လီဗာပူး အသင်း၏ သက်တော်ရှည် အသင်းခေါင်းဆောင်ကြီး စတီဗင်ဂျရတ်သည် ဘောလုံးရာသီ အကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။
ပရီးမီးယားလိဂ် ကလပ်အသင်းကရော၊ ကာယကံရှင် ကစားသမားကပါ ယခုရာသီသည် နှစ်ဦးနှစ်ဖက် လက်တွဲသည့် နောက်ဆုံးရာသီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အသက်(၃၄)နှစ်ရှိ အင်္ဂလန် ကွင်းလယ်ကစားသမားသည် အသက်(၈)နှစ် အရွယ်ကတည်းက အန်းဖီးလ်ကွင်းသို့ ရောက်ရှိနေခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အသင်းအတွက် တရားဝင် ပွဲထွက်ခွင့် ရခဲ့သည်။ ၎င်းသည် လီဗာပူး အသင်းခေါင်းဆောင် လက်ပတ်ကို (၁၁)နှစ်လုံးလုံး ဝတ်ဆင်ခဲ့သူလည်း ဖြစ်သည်။
ယခုရာသီ အကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဂျရတ်က “ကျွန်တော့်ဘဝမှာ ကြုံဖူးသမျှ အခက်ခဲဆုံး ဆုံးဖြတ်ချက် တစ်ခုပါပဲ။ သင့်တော်တဲ့ အချိန်မှာ အကောင်းဆုံး အရာတစ်ခုကို ကျွန်တော်ရော၊ မိသားစုပါ ရွေးချယ်လိုက်တာပါ။ ကျွန်တော် ကိုယ်တိုင် ကြေညာလိုက်တဲ့အတွက် အသင်းနဲ့ မန်နေဂျာက ကျွန်တော့်အနာဂတ်နဲ့ ပတ်သက်ပြီး ကောလာဟလတွေကို လိုက်ဖြေရှင်းနေစရာ မလိုတော့ပါဘူး။ ကျွန်တော်တို့ ဘဝမှာ လီဗာပူးဟာ ကြီးကျယ်ခမ်းနားတဲ့ အစိတ်အပိုင်း တစ်ရပ်ပါ။ ဒါကို နှုတ်ဆက်စကားပြောဖို့ ဆိုတာက ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ လက်ရှိ ရွေးချယ်မှုဟာ ကျွန်တော်၊ ကျွန်တော့်မိသားစုနဲ့ ကလပ်အသင်းအတွက် အကောင်းဆုံး ဖြစ်စေပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
လီဗာပူး မန်နေဂျာ ဘရန်ဒန် ရော့ဂျာက “ဂန္ထဝင်ဆိုတဲ့ အသုံးအနှုန်းကို ပေါပေါလောလော ပြောဆိုခိုင်းနှိုင်းနေတဲ့ ခေတ်မျိုးမှာ ဂျရတ်ကို သာမန် စကားလုံးမျိုးနဲ့ ချီးကျူးဂုဏ်တင်ဖို့ ဆိုတာက သူ့အတွက် မမျှတပါဘူး။ ဂျရတ်ဟာ လူတစ်ယောက် အနေနဲ့၊ ခေါင်းဆောင်ကောင်း တစ်ယောက်အနေနဲ့ ကျွန်တော် ကြုံဖူးသမျှ သူမတူတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်”ဟု ချီးကျူးခဲ့သည်။
ဂျရတ်သည် ရာသီကုန်ထိ အသင်းတွင် ကစားပြီးနောက် အခြားကလပ် တစ်ခုသို့ ပြောင်းရွှေ့မည် ဖြစ်သည်။ ၎င်းသည် လီဗာပူး၏ တိုက်ရိုက်ကျသော ပြိုင်ဘက်များနှင့် စာချုပ်ဖွယ် မရှိဘဲ အမေရိကန် မေဂျာလိဂ် အသင်းတစ်ခုခုသို့ ရောက်ရှိမည်ဟု သတင်းကြီးနေသည်။
လတ်တလောတွင် ဂျရတ်ကို အမေရိကန် ကလပ်များဖြစ်သည့် နယူးယောက်ရက်ဘူးလ်၊ နယူးယောက်စီးတီးနှင့် လော့စ်အိန်ဂျယ်လိစ် ဂလက်ဆီတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။
7Day
No comments:
Post a Comment