Friday, 2 January 2015

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၀ဲယာ ပေ ၂၀ ထပ်မံတိုးချဲ့ရန် နေပြည်တော်အမြန်လမ်း နံဘေးရှိ အိမ်များကို လေးလအတွင်း ဖယ်ရှားပေးဖို့ သတိပေးစာ ပေးပို့

လမ်းနယ်နိမိတ်နှင့် မလွတ်သည့် အိမ်များအား ရွှေ့ပြောင်းပေးရန်အတွက် အကြောင်းကြားစာ ပေးပို့နေသည်ကို တွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းဘေး ၀ဲ၊ ယာ ပေ ၂၀ ထပ်မံတိုးချဲ့ရန်အတွက် နေပြည်တော်အမြန်လမ်းဘေးရှိ အိမ်များအား လေးလအတွင်း ဖယ်ရှားပေးရန် ဇန်န၀ါရီ ၂ ရက်တွင် အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး လက်ထောက်အင်ဂျင်နီယာမှ သတိပေးစာ ပေးပို့ထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား စတင်ဖောက်လုပ်သည့် အချိန်တွင် လမ်းဘေး ၀ဲ၊ ယာအား ပေ ၁၈၀ သတ်မှတ်ထားကြောင်း၊ နေပြည်တော်အပိုင် အမြန်လမ်းဘေးရှိ ဒေသခံ ပြည်သူများအား၂၀၁၄ ခုနှစ်တွင် တစ်ဧကလျှင် နစ်နာကြေး သုံးသိန်းခွဲ ပေးလျော်ခဲ့ကြောင်း၊ ယခုအချိန်တွင် အမြန်လမ်းအား ပေ ၂၀ ထပ်မံတိုးချဲ့ရန်အတွက် လမ်းနှင့်မလွတ်ကင်းသည့် အဆောက်အအုံများအား ဖယ်ရှားပေးရန် ရန်ကုန်-မန္တလေး အမြန်လမ်း လမ်းနယ်နိမိတ်အတွင်း ကျူးကျော်ဆောက်လုပ်ထားသော ခြံများ၊ အဆောက်အအုံများအား ဖယ်ရှားပေးပါရန် ခေါင်းစဉ်ဖြင့် သတိပေး အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

ဒေသခံများအား သတိပေးအကြောင်းကြားစာ ပေးပို့နေသည့် အငယ်တန်း အင်ဂျင်နီယာ(၂) မြို့ပြဒေါ်စိုးစိုးဝင်းက “အရင်ကလည်း လမ်းလယ်ကျွန်းကနေ တစ်ဖက် ပေ ၂၀၀ ပဲ။ အခုလည်းပိုပြီး တိုးချဲ့တာ မရှိပါဘူး။ ပေ ၄၀၀ အတွက် လျော်ကြေးရထားပြီးသား။ ချလည်း ချထားပြီးသား။ အဲ့ဒီရဲ့ အသေးစိတ်တော့ မသိဘူး။ ရန်ကုန်-မန္တလေး တစ်လျှောက်လုံး ပေ ၄၀၀ သတ်မှတ်ပြီးသား။ လျော်ကြေးငွေလည်း ရထားပြီးသားဆိုတော့ ဖယ်ပေးရမှာပဲ။ ကျွန်မတို့က ကိုယ်ပိုင်တဲ့ တစ်ကန့်ချင်းစီပဲ လုပ်တာပါ။ ကျွန်မတို့ ဖယ်ပေးဖို့ သုံးကြိမ် သတ်မှတ်ထားတယ်။ ဒါက ပထမဆုံးအကြိမ်ပါ။ ၂၀၁၅ ခုနှစ် ဧပြီလမကုန်ခင် လုပ်သွားမှာပါ” ဟု သတင်းထောက်များအား ဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မည်သူမဆို ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၏ ခွင့်ပြုချက်မရှိဘဲ လမ်းမကြီး၏ နယ်နိမိတ်အတွင်း (က)လမ်းမကြီးကို ဖြတ်သန်း၍ တစ်စုံတစ်ရာ ဖောက်လုပ်ခြင်း (သို့မဟုတ်) ဆောက်လုပ်ခြင်း၊ (ခ)လမ်းမကြီးနယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်း၊ (ဂ)လမ်းမကြီးနယ် နိမိတ်အတွင်း ကန်တူးဖော်ခြင်း(သို့မဟုတ်)မြေတူးခြင်း တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်သုံးနှစ်တိတိ ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဟု ဒေသခံများအား ပေးပို့သည့် အကြောင်းကြားစာတွင် ပါရှိသည်။

“ဒီအမြန်လမ်းထဲမှာ အခုဖယ်ပေးရတဲ့ထဲမှာ ကျွန်တော်က မြေလေးဧကခွဲ ပါတယ်။ နစ်နာကြေးပေးရင်တော့ ကျွန်တော်က ဖယ်ပေးမှာပါ။ အခုဟာက နစ်နာကြေးမပေးဘဲ ဖယ်ခိုင်းနေတာ။ ၂၀၀၉ ခုနှစ်တုန်းက လမ်းနယ်နိမိတ် သတ်မှတ်တာ ပေ ၃၆၀ လို့ သတ်မှတ်ပြီးသား။ အခုမှ ပေ ၄၀၀ လို့ ပြောနေတာ။ အရင်ပေ ၃၆၀ အတွက် မြေဧက၀က် ပါတယ်။ အဲ့ဒါတောင် ကျွန်တော်က လျော်ကြေးမရသေးဘူး။ မပေးဆိုရင်တော့ ဥပဒေအတိုင်းပဲ ရင်ဆိုင်မှာပါ” ဟု မိုင်တိုင် ၁၉၂ မိုင်အနီး ရေပြာကျေးရွာမှ ဦးနေလင်းစိုးက ပြောကြားသည်။

၎င်းအပြင် လမ်းမကြီးများ ဥပဒေစာမျက်နှာ(၁၁/၁၂)၊ အခန်း(၅)၊ အပိုဒ်(၈)(က)(င) ပြစ်မှုပြစ်ဒဏ်များတွင် (ဃ)မည်သူမဆို လမ်းမကြီးဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းကို နှောင့်ယှက်ခြင်း (သို့မဟုတ်) ဟန့်တားခြင်း၊ (င)လမ်းမကြီး၏ နယ်နိမိတ်အတွင်း ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၏ ခွင့်ပြုချက်မရှိဘဲ သစ်ပင်သီးနှံ စိုက်ပျိုးခြင်း၊ နုတ်ခြင်း၊ ဖျက်ဆီးခြင်း၊ (စ)ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်မရှိဘဲ လမ်းဘေးစားသောက်ဆိုင်များ၊ ဈေးဆိုင်များ ဆောက်လုပ်တည်ခင်း ရောင်းချခြင်း စသည့်အချက်များပါဝင်ပြီး ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်ခြောက်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု အဆိုပါ အကြောင်းကြားစာတွင် ပါရှိသည်။

အမြန်လမ်းနံဘေးရှိ ရဘိန်းကျေးရွာမှ ဦးသိန်းတန်က “အရင်က လမ်းတစ်ခုလုံးကို ပေ ၃၆၀ နှုန်းနဲ့သိမ်းပြီး လျော်ကြေးသုံးသိန်းခွဲ ပေးတယ်။ ပေ ၃၆၀ နယ်နိမိတ် သတ်မှတ်ပြီးပြီ။ အခုကျမှ ပေ ၄၀၀ ဆိုပြီး ကျွန်တော်တို့ အိမ်လေးတွေ ဆောက်ထားကာမှ ဖယ်ခိုင်းတယ်။ ကျွန်တော်တို့ကို အခုထပ်တိုးတဲ့ ပေ ၂၀ ဖိုးပေးရန် ဖယ်ပေးဖို့ အသင့်ပါဘဲ။ လျော်ကြေးမဘဲနဲ့ ဖယ်ခိုင်းတယ်ဆိုရင်တော့ ဥပဒေအတိုင်းပဲ ရင်ဆိုင်သွားမှာပါ” ဟု ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းအား ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၃၃၆ မိုင် ၃ ဖာလုံ ရှည်လျားကြောင်း သိရသည်။

- eleven

No comments:

Post a Comment