ယနေ့ ကမ္ဘာမှာ မိုဘိုင်းဖုန်းစွဲလမ်းမှုဟာ ရောဂါတစ်ခုသဖွယ် ဖြစ်လာနေပြီး ကုသဖို့ခက်ခဲတဲ့ ရောဂါကြီးလို ဖြစ်လာ နေပါပြီလို့ CNET က ဆိုပါတယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့ လူငါးယောက်မှာ တစ်ယောက်က လက်ကိုင်ဖုန်းကို အသုံးပြုနေပါတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း မိုဘိုင်းဖုန်း ချထားပေးမှု ပိုပြီး များပြားလာတာနဲ့အမျှ စမတ်ဖုန်းအသုံးပြုမှုက ၂ နှစ်အတွင်းမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့် CNET နည်းပညာ သတင်းဌာနက ဖော်ပြထားတဲ့ စမတ်ဖုန်း စွဲလမ်းမှုရောဂါကြောင့် ဖြစ်ပေါ်လာမယ့် စိုးရိမ်ဖွယ်ရာ ဘေးထွက်ဆိုးကျိုး ၅ ချက်ကို ဖော်ပြပေး လိုက်ပါတယ်။
လက်ချောင်းထိပ်တွေ နဲ့ တံတောင်ဆစ် ထိခိုက်မှု
စမတ်ဖုန်းတွေကို အလွန်အကျွံ သုံးစွဲလာတဲ့အတွက် မျက်နှာပြင်ကို ထိတွေ့နေတဲ့ လက်ချောင်းထိပ်တွေမှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ စာရိုက်နေတာနဲ့ ဂိမ်းကစားတာတွေကြောင့် လက်ချောင်းကလေးတွေ ကြွက်တက်တဲ့ အထိ ဖြစ်နိုင်ပါတယ်။ ဒီထက်အသုံးများလာတဲ့အခါမှာတော့ လက်ချောင်း အရွတ်တွေ ရောင်ရမ်းလာတဲ့အထိ ထိခိုက်မှုတွေ ရှိလာနိုင်တယ် လို့ CNET က ဆိုပါတယ်။ လက်ချောင်းထိပ်တွေလိုပဲ စမတ်ဖုန်း အသုံးပြုမှုကြောင့် ထိခိုက်တဲ့ အထဲမှာ တံတောင်ဆစ်လည်း ပါပါတယ်။ စမတ်ဖုန်းအသုံးပြုနေတဲ့ အချိန်တလျှောက်လုံး တံတောင်ဆစ်ကို ကြာမြင့်စွာ ကွေးထားရတဲ့အတွက် လက်သန်းနဲ့ လက်သူကြွယ်တွေမှာ ထုံကျင်နေသလို ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်း အချိန်ကြာကြာ အသုံးပြုပြီးရင် ခဏနားပြီး ခြေလက်တွေ ကို ဆန့်တန်းပါ။ လက်ကောက်ဝတ်ကို ကွေးလိုက်ဆန့်လိုက် ပြုလုပ်ပါ။
ဘုရား<တ်ပြုသလို လက်နှစ်ဖက်ကို ပူးပြီး အောက်ကို ဆန့်ချထားပါလို့ CNET က တိုက်တွန်းပါတယ်။
နာကျင်မှုတွေက တစ်ပတ်ကျော်အထိ ဖြစ်လာတယ်ဆိုရင်တော့ မီးကင်ကြည့်ပါလို့ ဆိုပါတယ်။ ဒီလိုမှ မရဘဲ ဆက်ပြီးနာကျင်နေမယ် ဆိုရင်တော့ ဆေးခန်းမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန် နဲ့ ပြသဖို့လိုပါပြီ။
နောက်ကျောကြွက်သား နဲ့ လည်ပင်းရိုး ထိခိုက်မှု
ဖုန်းတစ်လုံးအပေါ်မှာ နာရီပေါင်းများစွာ အာရုံစိုက်ပြီး ခေါင်းငုံ့ အသုံးပြုလာတဲ့အခါ လည်ပင်းရိုးကို ထိခိုက်မှု ဖြစ်စေနိုင်တယ်လို့ CNET က ဆိုပါတယ်။ လည်တိုင်ရိုးအပြင် နောက်ကျောကြွက်သားတွေကိုလည်း ထိခိုက်နာ ကျင်စေပါတယ်လို့ ဆိုပါတယ်။ ဗြိတိန်မှာ နောက်ကျောနာကျင်သူတွေကို စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ ၈၄ ရာခိုင်နှုန်း လောက်ဟာ စမတ်ဖုန်း၊ တက်ဘလတ် နဲ့ ကွန်ပျူတာအသုံးပြုသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။
အမြင်အာရုံ ထိခိုက်မှု
ဒါကို Computer Vision Syndrome လို့ခေါ်ပါတယ်။ စမတ်ဖုန်းမျက်နှာပြင်ပေါ်မှာ အာရုံစိုက်ပြီးအချိန်ကြာကြာ
ကြည့်ရှုလာတဲ့အခါမျက်စိ အမြင်အာရုံ မှုန်ဝါးလာတတ်ပါတယ်။ ဒါ့အပြင် မျက်စိခမ်းခြောက်မှု ဖြစ်လာပြီး ဂုတ် ကြွက်သားနာကျင်မှု နဲ့ ခေါင်းကိုက်ဝေဒနာ စွဲကပ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
ဖုန်းမပါလာမှာ စိုးရိမ်တဲ့ရောဂါ
ဒါက စိတ်ပိုင်းဆိုင်ရာထိခိုက်မှု တစ်ခုပါ။ ဖုန်းမပါခဲ့မှာ၊ မေ့ကျန်ခဲ့မှာ စိုးရိမ်တတ်တဲ့ ရောဂါလို့ ဆိုရမှာပါ။ ဗြိတိန်မှာ လူတစ်ထောင်ကို မေးမြန်းကြည့်တဲ့အခါ ၆၆ ရာခိုင်နှုန်း က သူတို့ စမတ်ဖုန်းပျောက်သွားမှာ၊ မေ့ကျန်ခဲ့မှာကို အလွန်အကျူး စိုးရိမ်တတ်ကြတာကို တွေ့ရပါတယ်။
ဖုန်းတစ္ဆေ ချောက်ခံရခြင်း
ဒါကလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်မျိုးပါပဲ။ ကိုယ့်ဆီကို ဘယ်သူမှ ဖုန်းမခေါ်၊ မက်ဆေ့ခ်ျ မပို့ပါဘဲ ကိုယ့်ဖုန်းက တုန်ခါသလို ခံစား ထင်မြင်မိနေတတ်တဲ့ ရောဂါလည်း စမတ်ဖုန်းအလွန်အကျွံ အသုံးပြုတာကြောင့် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ အင်ဒီယားနား တက္ကသိုလ်ရဲ့ ပါမောက္ခ တစ်ဦးက ကျောင်းသား၊ ကျောင်းသူတွေမှာ ဒီရောဂါလက္ခဏာ ခံစားရတတ်ပါတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကိုယ်မျှော်လင့်နေတဲ့ မက်ဆေ့ခ်ျ နဲ့ လူမှုကွန်ရက်ပေါ်က အကြောင်းအရာတွေ ရှိနေခဲ့ရင် ပိုဖြစ်တတ်ပါတယ် လို့ ဆိုပါတယ်။
ဖော်ပြခဲ့တဲ့အချက်တွေက စမတ်ဖုန်းအလွန်အကျွံ သုံးစွဲခြင်းကနေ ဖြစ်လာတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။ မသုံးမဖြစ်သုံးနေရတယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အတွက် အလွန်အကျွံမသုံးစွဲကြဖို့ တိုက်တွန်းပါတယ်။
Credit :Mizzima Daily
No comments:
Post a Comment