~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူဘဝကိုစပြီး ဆိုတာနဲ့  ကိုယ့်နေရာနဲ့ ကိုယ်ဆိုတာ ပါလာပြီးသားလို့ ကျွန်တော်ထင်ပါတယ်။ လူမှန် နေရာ မှန်ဖြစ်ဖို့ တော့ လိုတာပေါ့ဗျာ။ ဒါပေမယ့် ကိုယ့်နဲ့ မသင့်လျော်တဲ့ နေရာဆိုတာ ရှိပြီးသားပါ။ ကိုယ်နဲ့ မတန်တဲ့ နေရာကိုမှန်းနေခြင်းဟာ ဖိုးလမင်းဆီက ထမင်းဆီစမ်းနဲ့ ရွှေလင်ဗန်းတောင်းနေသော ကလေးငယ်ရဲ့အဖြစ် လိုပါပဲ။
ပညာတွေတတ်တိုင်းသာ နိုင်ငံအုပ်ချုပ် မင်းလုပ်ရမယ်ဆိုရင် ဆရာကြီး ဦးသုခတို့ လည်း ဒီချိန်ဆို နိုင်ငံခေါင်းဆောင်တွေ ဖြစ်နေပြီပေါ့။ လူတွေရဲ့ အားပေးထောက်ခံမှုကို ရနေပေမေ့လည်း နည်းလမ်းမမှန်တဲ့ လုပ်ရပ်ဖြစ်နေတာကြောင့် ထိုထောက်ခံ အားပေးမှုဟာ ရေရှည်တည့်တံ့လိမ့်မည်မဟုတ်ပါ။ အပေါ်ရံသာဖြစ်လိမ့်မည်။ ထိုအရာသည် ဘာနဲ့ အလားသဏာန်တူလည်းဆိုရင် ဒီရေ အတက် အကျနဲ့ တူ၏။ အတက်မြန်သလို အကျလည်း မြန်တက်ပေသည်။
ဒီရေ တက်တိုင်း မကောင်းပါ။ ဒိုက်ပုံတွေ၊ ရွှံနွံတွေသာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားစေခဲ့တာပါ။ ထို့ အတူ စကားဆိုတာ တက်တိုင်းပြောလို့ မကောင်းပါ ။ စကားတွေ ပြောတာများလာရင် အလုပ်လုပ်ဖို့ အချိန်တွေနည်းလာပါပြီ။ ထိုကဲ့သို့ အခါမှာ ထိုအလုပ်အတွက် သူဟာ စကားတတ်တိုင်း ဆင်ချေ ပေးမှာပဲ။ မှတ်ထားလိုက်ပါ ဆင်ခြေပေးတဲ့ ပါးစပ်ဟာ ထမင်းငတ်တတ်ပါတယ်။ စားရလည်း ခဏပေါ့။ သူ့ ဆင်ချေနဲ့ သူ့ စကားတွေအောက်မှာလည်း မျောတုန်း ခဏပေါ့။
"ဘာလုပ်ရမှန်း မသိပါဘူး " ငါ့မှာလုပ်ပိုင်ခွင့်မှ မရှိတာဆိုပြီး ထိုင်က ဆင်ချေပေးနေသော သူသည် ဘာကိုမှ လုပ်စရာတွေ့ မသွားပဲ၊ အချိန်တွေသာ ကုန်ဆုံးသွားမှာပါ။ "ဘာလုပ်ရမလည်း" လို့ ရှာဖွေနေသူ အဖို့ တော့ တကယ်လုပ်သင့်တဲ့ အလုပ်တွေကို တွေ့ သွားပြီး လူအများရဲ့ ထောက်ခံမှုကို ရရှိပြီး အောင်မြင်နေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နည်းနည်းပြောပါ၊ များများလုပ်ပါ၊ မညည်းညူပါနဲ့  ဆင်ချေ မပေးပါနဲ့ ။ ကိုယ်နဲ့ တန်တဲ့ အလုပ်တွေ အများကြီးပါ။ ကိုယ်လုပ်နေရတဲ့အလုပ်ဟာ ဘယ်လောက်ပဲ သေးနေပါစေ၊ မခမ်းနားပဲနေပါစေ၊အဲ့ဒီအလုပ်ပေါ် ရိုးသားဖို့ လိုပါတယ်၊ ကြိုးစားဖို့ လိုပါတယ်၊ နိုးကြားနေဖို့ လိုပါတယ်။
ကိုယ်ရောက်နေတဲ့နေရာ၊ ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ်ဖြတ်သန်းနေတဲ့အချိန် ဟာ လက်ရှိမှာ အကောင်းဆုံးတွေပါပဲ။ အများကြီး မမျှော်ပါနဲ့ ၊ မျှော်ရင် ချော်တတ်တယ်။ အများကြီး မတွေးပါနဲ့ ၊ တွေးရင် ဝေးတတ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ တန်လို့ ရထားတဲ့ အလုပ်ပေါ်ကိုပဲ အကောင်းဆုံးနဲ့ အပီပြင်ဆုံးဖြစ်အောင် ကြိုးစားဖို့ ပဲလိုပါတယ်။ ကိုယ့်အလုပ်အပေါ်မှာ အမြင့်မားဆုံး အောင်မြင်မှုရနေခြင်းဟာ လောကတွင် ကျေနပ်စရာ အကောင်းဆုံး အချိန်တွေပါပဲ။
အဲ့ဒါကြောင့် ကိုယ်လုပ်နိုင်တဲ့အလုပ်ကိုပဲ တစိုက်မတ်မတ် အာရုဏ်ထားပြီး လုပ်ရပါမည်။ ကိုယ်လုပ်ယူ ဖန်တီးလို့ ရတဲ့ လူတွေရဲ့အားပေးမှုဆိုတာလည်းကိုယ့်ကံလေးကောင်းနေတုန်း ရနေတာပါ။ ကံကုန်တဲ့အချိန်ရောက်တဲ့အခါ အဲ့ဒီ လက်ခုပ်သံတွေကပဲ ကိုယ့်ကို ဘေးကို ပြစ်ချလိုက်တာပါပဲ။ ဒါကြောင့် ကိုယ့်အခြအနေကို ကိုယ်သုံးသပ်ပြီး လက်ခံနိုင်အောင် ကြိုးစားယူတာ အကောင်းဆုံးပါပဲ။ ကိုယ့်အတွက် မထိုက်တန်တဲ့နေရာ၊ ကိုယ့်အတွက် နေရာမှန်မဟုတ်တဲ့နေရာကို မျှော်မှန်းပြီးတော့ တကယ်ကြိုးစားလုပ်ကိုင်နေတဲ့သူကို တွန်းချမှ ရမဲ့ နေရာဆိုရင် ကိုယ်ဘဲဘေးထွက်လိုက်ပြီး နေပေးလိုက်တာ အသင့်တော်ဆုံးပဲဖြစ်ပေတော့မည်။
True Man
စာအုပ်မြို့တော်
No comments:
Post a Comment