတို့ရ လာတဲ့ငွေတွေကို မစီမံတတ်ရင် ကျွန်တော့်ကိုပေး ကျွန်တော်စီမံ ပေးမယ်’’ဟု ဧရာဝတီတိုင်း ဒေသ ကြီးဝန်ကြီးချုပ်က ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ပြုလုပ်သော တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် စီမံကိန်းပါလယ်ယာမြေ မရောင်းချရသေးသည့် တောင်သူများအား ပြောကြားခဲ့သည်။

ပုသိမ်မြို့၏ တောင်ဘက်ငါး မိုင်ခန့်အကွာ ငဝန်မြစ်ကမ်းဘေး တွင်ရှိသည့် ပုသိမ်မြို့နယ်၏ အမှတ်(၈)ရပ်ကွက်နှင့် အမှတ် (၁၂) ရပ်ကွက်၊ ကန်ကြီးထောင့် မြို့နယ်၊ ချောင်းဇောက်ကျေးရွာ အုပ်စု ရှမ်းငူနှင့် ရှမ်းရွာတို့တွင် ပုသိမ်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံ ကိန်းများအကောင်အထည်ဖော် ရန် စီစဉ်နေခြင်းဖြစ်သည်။ ယင်း စီမံကိန်းများကို မြေဧက ၆,၀၀၀ ကျော်ပေါ်တွင် တည်ဆောက် သွားရန်စီစဉ်နေသည်။ ပုသိမ်မြို့ နှင့် ကန်ကြီးထောင့်မြို့၏ နယ်စပ် နေရာလည်းဖြစ်သည်။

‘‘ကျွန်တော်တို့လက်ရှိမှာ တော့ လယ်ဧက ၁,၇၀၀ ကျော် ဝယ်ထားပြီးပါပြီ။ တစ်ဧကကို သိန်းသုံးဆယ်နှုန်းနဲ့ဝယ်တာပါ။ ဝယ်ထားပြီးပေမယ့် မြေတွေက တစ်ဆက်တစ်စပ်တည်းမဟုတ် ဘူး။ ကြားမှာလယ်တွေခံနေတော့ စီမံကိန်းအကောင်အထည်ဖော်ဖို့ ခက်နေတယ်။ မရောင်းပေးသေး တာက လယ်ဧက ၈၀၀ နီးပါးရှိ သေးတယ်။ ပိုင်ရှင်ကတော့ အယောက် ၅၀ လောက်ကျန် သေးတယ်။ ကျွန်တော်တို့က မြေ ယာကိစ္စအဆင်ပြေရင် လုပ်ငန်းစ လုပ်ဖို့အဆင်သင့်ဖြစ်နေပါပြီ’’ဟု ဧရာဝတီ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးစည်သူဇော်က ပြောသည်။

အဆိုပါပုသိမ်ဆိပ်ကမ်းနှင့် စက်မှုဇုန်တွင် ဆန်စက်နှင့် စက်ရုံ များ၊ ပေါင်းဆန်စက်ရုံများ၊ အခြား သောဒေသထွက်ပဲ၊ ပြောင်း၊ နှမ်းဆက်စပ်စက်ရုံများ၊ ငါး၊ ပုစွန်အအေးခန်းစက်ရုံများ၊ အထည်ချုပ်စက်ရုံများ၊ သစ်တောထွက် ပစ္စည်းစက်ရုံများ၊ လယ်ယာနှင့် စိုက်ပျိုးရေးသုံးစက်ပစ္စည်းစက် ရုံများ၊ လျှပ်စစ်နှင့်စပ်ဆိုင်သော ကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများနှင့် ပြည်ပပို့ရန် ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်များ ပါဝင် မည်ဟု ဆိုသည်။

‘‘သူတို့ကတော့ ပြောတာပါ ပဲ။ ကျွန်တော်တို့က လယ်ကလွဲ ပြီး ဘာမှသေသေချာချာမလုပ် တတ်ဘူး။ ရောင်းပြီးရင် ငွေက အချိန်တိုအတွင်းကုန်သွားမှာ။ မိသားစုနဲ့ ကလေးတွေရဲ့ရှေ့ရေး ကရှိသေးတော့ စဉ်းစားရကျပ်နေ တယ်။ နောက်လယ်တွေက ထင် သလောက်စီးပွားမဖြစ်ဘူးဆိုတာ မှန်ပေမယ့် မိဘ၊ ဘိုးဘွားလက် ထက်ကတည်းက လုပ်ကိုင်လာ ကြတော့ လယ်ကိုမရောင်းရက် ဘူး။ ကျွန်တော်တို့ကတော့ ဘယ် လောက်ပေးပေး မရောင်းဘူးလို့ ဆုံးဖြတ်ထားတယ်’’ဟု ဆွေးနွေး ပွဲသို့ တက်ရောက်လာသည့် ချောင်းဇောက်ကျေးရွာမှ လယ်သမား စောအယ်ဒိုးဒိုက ပြောသည်။

အဆိုပါစီမံကိန်းအား ၂၀၁၂ မှစတင်ကာ အကောင်အထည် ဖော်ဆောင်ရွက်လာခဲ့ပြီး မူလက လယ်တစ်ဧကလျှင် ကျပ် ရှစ်သိန်းပေးရာမှ ဒေသခံများတောင်းဆို မှုကြောင့် တစ်ဧကလျှင် ကျပ်သိန်းသုံးဆယ်အထိတိုးမြှင့်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါနေရာသည် ယခုအစိုးရလက်ထက်ဖွံ့ဖြိုးရေးဇုန်တည်ဆောက်ရန် လျာထားသည့်နေရာများ အနက်မှ တစ်ခုအပါအဝင်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေဒေ သတစ်ခုဖြစ်သည့် ငရုတ်ကောင်း မြို့မှစတင်ကာ ငွေဆောင်၊ ပုသိမ်၊ မြောင်းမြ၊ ဝါးခယ်မ၊ မအူပင်၊ ဒေးဒရဲ မြို့များမှ ရန်ကုန်မြို့နယ်စပ်အထိ ဖွံ့ဖြိုးရေးဇုန်များတည်ဆောက်သွားရန် စီစဉ်နေသည်။ဖွံ့ဖြိုးရေးဇုန်များ အကောင် အထည်ဖော်ရာ၌ လယ်ယာမြေ များကိုသာ အဓိက အခြေခံ၍ တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါလယ်ယာမြေများဝယ်ယူ ရရှိနိုင်မှု၊ စနစ်တကျစီမံခန့်ခွဲနိုင် မှု၊ လမ်းတံတားများဖြစ်ထွန်း အောင်မြင်မှုနှင့် စက်မှုဇုန်ကြီးများ ပေါ်ထွက်လာနိုင်မှုသည် လက်ရှိအစိုးရအဖွဲ့နှင့် ပြည်သူများ အ ကြား စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကျန်ရှိသည့် သက်တမ်းအတွင်းအဆိုပါစီမံကိန်းများ အကောင်အ ထည်ဖော်နိုင်မှုရှိခြင်း၊ မရှိခြင်းသည် လာမည့်ရွေးကောက်ပွဲအတွက် သက်ရောက်ဖွယ်ရှိကြောင်း ပုသိမ်မြို့မှ နိုင်ငံရေးလေ့လာသူများက သုံးသပ်နေသည်။

No comments:

Post a Comment