Friday, 2 January 2015

ချောင်းရဲ့ အလွန်


Eagle Breeze

ကြားဖူးတဲ့ အဖြစ်အပျက်ကလေးတစ်ခု ပြောပြချင်ပါတယ်။ တစ်ခါတုန်းက ရဟန်းနှစ်ပါးဟာ ခရီးသွားရင်းနဲ့ လမ်းမှာ ရေစီးတဲ့ မြောင်းတစ်ခုအနားကို ရောက်လာကြတယ်။ မြောင်းကိုဖြတ်ကူးဖို့ချထားတဲ့ တုံးအနားကိုရောက်တော့ ဟိုဘက်ကိုဖြတ်မကူးရဲလို့ ရပ်နေတဲ့ မိန်းခလေးတစ်ယောက်ကို တွေ့ကြတယ်။ ရဟန်းတစ်ပါးကတော့ မိန်းခလေးဖြစ်နေတဲ့အတွက် ဘာမှမကူညီပဲ ဟိုဘက်ကမ်းကို ကူးသွားတယ်။ ကျန်တဲ့ရဟန်းတစ်ပါးက မိန်းခလေးကို ဟိုဘက်ကမ်းရောက်အောင် ပွေ့ချီယူဆောင်ခဲ့ပြီး ချပေးကာ လိုရာခရီးကို ဆက်လက်ကြွချီတော်မူခဲ့တယ်။

လမ်းခရီးရောက်တော့ ပထမရဟန်းက မိန်းခလေးကိုပွေ့ချီခဲ့တဲ့ ရဟန်းကို ရဟန်းဖြစ်လျက်နဲ့ မိန်းမနဲ့ အသားချင်းထိပြီး ပတ်သက်ခဲ့လို့ ပြစ်တင်ရှုံ့ချပါတယ်။ တစ်လမ်းလုံးမကျေမနပ်နဲ့ ပြောလာလိုက်တာ သည်းမခံနိုင်တော့တဲ့အဆုံးမှာ မိန်းခလေးကို ပွေ့ချီခဲ့တဲ့ရဟန်းက ပြန်ပြောလိုက်ပါတယ်။
" အရှင်ဘုရား....တပည့်တော်ပွေ့ချီခဲ့တဲ့ မိန်းခလေးကို ချောင်းတစ်ဘက်ကမ်းမှာတင် တပည့်တော်ချခဲ့ပါပြီဘုရား... အရှင်ဘုရားကသာ အခုထိပွေ့ထားတာပါ...." တဲ့။

ဝန်ထုပ်ဝန်ပိုးများဟာ ဖိစီးလေးလံတတ်ပါတယ်။ ဘဝမှာ လွှတ်ချလိုက်ရမယ့်အရာများနဲ့ ပွေ့ပိုက်ထားရမယ့်အရာများကို ကျွန်တော်တို့ ခွဲခြားတတ်ဖို့လိုမယ့်အပြင် လွှတ်ချရမယ့်အချိန်ကာလကိုပါ ဆုံးဖြတ်တတ်ရပါလိမ့်မယ်။ အထူးသဖြင့် စိတ်ကိုဖိစီးတဲ့ အငြိုးအတေးတွေ၊ အာဃာတတွေ၊ အမုန်းတရားတွေပေါ့။ 
ကျွန်တော့်မှာတော့ ချောင်းရဲ့တစ်ဘက်ကမ်းကို ရောက်တဲ့အထိ ပွေ့ပိုက်ထားတဲ့အရာတွေ အများကြီးရှိဆဲပါပဲ။

စာအုပ်မြို့တော်

No comments:

Post a Comment