Thursday, 1 January 2015

ယန်းပေါဆတ်ကို ဦးညွှတ်ခြင်း


Eagle Breeze

အတွေးအခေါ်ပညာရှင် အာနက်စ်ဂဲလ်နာက ပြောပါတယ်။ လူ့သမိုင်းဖွံ့ဖြိုးတိုးတက်မှုမှာ အရေးကြီးတဲ့ လှေကားထစ်သုံးခုရှိတယ်တဲ့။

ပထမလှေကားထစ်က ဓား(sword)ပါ။
ဓားကို တီထွင်ပြုလုပ်နိုင်ခြင်းဟာ ကျောက်ခေတ်ကိုအဆုံးသတ်ခြင်းဖြစ်ပြီး လူ့သမိုင်းဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအကျဆုံး အုတ်မြစ်ဖြစ်တယ်။

ဒုတိယက ထယ်တုံး(plough) ပါ။ စားဝတ်နေရေးအတွက် ထွန်ယက်စိုက်ပျိုးတတ်ခြင်း၊ ရိတ်သိမ်းခူးဆွတ်တတ်ခြင်း၊ နေ့ဖို့ညစာ စုဆောင်းသိုမှီးတတ်ခြင်းဟာ လူသားရဲ့ လုပ်ရည်ကိုင်ရည်တိုးတက်ခြင်း၊ နည်းပညာပါးဝလာခြင်းနဲ့ မျှော်မြင်တတ်ခြင်းကို ပြသနိုင်ခဲ့ပါတယ်။

တတိယကတော့ စာအုပ်(book) ပါ။ စာအုပ်ကတော့ လူ့သမိုင်းတစ်ခုလုံးရဲ့ အဓိက မောင်းနှင်အားပါ။ ယဉ်ကျေးမှုယန္တရားတစ်ခုလုံးရဲ့ ချောဆီပါပဲ။ ရှာဖွေလို့ရသမျှ သုတ၊ ရသ၊ အတွေးအခေါ်၊ အသိတရား၊ အတတ်ပညာ အရာအားလုံးကို စာပေထက်တင်ပြီး သိမ်းဆည်းဖတ်ရှုခွင့် ရနိုင်ခြင်းဟာ စကြာဝဠာကို လူသားရဲ့ ထိန်းချုပ်မှုအောက် ရောက်စေခဲ့ပါတယ်။

စာအုပ်စာပေကင်းကွာသူတို့ရဲ့ တစ်ပါးသူပြောတိုင်း ယုံကြည်ခြင်း၊ ခြောက်လှန့်တိုင်း ကြောက်ခြင်း၊ မိမိအသိတရား ငါးမူးဖိုးကို တစ်ကျပ်ဖိုးလောက်ထင်ခြင်း၊ ရေတွင်းထဲက ဖားသူငယ်လို ရေတွင်းအဝိုင်းလောက်ပဲ မြင်ရတဲ့ကောင်းကင်ကို ကျယ်လှပြီလို့ ထင်ခြင်းတွေဟာ အသိဉာဏ်နည်းပါးမှုပြယုဂ်များ ဖြစ်ပါတယ်။

ယန်းပေါဆတ်က ပြောဖူးတယ်။
" စာအုပ်များသည် ကျွန်ုပ်၏ ဘုရားသခင်ဖြစ်၍ စာအုပ်များရှိရာ စာအုပ်စင်များသည် ကျွန်ုပ်၏ ဘုရားရှိခိုးကျောင်းများ ဖြစ်သည်.." တဲ့။

စာအုပ်မြို့တော်

No comments:

Post a Comment