၂ဝ၁၄ ခုနှစ်အတွင်းက ကားဟောင်းအပ်၍ ထုတ်ယူထားသည့် စလစ်များဖြင့် ကားသွင်းခွင့်လိုင်စင် လျှောက်ထားသူများအား (ရန်ကုန်နေသူများ)ကားပါကင်ထောက်ခံချက် တောင်းခံနေသည့်အတွက် ယာဉ်ဟောင်းအပ်၍ ကားပြန်သွင်းမည့်သူများ အခက်အခဲ မျိုးစုံဖြင့် ထပ်မံကြုံတွေ့နေရကြောင်း ကားတင်သွင်းသူများထံမှ သတင်းရရှိသည်။
၂ဝ၁၄ ခုနှစ်အတွင်း အပ်ထားသည့် ကားဟောင်းစလစ်များအတွက် ပါကင်ထောက်ခံချက် တောင်းမှုကြောင့် အပ်ထားသူများမှာ ပါကင်ထောက်ခံချက် မပြနိုင်သူများ ဆိုပါက ကားဟောင်းပါ ထပ်မံဆုံးသွားပြီး စလစ်မှာလည်း စက္ကူစုတ်တစ်ခုသာသာ အနေအထားသာ ရှိတော့မည်အထိ အခက်အခဲ ဖြစ်သွားသည်ဟု ကားဟောင်းအပ်ထားသူများက ဆိုသည်။
မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီတွင် ပါဝင်သော စီးပွားကူးသန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ရန်ကုန်မှာ ကားကျပ်တာလျော့သွားအောင် ကားပါကင် သတ်မှတ်ချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်စီစဉ်တာပါ။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး ရန်ကုန်က ကားသွင်းမယ့်သူတွေ အနေနဲ့ ကားပါကင်ထောက်ခံချက်ပါမှ လိုင်စင်ပေးဖို့ ထုတ်ပြန်ထားခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်အတွင်း အပ်ထားတဲ့ ကားဟောင်းစလစ်တွေ ပါတယ် မပါဘူး ဆိုတာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားဝင် အမိန့်စာထုတ်ပြီး ကော်မတီကို တင်ပြရင်တော့ ၂ဝ၁၄ ခုနှစ်အတွင်း အပ်ထားတဲ့ ကားဟောင်းစလစ်တွေ လိုင်စင်လျှောက်ရင် ပါကင်လိုမှာ မဟုတ်ပါဘူး။ အခုထိတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားဝင်ထုတ်ပြန်စာ မပို့သေးတဲ့အတွက် ပါကင်ထောက်ခံချက် တောင်းနေရတာပါ။ တရားဝင် ထုတ်ပြန်ပေးရင်” ဟု ပြောကြားသည်။
ထို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးသို့ ၂ဝ၁၄ ခုနှစ်အတွင်း အပ်ထားခဲ့သည့် ကားဟောင်းစလစ်များအတွက် ပါကင်ထောက်ခံချက် လိုမလို အမိန့်ထုတ်ပြန်ရန် ရှိမရှိ မေးမြန်းရာ ၂ဝ၁၅ ခုနှစ်မှ စတင်မည့် သတ်မှတ်ချက်ဖြစ်သည့်အတွက် ယေဘုယျအားဖြင့် ၂ဝ၁၄ ခုနှစ်အတွင်း အပ်ထားသော စလစ်များ မပါကြောင်း၊ သို့သော် ၎င်းအနေဖြင့်လည်း အတိအကျ မပြောနိုင်ကြောင်း၊ အသေးစိတ်သိလိုလျှင် ခရိုင်၊ မြို့နယ်များရှိ စိစစ်ရေးကော်မတီများသို့ မေးမြန်းဆောင်ရွက်ပါဟုသာ ပြန်လည်ပြောကြားသည်။
စီးကူးရုံးကို သွားပြောတယ် ကျွန်တော်တို့ ညှိနှိုင်းပေးမယ် ပြောတယ်၊ ညှိနှိုင်းပေးပြီးသွားပြီ ၂ဝ၁၄ အပ် ကားစလစ်တွေအတွက် ပါကင်မလိုတော့ဘူးလို့ ပြောတယ်။ မလိုတော့ဘူးဆိုလို့ ထပ်လျှောက်တယ်။ အဲဒီအခါကျတော့ ပါကင်ပြမှရမယ် ဖြစ်သွားပြန်ရော။ ကျွန်တော်တို့ဆီကို တရားဝင် အမိန့်စာ မရသေးလို့ ပါကင်ထောက်ခံချက်ပေးမှ လိုင်စင်ရမယ်လို့ ပြောလိုက်တယ်။ အဲ့ဒီတော့ ကျွန်တော့်သူငယ်ချင်းက ကားဟောင်းလည်း အပ်လိုက်မိလို့ သံရည်ကျိုခံလိုက်ရပြီ မရှိတော့ဘူး။ အပ်ထားတဲ့စလစ်ကလည်း ပါကင်မပြနိုင်လို့ ဘာမှ လုပ်မရတော့ဘူး။ ဒီတော့ ကားဟောင်းလည်းဆုံး စလစ်ကလည်း စက္ကူစုတ် ဖြစ် . . . . .
ပြောကြားချက်များကို ကြည့်ပါက ၂ဝ၁၄ ခုနှစ်အတွင်း အပ်ထားသည့် ကားဟောင်းစလစ်များအတွက် ပါကင်ထောက်ခံချက် လိုမလို ဆိုသည်ကို မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှုကော်မတီမှလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်မှသာ အတည်ဖြစ်မည်၊ အဓိက ထုတ်ပြန်ပေးရမည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ယနေ့အထိ တိကျစွာ မပြောနိုင်ဟူသည့်သဘော သက်ရောက်နေပြီး တိကျသည့် အဖြေပေးနိုင်မှု မရှိသည့် အခြေအနေ ဖြစ်နေသည်။
ပြည်တွင်းထုတ် ကားဂျာနယ်တစ်ခုမှလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၂ဝ၁၄ ခုနှစ်အတွင်း အပ်နှံထားသော ကားဟောင်းစလစ်ဖြင့် တင်သွင်းမည်ဆိုလျှင် ကားပါကင်ထောက်ခံချက် မလိုကြောင်း သတင်းဖော်ပြခဲ့ပြီး ယခုလက်တွေ့ သွားရောက်လျှောက်ထားသည့် အခါတွင်မူ ကားပါကင် ထောက်ခံချက် လိုသည်ဟူ၍ တိတိကျကျ မည်သူမျှ ထုတ်ပြန်ပေးခြင်း မရှိဘဲ အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိခြင်း ဖြစ်သည်။
KL-7 ကားအရောင်းစင်တာမှ ကိုကြည်သာဟန်က “အကုန် ဒုက္ခဖြစ်ကုန်တာပေါ့။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကြည့်မြင်တိုင်မှာ နေတယ်။ သူ့မှာ ၄က အက္ခရာ လီမိတက် ကားဟောင်းလေးတစ်စီး ရှိတယ်။ ကားက ကောင်းသေးတယ်။ အဲ့ဒီ ကားဟောင်းကို ၂ဝ၁၄ ခုနှစ်အတွင်းမှာ အပ်လိုက်တယ်။ စလစ်ရထားတယ်။ ပြီးတော့ Kluger စီးမယ်ဆိုပြီး ဂျပန်ကနေ လေလံဆွဲပြီး ဝယ်လိုက်တယ်။ အခု ပါမစ်သွားလျှောက်တော့ ကားပါကင် ပြရမယ်လို့ပြောတော့ သူ အရမ်းဒုက္ခရောက်သွားတယ်။ သူက တိုက်ခန်း ၆ လွှာမှာ နေတယ်၊ အိမ်ထောင်စုစာရင်းကလည်း အဲ့မှာပဲ ပေါက်တယ်။ သွားပြီ သူ ဘယ်လိုမှ ကားပါကင်ပြစရာနေရာ မရှိတော့ဘူး။ အဲ့ဒီမှာ စီးကူးရုံးကို သွားပြောတယ် ကျွန်တော်တို့ ညှိနှိုင်းပေးမယ် ပြောတယ်၊ ညှိနှိုင်းပေးပြီးသွားပြီ ၂ဝ၁၄ အပ် ကားစလစ်တွေအတွက် ပါကင်မလိုတော့ဘူးလို့ ပြောတယ်။ မလိုတော့ဘူးဆိုလို့ ထပ်လျှောက်တယ်။ အဲဒီအခါကျတော့ ပါကင်ပြမှရမယ် ဖြစ်သွားပြန်ရော။ ကျွန်တော်တို့ဆီကို တရားဝင် အမိန့်စာ မရသေးလို့ ပါကင်ထောက်ခံချက်ပေးမှ လိုင်စင်ရမယ်လို့ ပြောလိုက်တယ်။ အဲ့ဒီတော့ ကျွန်တော့်သူငယ်ချင်းက ကားဟောင်းလည်း အပ်လိုက်မိလို့ သံရည်ကျိုခံလိုက်ရပြီ မရှိတော့ဘူး။ အပ်ထားတဲ့စလစ်ကလည်း ပါကင်မပြနိုင်လို့ ဘာမှ လုပ်မရတော့ဘူး။ ဒီတော့ ကားဟောင်းလည်းဆုံး စလစ်ကလည်း စက္ကူစုတ် ဖြစ်သွားတယ်ဆိုပြီး တော်တော်လေး စိတ်ပျက်သွားတယ်။ အဲ့ဒီလိုလူတွေ အများကြီးပဲဗျာ” ဟု ပြောကြားသည်။
Distinct Trading မှ MD ကိုထွဋ်ထိပ်က “ကားဟောင်းအပ်တဲ့ သူတွေအတွက် ပါကင်ပြရမယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ အစကတည်းကလည်း ကားဟောင်းတစ်စီးအပ် ကားသစ်ပြန်သွင်းဆိုပြီး မူချထားခဲ့တာလေ။ တစ်စီးအပ်ပြီးမှ တစ်စီးသွင်းရတဲ့ ကားဟောင်းအပေါ် ပါကင်ထောက်ခံချက် တောင်းတာကိုက လွန်လှပြီ။ ပြီးတော့ ဌာနတစ်ခုနဲ့ တစ်ခုကြား ချိတ်ဆက်မှုမရှိဘဲ ငါလည်း ငါလုပ်ချင်သလိုလုပ် မင်းလည်း မင်းလုပ်ချင်သလိုလုပ် ဆိုတာမျိုး ဖြစ်နေပြီးတော့ တိကျတဲ့ မူဝါဒ ထုတ်မပေးနိုင်တာကလည်း အများပြည်သူကို ဒုက္ခရောက်စေပါတယ်။ ဌာနဆိုင်ရာတွေဟာ အများပြည်သူ မျက်နှာကိုကြည့်ပြီး ပေါင်းစပ်ဖို့လိုရင် ပေါင်းစပ်ပြီး သူတို့ဟာသူတို့ လုပ်ပေးရမှာ။ ခုတော့ အများပြည်သူကပဲ ဟိုဟာလိုသေးတယ်၊ ဒီဟာလေးလုပ်ပေးဦး လိုက်ပြောပေးနေရတဲ့ပုံစံ ဖြစ်နေတယ်” ဟု ပြောပြခဲ့သည်။
ယင်းကဲ့သို့ သက်ဆိုင်ရာဌာနများမှ တိကျစွာ မပြောနိုင်မှုအပေါ် ကားတင်သွင်းသူ ကိုဝင်းထွဋ်က “CIF မထုတ်ဘူး ဆိုတုန်းကလည်း ကပ်ပြောလို့ ဒုက္ခတွေရောက်၊ အခုလည်း ၂ဝ၁၄ မှာအပ်တဲ့ ကားဟောင်းစလစ်အတွက် ပါကင်လိုမလို ဆိုတာကိုလည်း ဌာနဆိုင်ရာတွေက တစ်ခုနဲ့တစ်ခု မပေါင်းဘဲ တစ်ဖက်နဲ့တစ်ဖက် ပုတ်လွှတ်နေတယ်။ သူတို့ကပုတ်လွှတ် ကျန်တာကို ပြည်သူခံဆိုတဲ့ သဘော ဖြစ်နေတယ်။ တကယ်ထုတ်ပြန်ပေးဖို့ လိုတယ်ဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကရော ဘာကြောင့် တိကျအောင် မထုတ်ပြန်ပေးတာလဲ။ ဘာအတွက်လဲလို့ မေးရတော့မှာပဲ” ဟု ပြောပြခဲ့သည်။
- eleven
No comments:
Post a Comment