Eagle Breeze
လူတွေ လောဘကြီးလိုက်ပုံများတော့ဗျာ။ တစ်ခါက လူတွေဝိုင်းဖွဲ့ပြီး ထမင်းစားကြတော့ ခွက်ထဲမှာ ဟင်းက လေးတုံးပဲရှိသတဲ့။ လူတစ်ယောက်က ပထမတစ်တုံးကို လက်မြန်ခြေမြန်နဲ့ သူ့ပန်းကန်ထဲ ခပ်ထည့်လိုက်တယ်။ ပြီးတော့ နောက်တစ်တုံးကို ခပ်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်တယ်။ တတိယတစ်တုံးကိုတော့ ဇွန်းထဲခပ်ထည့်ပြီး သူ့လက်ကကိုင်ထားတယ်။ ပြီးမှ ပါးစပ်ထဲက ဟင်းဖတ်ကိုဝါးရင်းနဲ့ ပြောလိုက်တယ်။
"ဟေ့ ပန်းကန်ထဲက ဟင်းဖတ်က ငါ့ဟာနော်"တဲ့။
ကမ်ဘို 110 လေးစီးနေရပြန်တော့လည်း ထိုင်းဘီးကလေးစီးချင်ပါတယ်။ samsung ဖုန်းအနိမ့်လေးကိုင်နေရပြန်တော့လည်း S 4 လေးကိုင်ချင်ပါတယ်။ တင်ပါးအရသာ လက်အရသာ ကွာပေတာကိုး။ ကိုယ်မကိုင်နိုင်တိုင်း အလကားအပိုတွေပါကွာ အတူတူပါပဲဆိုပြီး ပုံပြင်ထဲက မြေခွေးလို စပျစ်သီးချဉ်တယ် ပြောလို့မရပါ။ စပျစ်သီးတွေက ကိုယ်စားနိုင်သည်ဖြစ်စေ မစားနိုင်သည်ဖြစ်စေ ချိုမှာပါပဲ။
သွားလာစရာ ဆိုင်ကယ်တစ်စီးနဲ့ ပြောစရာ ဖုန်းလေးတစ်လုံးဟာ ဒီခေတ်ထဲမှာ မြို့ပြမှာနေထိုင်ဖို့အတွက် လိုအပ်ချက်(needs) ဖြစ်ပြီး ထိုင်းဘီးမှ S4 မှ စီးချင်ပြောချင်တာကတော့ လောဘ(greed) ဖြစ်ပါတယ်။
ခေတ်နဲ့လိုက်လျောညီထွေ စီးမျောနိုင်ဖို့အတွက် လိုအပ်ချက်တွေကို ကျိုးစားဖြည့်ဆည်းရမှာဖြစ်ပြီး လောဘတွေကိုတော့ သတိတရားလေးနဲ့ ထိန်းရမှာပါ။
ထမင်းဆိုတာ ဟင်းနဲ့တွဲဖက်စားမှ အဆင်ပြေပေမယ့် ပန်းကန်ထဲက ဟင်းဖတ်တွေအားလုံးက ကိုယ်စားဖို့ချည်း မဟုတ်ပါ။
ကြားဖူးတဲ့ စကားလေးတစ်ခွန်းပါ။
'Needs can be met ; greed never '
"လိုအပ်ချက်များကို ဖြည့်ဆည်းပေး၍ ရနိုင်သော်လည်း လောဘကို ဘယ်တော့မှ ဖြည့်ဆည်း၍ မရနိုင်ပေ" တဲ့။
စာအုပ်မြို့တော်
No comments:
Post a Comment