သံလွင်မြစ်လယ်တွင် သဲသောင်များ ပေါ်ထွန်းနေသည်ကို တွေ့ရစဉ်
ကယားပြည်နယ်အတွင်း စီးဆင်းနေသော သံလွင်မြစ်လယ်တွင် သဲသောင်ခုံများ ယမန်နှစ်ကထက် အချိန်စောပြီး ပေါ်ထွန်းနေကြောင်း ဖားဆောင်းမြို့နယ်ရှိ သံလွင်ချစ်သူများ အဖွဲ့ထံမှ သိရသည်။
“အရင်နှစ်တွေက ဒီချိန်ဆိုရင် သဲသောင်တွေ ဒီလောက်အများကြီး မပေါ်ဘူး။ ဒီနှစ် သဲသောင်တွေပေါ်တာ တစ်လနီးပါး စောတယ်။ အရင်က ဒီဇင်ဘာလောက်မှ ရေလယ်မှာ သောင်ခုံတွေပေါ်တယ်။ ဒီနှစ်တော့ နိုဝင်ဘာ မတိုင်ခင် ကတည်းကကို ရေလယ်သောင်ခုံတွေ မြင်နေရပြီ” ဟု ဖားဆောင်းမြို့နယ် သံလွင်ချစ်သူများအဖွဲ့မှ စိုင်းညွှန့်က ပြောကြားသည်။
ယခုကဲ့သို့ မြစ်အတွင်း သောင်ခုံများ အချိန်စောပေါ်ထွန်းခြင်းမှာ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်နိုင်ပြီး ကယားပြည်နယ်တွင်းရှိ သံလွင်မြစ်တစ်လျှောက်တွင် ပြီးခဲ့သည့်နှစ်များ အတွင်းက ရွှေတူးလုပ်ငန်းများကြောင့် ရေကြောင်းပြောင်းလဲမှုများဖြစ်ကာ ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“၂ဝ၁၃ ခုနှစ်မှာ တရုတ်တွေ ရွှေလာတူးကြသေးတယ်။ ဘယ်သူက ခွင့်ပြုမှန်း မသိခဲ့ရဘူး။ နောက်တော့ ခဲမဖြူရွာဘက်က ကမ်းပါးတွေပြိုလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ KNPP နဲ့ ရပ်မိရပ်ဖတွေ အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြလို့ ရွှေတူးတာတွေ ရပ်သွားတယ်။ ပြိုကျသွားတဲ့ ကမ်းပါးတွေကတော့ ဘယ်လိုမှ ပြန်ပြင်လို့ မရတော့ဘူး။ ဒေသအတွက်တော့ ဘာအကျိုးကျေးဇူးမှလည်း မရခဲ့ပါဘူး။ ကျွန်တော်တို့ကတော့ သံလွင်မြစ်ထဲမှာ ဘာတွေလုပ်မယ်၊ ဘယ်သူတွေက လုပ်မယ်၊ ဘယ်သူတွေ အကျိုးအတွက် လုပ်မယ်ဆိုတာကို ပွင့်လင်းမြင်သာမှုနဲ့ လုပ်စေချင်တယ်။ သံလွင်မြစ်ပျက်စီးမှ တားမြစ်ရတာမျိုး မဖြစ်ချင်ဘူး။ သံလွင်မြစ်ကို အထိခိုက် မခံစေချင်ဘူး” ဟု သံလွင်ချစ်သူများအဖွဲ့မှ စိုင်းညွှန့်က ဆက်လက်ပြောကြားသည်။
ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်းရှိ သံလွင်မြစ်ပေါ်တွင် ရွှေတူးဖော်မှုများ ရပ်ဆိုင်းခဲ့သော်လည်း ယခုအခါ လုပ်ငန်းရှင်အချို့က ရွှေပြန်လည်တူးဖော်ရန်အတွက် တရုတ်နိုင်ငံသား ပညာရှင် ဆိုသူများနှင့် ပူးပေါင်းလေ့လာလျက် ရှိနေကြောင်း သိရသည်။
အစိုးရက ၂ဝ၁၃ ခုနှစ် အစောပိုင်းတွင် သံလွင်မြစ်ပေါ်၌ ဆည်ခြောက်ခု တည်ဆောက်ရန် စီစဉ်မည်ဟု သတင်းထွက်ခဲ့ပြီးနောက် သံလွင်မြစ်ပေါ်ရှိ ဒေသခံများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြသည်။
သံလွင်မြစ်ပေါ်တွင် ဆည်ကြီးများ ပြီးစီးပါက လျှပ်စစ်ကိုသာမက ဆည်ရေကိုပါ ရေလွှဲရောင်းချမည့် စီမံကိန်းများ အကောင်အထည် ပေါ်လာနိုင်သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
No comments:
Post a Comment