Wednesday, 7 January 2015

အိမ်အကူအား သတ်ပြီး ကျောက်ပုတီးများ လုယက်မှုဖြစ်ပွား


စစ်ကိုင်း၊ ဇန်နဝါရီ ၇

စစ်ကိုင်းမြို့လယ်ရှိ ရပ်ကွက်တွင် အိမ်အကူ အမျိုးသမီး အားသတ်ပြီး ကျပ်သိန်းသုံးရာကျော် တန်ဖိုးရှိ ကျောက်ပုတီးများ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့ နန္ဒဝန်ရပ်ကွက် တောင်(၁)လမ်းရှိ ဦးကံလှိုင်၏ နေအိမ်တစ်ထပ်တိုက်အား ငှားရမ်းနေထိုင်သော မဂျာဆိုင်ပန်(ခ)မမေရှမ်းမှာ ဇန်နဝါရီ ၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် လွန်ခဲ့သည့်သုံးလခန့်က အိမ်၏ ဝေယျာဝစ္စ လုပ်ကိုင်ရန် ခေါ်ထားသော အိမ်အကူ မနှင်း နွယ် (ခ)မနှင်း အသက် ၅၄ နှစ် အား နေအိမ်တွင် အိမ်စောင့် ရန်ထားခဲ့ပြီး နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့ ဘော်ဂါ ကျောက်ဝိုင်းသို့ သွားရောက်ခဲ့သည်။

၎င်းမှာ နေအိမ်သို့ ပြန်လာသောအခါ အိမ်အကူ အမျိုးသမီး မနှင်းနွယ် (ခ)မနှင်းသည် နေအိမ်အပေါ်တက် သည့်လှေကား၌ ဒဏ်ရာများ ရရှိ၍ သေဆုံးနေပြီး အိမ် အတွင်း လိုက်လံ စစ်ဆေးသော အခါ နေအိမ်အောက် ထပ် မဂျာဆိုင်းပန်(ခ)မမေရှန်း၏ အိပ်ခန်းအတွင်း ထားရှိသော ပလပ်စတစ်အဖြူအိတ်ဖြင့် ထည့်လျက် ကျောက်ပုတီးလုံး ၁၈ဝဝ ပါ လေးထုပ် တန်ဖိုးငွေကျပ် ၂၁၆ သိန်းခန့်၊ တစ်ထုပ်လျှင် ကျောက်ပုတီးလုံး ၁ဝဝဝ ပါ တစ်ထုပ် တန်ဖိုးကျပ်သိန်း ၇ဝ ခန့်၊ ကျောက်ပုတီး ၃၅ဝဝ လုံးပါ နှစ်ထုပ် တန်ဖိုးငွေကျပ်၃၅သိန်းခန့် စုစုပေါင်း ငွေကျပ် ၃၂၁သိန်းဖိုးခန့် ပျောက်ဆုံးနေသည်။

သို့ဖြစ်ပါ၍ အိမ်အကူ မနှင်းနွယ် (ခ)မနှင်းအား သတ်၍ ကျောက်ပုတီးတန်ဖိုး ကျပ် ၃၂၁ သိန်းတန်ဖိုး
အား လုယက်သွား သောသူအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူပေးရန် မဂျာဆိုင်းပန်(ခ)မမေရှမ်းကလာရောက် တိုင်တန်းသဖြင့် စစ်ကိုင်းမြို့မရဲစခန်းမှ (ပ)၁၉/၂ဝ၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂/၃၉၂အရ အရေးယူ စုံစမ်းလျက်ရှိကြောင်း သိရသည်။

ထွေးမြင့်နိုင်(စစ်ကိုင်း)
The Mirror Daily

No comments:

Post a Comment