Sunday, January 4, 2015
၂၀၁၅ ဇန်နဝါရီ ၃ ရက်နေ့ထုတ် 7 Day ဂျာနယ်မှာပါတဲ့သတင်း တစ်ပုဒ်ကိုဖတ်ရင်း ကချင်ပြည်နယ်က ပြည်သူတွေဒုက္ခကို ကိုယ် ချင်းစာမိပါတယ်။ ပေးစရာလည်းငွေ မရှိ ပြေးစရာလည်းမြေမရှိဆိုတဲ့ ဘဝရောက်နေတဲ့ ကျေးလက်ပြည်သူတွေရဲ့ နိစ္စဓူဝတွေ့ကြုံ နေရတဲ့ ဒုက္ခမျိုးကို ဒီကနေ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေ မှာ အေးအေးဆေးဆေး နေထိုင်လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူ တွေ ခံစားရတာမဟုတ်တော့ ကိုယ်ချင်းမှစာနိုင်ပါ့မလားမသိဘူး။
မန်စီမြို့နယ်၊ ဟန်ထက်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာခုနစ်ရွာကို တစ်ရွာ ငွေ ကျပ် ၁၄ သိန်းနှုန်းနဲ့ ဆက်ကြေးပေးဖို့ KIA က ၂၀၁၄ ဒီဇင်ဘာ ဒုတိယပတ်အတွင်းက စာနဲ့အကြောင်းကြားပါသတဲ့။ အဲဒီကျေးရွာတွေဟာ လယ်ယာစိုက်ပျိုးရေးနဲ့ အသက် မွေးကြရတဲ့ရွာတွေဖြစ်လို့ တစ်ရွာကို ဆက်ကြေးငွေ ၁၄ သိန်းပေးဖို့ အခက်အခဲရှိတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ဟန်ထက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးထိုင်ကြပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မန်စီမြို့နယ်က ရှမ်းနီဖွံ့ဖြိုးတိုးတက်ရေးပါတီကတဆင့် ရှမ်းနီ ပါတီရုံးချုပ်ကိုတင်ပြခဲ့တဲ့အခါ ရှမ်းနီပါတီ က ၂၀၁၅ ဇန်နဝါရီ ပထမပတ်မှာ KIA ဌာန ချုပ်ကို အခုလိုမလုပ်ဖို့ အကြောင်းကြားစာပေးပို့သွားမယ်၊ ဒီလိုမှ မရရင်တော့ ပြည်
ထောင်စု အစိုးရဝန်ကြီးဌာနကို အကြောင်းကြားစာ ဆက်လက်ပေးပို့သွားမယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကဆိုပါတယ်။
ဒီဇင်ဘာလအတွင်းမှာပဲ အင်းတော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ KIA က တောင် သူ တစ်ဦးကို စပါး ၆ တင်း ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထားပေးရမယ်လို့ KIA က အကြောင်းကြားထားပြီး စပါးမပေးနိုင်တဲ့ တောင်သူတစ်ဦးကို ရိုက်နှက်ခဲ့ပါသတဲ့။
ဒီကိစ္စနဲ့ပတ်သက်ပြီး KIA ဆက်ဆံရေးအရာရှိ ဦးဒေါင်ခါးက “ဆက်ကြေးကောက်တာ မဟုတ်ပါဘူး။ အခွန်ကောက်တာပါ။ အခွန် ကောက်ရာမှာလည်း ကုမ္ပဏီက ဘယ်
လောက်၊ စိုက်ပျိုးရေးသမားက ဘယ်လောက်ဆိုပြီး သတ်မှတ်ကောက်ပါတယ်။ တစ်စု တစ်ဝေးတည်း မပေးနိုင်တဲ့သူတွေကိုတော့ ပြန်လည်ညှိုနှိုင်းပြီး အရစ်ကျ ပေး သွင်းစေ တာမျိုးဆောင်ရွက်ပေးပါတယ်။ ဒီလိုမဟုတ်ဘဲ ကချင်လွတ်မြောက်ရေးတပ်က အခွန်
ကောက်ခံတဲ့အပေါ် အစိုးရအဖွဲ့အစည်းဘက်ကို တိုင်တာတို့၊ နိုင်ငံရေး အရ ပြန်လည် တုံ့ပြန် တာမျိုးတို့ဆိုရင်တော့ အဲဒီဒေသတွေကို ကေအိုင်အေကနေ အရေးယူတာမျိုး ရှိပါတယ်” လို့ ဇန်နဝါရီ ၂ ရက်က ပြောပါတယ်တဲ့။
KIA ဆက်ဆံရေးအရာရှိ ဦးဒေါင်ခါးရဲ့ စကားဟာ ရှမ်းနီတွေကို လုံးဝ ဂရုမစိုက်ဘူး ဆိုတဲ့လေသံအပြည့်ပါတဲ့အပြင် ခြိမ်းခြောက်တဲ့လေသံလည်းပါပါတယ်။ ရှမ်းနီဆိုတဲ့ နာမည်နဲ့ လက်နက်ကိုင်တပ်ဖွဲ့မရှိတဲ့ ရှမ်းနီအမျိုးသားတွေဟာ တစ်ချိန်က ကိုယ်ပိုင်ဆိုင် ခဲ့တဲ့ ဒေသကို ပင်လုံစာချုပ်အကြောင်းပြုပြီး ကချင်တွေသိမ်းပိုက်သွားတာ ခံလိုက်ရသ လို KIA လို လက်နက်ကိုင်အဖွဲ့ရဲ့ အနိုင် ကျင့်မှုဒဏ်ကိုလည်း နှစ်ပေါင်းများစွာ ခါးစီးခံနေကြရတာပါ။
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကချင်ပြည်နယ်ဖွဲ့စည်းတဲ့အခါ ဗမာတွေနဲ့ ရှမ်းနီတွေ စုပေါင်းနေထိုင်ကြတဲ့ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ ကသာခရိုင်တွေကို ကချင်ပြည် နယ်ထဲ သွတ်သွင်းလိုက်တဲ့အတွက် ရှမ်းနီဒေသတွေဟာ ကချင်ပြည်နယ်ထဲကို ပါ သွား ခဲ့တယ်။ ရှမ်းနီတွေက ကန့်ကွက်ခဲ့ပေမဲ့ ပင်လုံစာချုပ်ကို အခွင့်ကောင်းယူပြီး ကချင်ပြည် နယ် ဖွဲ့စည်းခွင့်ရခဲ့တာကြောင့် ရှမ်း နီတွေ ဘိုးစဉ်ဘောင်ဆက် နေ လာတဲ့ ဒေသတွေ ဟာ ကချင်ပိုင်နက်ဖြစ်သွားပြီး ကချင်ပြည်နယ်မှာ ပြည်နယ်မရှိတဲ့ လူမျိုးအဖြစ် မျက်နှာ ငယ်ငယ်နဲ့ နေခဲ့ကြရတယ်။
တကယ်တော့ ရှမ်းနီဆိုတာ မြန်မာ့သမိုင်းမှာ အရေးပါတဲ့အခန်းက ဖြတ်ကျော်လာခဲ့ တာပါ။ ရှမ်းညီနောင်သုံးဦးကနေ ဆင်းသက် လာပြီး ပင်းယခေတ်မှာ တရုတ်ရန်ကို ရွပ် ရွပ်ချွန်ချွန်တွန်းလှန်ခဲ့တဲ့ ငါးစီးရှင်ကျော်စွာဟာ ရှမ်းနီ/ဗမာ တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကနေ့ တက္ကသိုလ်ဝင်တန်းမှာသင်ရတဲ့ မြင်စိုင်းရွှေပြည်ကာချင်းကိုရေးပြီး ဓားနဲ့ဒိုင်းကိုကိုင်လို့ ကိုယ်တိုင် “ကာက” ကခဲ့တဲ့ မြန်မာရှင်ဘုရင်ဟာ ရှမ်းနီသွေးပါတဲ့ ဘုရင်ပါ။ သိုဟန်ဘွားတို့ ကွေ့ရှမ်းဂုဏ္ဏအိမ်တို့လို ဘာသာတရားကိုဖျက်ဆီးတဲ့ သူ တွေလည်း ရှမ်းနီအနွယ်တွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လောကသဘောအရ အကောင်း/ အဆိုးဆိုတာ ရှိနေတာကိုး။
ဗြိတိသျှအစိုးရလက်ထက် သူ့ကျွန်ဘဝမှာ အင်္ဂလိပ်ကို အညံ့မခံဘဲ ရရာလက်နက်စွဲကိုင် တိုက်ခိုက်ခဲ့တဲ့ ဝန်းသိုစော်ဘွားကြီး ဦး အောင်မြတ်၊ မိုးလှိုင်းစော်ဘွားကြီး ဦးခမ်းလှိုင်၊ မိုးကောင်းအမတ် ဦးရွှေသားနဲ့ ဗိုလ်ဖိုးစောတို့ဟာ ရှမ်းနီလူမျိုးတွေဖြစ်တယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်လုံးမှာ ဒို့ဗမာအစည်းအရုံး၊ ဘီအိုင်အေ၊ ဘီဒီအေ၊ ဖဆပလ၊ ဖဆပလ စ တဲ့အဖွဲ့တွေနဲ့ တက်တက်ကြွကြွ တာဝန် ထမ်းဆောင်ခဲ့တဲ့အတွက် ၁၉၇၅ ခုနှစ်မှာ နိုင်ငံတော်က လွတ်လပ်ရေးမော်ကွန်းဝင် ချီး မြှင့်တော့ ရှမ်းနီအမျိုးသား ၇၀ ဦး ချီးမြင့် ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလိုပဲ နိုင်ငံ့ဂုဏ်ဆောင် ဟင်နရီဒူးနန့်ဘွဲ့ရ စိုင်းအောင်လှိုင် မြင့်တို့၊ ဖလောရင့်နိုက် တင်ဂေးဘွဲ့ရ ဗိုလ်မှူးကြီး ဒေါ်ခင်အုန်းမြတို့၊ ဖလောရင့်နိုက်တင်ဂေးဘွဲ့ရ ဆရာ မကြီး ဒေါ်သိန်းရီတို့ဟာ လည်း ရှမ်းနီလူမျိုးတွေဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုသမိုင်းအစဉ်အလာကြီးမားပြီး ဒေသတွင်းမှာ လူများစုလို့တောင်ဆိုနိုင်တဲ့ ရှမ်းနီတွေ ဟာ ပင်လုံစာချုပ်ကြောင့် ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသကို ကချင်တွေ လက်အပ်လိုက်ရပြီး KIA ရဲ့ အနှိပ်စက်ခံနေရတာကြောင့် အဲဒီ ပင်လုံစာချုပ်ဆိုတာကို စိတ်နာမယ်ဆို ရင် လည်း နာစရာပါပဲ။ ပင်လုံစာချုပ်ကြောင့် လူနည်းစုကချင်တွေ ပြည်နယ်ရသွားပြီး လူများ စု ရှမ်းနီတွေရဲ့ အခွင့်အရေးတွေ ဆုံး ရှုံးခဲ့ရတာကိုး။ ဒါ့ကြောင့်လည်း နာမည်ကျော် ပါဂျောင် လူသတ်ပွဲကြီးမှာ မျိုးဝင်းတို့ သံချောင်းတို့လို လူဆိုး၊ လူမိုက်တွေက
ပြည်ထောင်စုနေ့ မှာမှ ရွေးပြီး လူသတ်ပွဲကြီး ကျင်းပခဲ့ပုံရပါတယ်။
ပင်လုံစာချုပ်တို့ ပြည်ထောင်စုတို့ဆိုတဲ့ စကားလုံးတွေဟာ ကျန်တဲ့ တိုင်းရင်းသားတွေ အတွက် ဘယ်လိုခံစားရမှန်း မသိပေမဲ့ ရှမ်းနီတွေအတွက်တော့ အသည်းဆတ်ဆတ် ခါအောင် နာကျင်စရာ ကောင်းနေမှာ အမှန်ပါပဲ။
ဒီနေရာမှာ မျိုးဝင်း၊ သံချောင်းတို့ကိုကြည့်ပြီး ရှမ်းနီတွေ ဗမာတွေကို အငြိုးအတေးနဲ့ သတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှမ်းနီ တွေရဲ့ အခွင့်အရေးတွေကို ကျွန်တော်တို့ လစ်လျူရှုမထားသင့်ဘူးလို့ မြင်ပါတယ်။ မျိုးဝင်းတို့ထက်စောတဲ့ ဗိုလ်နော်ဆိုင်းဆိုတာ ပျဉ်းမနားနယ်တစ်ဝိုက်ကဗမာတွေကို ကွန်မြူနစ်တံဆိပ်ကပ်ပြီး သုတ်သင်ရှင်းလင်းခဲ့တဲ့ KNDO အဖွဲ့ကို ခေါင်းဆောင်ခဲ့တဲ့ ကချင် တစ်ယောက်မဟုတ်လား။
လူမျိုးတိုင်းမှာ လူဆိုး/ လူကောင်းရှိတာချင်းအတူတူ ရှမ်းနီနဲ့ ကချင် နှိုင်းယှဉ်လိုက် ရင် မြန်မာ့သမိုင်းမှာ ရှမ်းနီတွေဟာ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ခဲ့တယ်၊ နယ်ချဲ့ဗြိတိသျှကို ဗမာတွေနဲ့အတူတူ လက်တွဲတွန်းလှန်ခဲ့တယ်ဆိုတဲ့ သမိုင်းဟာ အထင်အရှားရှိခဲ့တာပါ။
KIA ဟာ ကချင်ပြည်နယ်ထဲက ဗမာတွေ ရှမ်းနီတွေကို အနိုင်ကျင့်၊ ညှင်းပန်း နှိပ်စက် သတ်ဖြတ်လေ့ရှိတာကြောင့် ရှမ်းနီတွေ၊ ဗမာတွေဟာ ပြည်သူ့စစ်ဖွဲ့စည်းပြီး KIA ရန်ကို ကာကွယ်ခဲ့ကြရတယ်။ အဲဒီလို ပြည်သူ့စစ်ဖွဲ့စည်းပြီး လက်နက်စွဲကိုင် ကာကွယ်ခဲ့ ကြတဲ့ရွာတွေမှာ KIA ရဲ့ ဆက်ကြေးကောက်၊ လူသစ်စု၊ နှိပ်စက်ညှင်းပန်းတဲ့ဒဏ်က သက်သာရာရခဲ့ကြတယ်။
ဒါပေမဲ့ ရှမ်းနီတွေအတွက် ကြမ္မာဆိုးဝင်ချင်တော့ ၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့ KIO/ KIA ငြိမ်းချမ်းရေးယူလိုက်ကြပြီး ပြည်သူ့စစ် စ ခန်းတွေကို ရုတ်သိမ်းလိုက်ကြတယ်။ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေးပျက်ခဲ့ရ တယ်။ ငြိမ်းချမ်းရေးပျက်သွားတာနဲ့ KIA အဖွဲ့ဟာ ရှမ်းနီတွေဒေသ အနှံ့အပြားမှာ ဆက်ကြေး
ကောက်၊ လူသစ်စု၊ ညှင်းပန်းနှိပ် စက်၊ အဓမ္မပြုကျင့်တဲ့ အလုပ်တွေကို စိတ်ရှိလက်ရှိ ကျူးလွန်လာကြတယ်။ တိုက်ပွဲတွေပြန်မဖြစ်ခင် ပြည်သူ့စစ်ရှိတဲ့ ရွာတွေကို အငြိုးအ
တေး နဲ့ ပိုပြီး ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ပြတယ်လို့ ဆိုပါတယ်။ ဇွန်လ ၉ ရက်နေ့က စတင်လိုက်တဲ့ သေနတ်သံဟာ ရှမ်းနီတွေအတွက်တော့ သေမင်း
ခေါင်းလောင်းထိုးလိုက်တဲ့အသံလို အင်မတန်စက်ဆုပ်ဖွယ်ကောင်းတဲ့အသံဖြစ်မှာပါ။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှာ တိုက်ပွဲတွေပြန်ဖြစ်တာဆိုတော့ ရှမ်းနီတွေ ကို ပြည်သူ့ စစ်ပြန်မဖွဲ့ပေးတာ ၁၉၉၂ ခုနှစ်မှာ ဖြစ်ပွား ခဲ့တဲ့ ပါဂျောင်လူသတ်ပွဲရဲ့ ဂယက်ရိုက်မှု လည်းပါကောင်းပါနိုင်မယ်ထင်ပါတယ်။ ပြည်သူ့စစ်ဖွဲ့ပေးထားတဲ့ကာလမှာ နိုင်ငံတော်ကို ပုန်ကန်ချင်တဲ့ အရိပ်လက္ခဏာ တစ်စုံတစ်ရာမတွေ့ရဘူးဆိုရင် ပါဂျောင်လူသတ်ပွဲရဲ့ ဂယက်ရိုက်ခတ်မှု မကင်းနိုင်ဘူးလို့ ယူဆ ရမှာပဲ ဖြစ်ပါတယ်။
အထက်မှာပြောခဲ့သလိုပဲ ဗိုလ်နော်ဆိုင်းအပါအဝင် အစွန်းရောက် KIA တွေကိုကြည့်ပြီး ကချင်တိုင်းရင်းသားတွေ မကောင်းဘူး လို့ ပြောလို့မရသလို မျိုးဝင်းတို့လို လူဆိုး၊ လူ မိုက်တွေကိုကြည့်ပြီး ရှမ်းနီတွေ မကောင်းဘူးလို့ ပြောလို့မရပါဘူး။ အခု ကိစ္စက ကချင် ကို မုန်းပြီး ရှမ်းနီကို ချစ်ရမယ်လို့ပြောနေတာ မဟုတ်ပါ။ မြန်မာ့သမိုင်း တစ်လျှောက် လုံးမှာ တိုင်းပြည်ကို သစ္စာစောင့်သိခဲ့ တဲ့ တိုင်းရင်းသားလူမျိုးစု တစ်စုကို KIA လို လက် နက်ကိုင်အဖွဲ့အစည်းတစ်ခုက အညှိုးအတေးကြီးကြီးနဲ့ နှိပ်စက်၊ ညှင်းပန်း၊ သတ်ဖြတ်
နေတာကို ကယ်တင်တဲ့အနေနဲ့ ရှမ်းနီတွေကို အရင်လို ပြည်သူ့ စစ်ပြန်ဖွဲ့ပေးပြီး ကိုယ်ဒေ သ ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်အောင် Empowerment ပေးဖို့ပြောချင်တာပါ။
ကျွန်တော် ဗမာစစ်စစ်ပါ။ သိုဟန်ဘွားကိုမုန်းပေမဲ့ ငါးစီးရှင်ကျော်စွာကို ချစ်ပါတယ်။ မျိုးဝင်းကို မုန်းတာဟာ ရှမ်းနီတွေကို မုန်း တာ မဟုတ်ပါ။ အပြစ်မရှိတဲ့ ဗမာတွေ ကိုသတ်သွားတဲ့ဗိုလ်နော်ဆိုင်းနဲ့ တပ်မတော်က ဗိုလ်ဇော်မျိုးထက်ခေါင်းကိုဖြတ်သွားတဲ့ KIA တွေကို မုန်းပေမဲ့ ကချင်လူမျိုးတွေကို မမုန်းပါ။ KIA က ဝမ်ပေါင်သမ္မတနိုင်ငံ အိပ်မက်မက်နေကြပေမဲ့ ရှမ်းနီတွေက နိုင်ငံ တော်က ခွဲထွက်ဖို့ကြိုးစားမှာ မဟုတ်ပါ။
ဒါ့ကြောင့် သမိုင်းအစဉ်အလာကြီးမားတဲ့ ရှမ်းနီတွေရဲ့ တိုင်းပြည်အပေါ်သစ္စာရှိမှု ကို ထောက်ထားတဲ့အနေနဲ့ ရှမ်းနီတွေ တောင်းဆိုနေတဲ့ တပ်မတော်နဲ့အတူလက်တွဲပြီး မိမိဒေသကို ကာကွယ်ခွင့်ပေးပါဆိုတဲ့ကိစ္စကို နိုင်ငံတော်အကြီး အကဲများ မေတ္တာရှေ့ ထား စဉ်းစားသင့်တယ်လို့ အကြံပြုတင်ပြချင်ပါတယ်။
နိုင်ငံတော်ကို ပုန်ကန်နေတဲ့အဖွဲ့က ကိုယ့်ရှေ့မှာ ကိုယ့်သားကို သူ့ဆန္ဒမပါဘဲ အဓမ္မ လူသစ်စုဆောင်းတာကို ရင်နာနာနဲ့ကြည့်ပြီး ငိုကြွေးနေရတဲ့ ရှမ်းနီမိခင်တွေ ရဲ့ နှလုံး အိမ်က မျက်ရည်စတွေကို သုတ်ပေးပါ။
ဆက်ကြေးမပေးနိုင်လို့ ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်ခံရတဲ့ ဖခင်ကိုကာကွယ်ဖို့ ရှမ်းနီလူငယ်တစ်ယောက်ရဲ့ လက်ထဲကို တရားသောခုခံကာကွယ်စစ် ဆင်နွှဲနိုင်ဖို့ လက်နက်တစ်လက် ပေးလိုက်ပါ။
“အစ်ကိုရေ” လို့အော်ပြီး မုဒိန်းသမားတွေလက်က အမောတကောနဲ့ သုတ်ခြေတင် လွတ်အောင်ပြေးလာရရှာတဲ့ နှစ်မဖြစ်သူကို ကယ်တင်နိုင်ဖို့ ရှမ်းနီလယ်သမား တစ်ယောက်လက်ထဲကို မောင်းပြန်ရိုင်ဖယ်တစ်လက် ယုံယုံကြည်ကြည်နဲ့ အပ်နှင်းလိုက်ပါ။
သမိုင်းအစဉ်အလာကြီးမားခဲ့ပေမဲ့ အရာရာဆုံးရှုံးခဲ့ရတဲ့ ရှမ်းနီတွေရဲ့ နှလုံးသားကို စာနာနားလည်ပြီး ဝိုင်းဝန်းဖေးမ စောင့်ရှောက် ကြရအောင်လား…။ ။
ရဲကျော်သူရ
No comments:
Post a Comment